ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က တုံ့ပြန်မှုမရှိခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က တုံ့ပြန်မှုမရှိခဲ့
Published 5 December 2020
Ref: Asia Nikkei

နိုဝင်ဘာလက ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲများ ဆောလျင်စွာပြုလုပ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ယိုဟဲဆာဆာကာဝါက တိုက်တွန်းခဲ့သော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့က ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိခဲ့ကြောင်း ဂျပန်သတင်းစာဖြစ်သည့် Asia Nikkei ၏ ဖော်ပြချက်အရ သိရသည်။

“ ရခိုင်မှာ ရွေးကောက်ပွဲတွေကျင်းပတာဟာ လက်နက်ကိုင်တွေနဲ့ ထာဝရ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အဓိကကျတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ၏အမျိုးသား ရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန် ဆာဆာကာဝါက ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သော်လည်း လူမျိုးစုလက်နက်ကိုင်များနှင့် တပ်မတော်ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းမရှိပေ။ ဂျပန်၏တိုက်တွန်းချက်ကြောင့် လက်ရှိတွင် ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိထားသည်။

အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည့် Nippon Foundation ဥက္ကဌ ဆာဆာကာဝါသည် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်တွင် ကြားဖြတ်ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပနိုင်ခြင်းမရှိလျှင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်းနှင့် ပရမ်းပတာ အခြေအနေများသို့ ကျရောက်သွားလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းအကြောင်းအရာကို တုံ့ပြန်ရာတွင် တစ်စုံတစ်ရာ တိကျသည့် မှတ်ချက်ပေးခဲ့ခြင်းမရှိဟု ဆာဆာကာဝါက ပြောကြားခဲ့သည်။

ဆာဆာကာဝါသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့်လည်း ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ ဆောလျင်စွာပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ဦးလှသိန်းက ရှင်းလင်းတိကျသည့် ရပ်တည်ချက်ကို မပြခဲ့ကြောင်း ဆာဆာကာဝါက ပြောကြားခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ပြင်းထန်သည့် တိုက်ပွဲဆင်နွှဲခဲ့သည်။ ယင်းလက်နက်ကိုင်အဖွဲ့သည် တရုတ်နယ်စပ်နှင့် နီးကပ်သည့် နေရာဒေသတွင် ထူထောင်ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသည်ဟု ယူဆခံထားရသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း အမတ်နေရာ ၆၆၄ နေရာ ရှိသည့်အနက် ရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၆ ခုရှိ ရွေးကောက်ပွဲများကို ဖျက်သိမ်းခဲ့သည်။ လူပေါင်း ပျမ်းမျှ ၁.၂ သန်း သို့မဟုတ် မဲပေးသူများ၏ ရာခိုင်နှုန်း ၇၀ သည် မဲပေးခွင့်ဆုံးရှုံးခဲ့ကြသည်။

ဆာဆာကာဝါသည် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲစောင့်ကြည့်ရေး မစ်ရှင်အဖွဲ့ခေါင်းဆောင်အဖြစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် သူသည် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ နှစ်ရပ်စလုံးနှင့် အဆက်အသွယ်ရှိမှုကို အသုံးပြုလျက် နောက်ကွယ်မှ ညှိနှိုင်းပေးရန် ကြိုးပမ်းခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် AA လက်နက်ကိုင်အဖွဲ့က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး “ ပြည်သူများ ၎င်းတို့၏အခွင့်အရေးကို မဆုံးရှုံးစေရန်အတွက် ၎င်းမဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် ရိုးသားစွာ ဆန္ဒရှိကြောင်း” ပြောကြားခဲ့သည်။

“AA အဖွဲ့၏အဆိုပြုချက်ကို ကြိုဆိုကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲများကျင်းပရန် တတ်နိုင်သမျှ ပူးပေါင်းညှိနှိုင်းပေးရန် အာမခံကြောင်း” မြန်မာ့တပ်မတော်ကလည်း ယင်းနေ့မှာပင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ်ရှိ ယင်းဒေသများသို့ ဆာဆာကာဝါ သွားရောက်ခဲ့သည်။ ဒေသခံပြည်သူများက ၎င်းတို့အနေဖြင့် သီးခြားဖယ်ထုတ်ခံရမည်ကို စိုးရိမ်ကြောင်းနှင့် ရွေးကောက်ပွဲများကို အလျင်အမြန် ကျင်းပပေးရန် လိုလားကြောင်း ပြောကြားခဲ့ကြသည်ဟု ဆာဆာကာဝါက ဆိုသည်။

AA လက်နက်ကိုင်အဖွဲ့၏ ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ချက်အရ ၎င်းတို့သည် မြန်မာ့တပ်မတော်နှင့် ဆွေးနွေးမှုညှိနှိုင်းမှုများ စတင်ခဲ့ကြောင်း၊ ယင်းဆွေးနွေးမှုများတွင် နိုဝင်ဘာလကုန်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် အစည်းအဝေးလည်း အပါအဝင်ဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ မင်းဇော်ဦးကမူ ဂျပန်နိုင်ငံသည် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း Nikkei သတင်းစာသို့ အီးမေးလ်ပေးပို့ပြီး ပြောကြားခဲ့သည်။

“ အစိုးရနဲ့ လက်နက်ကိုင်တွေဟာ ဂျပန်နဲ့အတူ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နေပုံပေါ်ပါတယ်” ဟု မင်းဇော်ဦးက ပြောကြားခဲ့သော်လည်း မြေပြင်တွင် ဖြစ်ပျက်နေသည့်အခြေအနေများသည် ကျိုးပျက်လွယ်သည့် အနေအထားတွင်ရှိနေသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပိုမိုကြီးကျယ်ခမ်းနားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်အတွက် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ခန့် ရှိနေသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ယုံကြည်မှုတည်ဆောက်နေချိန်တွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ ပြုလုပ်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်က အဓိကကျသည့်အချက် ဖြစ်လာလိမ့်မည်ဟု ဆာဆာကာဝါက ပြောကြားခဲ့သည်။

မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ခြင်းမရှိသည့် ရှမ်းပြည်နယ်အတွက်လည်း ယင်းမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ဂျပန်က တိုက်တွန်းသွားရန် အစီအစဉ်ရှိကြောင်း ဆာဆာကာဝါက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့တတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောသွားမှာပါ။ ပြီးတော့ သူတို့ကို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တိုက်တွန်းအားပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အလွန်ရန်လိုသည့် ပြည်ပအဖွဲ့အစည်းများ၏ ရပ်တည်ချက်ကိုလည်း သတိထားရမည်ဖြစ်ကြောင်း ဆာဆာကာဝါက ပြောကြားခဲ့သည်။

“ တကယ်လို့ ပြည်ပနိုင်ငံသားတွေက သူတို့ရဲ့ ထင်မြင်ချက်တွေကို အရမ်းပြောနေမယ်ဆိုရင် ဒီပဋိပက္ခဟာ ပိုမိုရှုပ်ထွေးလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာနိုင်ငံသားတွေနဲ့ပဲ ဖြေရှင်းသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက နှစ်ဘက်စလုံးကို ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြားဝင်စေ့စပ်ပေးတာပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ လုပ်ဆောင်နေသလို ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေအဖြစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ စားနပ်ရိက္ခာအထောက်အပံ့တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေ ဆောက်လုပ်မှုတွေကို ကျွန်တော်တို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းမယ့် နည်းလမ်းသစ်ကို ကျွန်တော်တို့ ထူထောင်သွားချင်ပါတယ်” ဟု ဆာဆာကာဝါက ပြောကြားခဲ့သည်။

Nippon Foundation ကို မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်ကတည်းက စတင်ထူထောင်ခဲ့သည်။ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းသည့် ၂၀၁၂ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးခဲ့သည်။ ဆာဆာကာဝါသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

Most Read

Most Recent