ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး နေပြည်တော်၌ ပြုလုပ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး နေပြည်တော်၌ ပြုလုပ်
ဒီဇင်ဘာ ၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအဝေးအား တွေ့ရစဉ် Photo- NRPC
ဒီဇင်ဘာ ၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအဝေးအား တွေ့ရစဉ် Photo- NRPC
Published 3 December 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်ခဲ့ကြောင်း NRPC က သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော် မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် တက်ရောက်လာကြသူများက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင် ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

“ငြိမ်းချမ်းရေလုပ်ငန်းစဉ်က ပိုပြီးကောင်းလာမယ့်အနေအထားရှိတယ်။ ဒီနေ့ဆွေးနွေးပွဲကလည်း အပြုသဘောဆောင်ပြီး ကောင်းပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ဒုတိယနေ့ကို ယနေ့ (ဒီဇင်ဘာ ၄ ရက်) တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်သည့် ယခုတွေ့ဆုံဆွေးနွေးမှုအပြီးတွင် NCA- SEAO အစုအဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံဆွေးနွေးရန်ရှိ သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် NCA- SEAO တွင် ဆွေးနွေးရေးအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာလ ကုန်ပိုင်းတွင် The Daily သတင်းစာ ကို ပြောကြားထားသည်။

“သူတို့ပြီးရင် ကျွန်တော်တို့ကိုပါ ခေါ်မယ်လို့ ပြောတယ်။ အဲဒါ ပြင်ဆင်ထားတဲ့ သဘောပေါ့။ သို့သော် ဘာထွက်လာလို့ ဘာဆွေးနွေးမလဲတော့ မသိသေးဘူး။ တပ်မတော်ကတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငါးဦးအဖွဲ့ကို ဖွဲ့ပေးလိုက်တော့ အဲဒီအဖွဲ့ကလည်း တော်တော်အလုပ်လုပ်နေပြီလို့ ကြားတယ်လေ။ အဲဒါကြောင့်ပါ။ ကျွန်တော်တို့ကတော့ ထွက်လာတဲ့အပေါ်မှာမူတည်ပြီး ညှိတဲ့အပေါ်မှာပဲ ပူးပေါင်းဆောင်ရွက်ရမှာပေါ့ဗျာ။ ဘာဆွေးနွေးမယ်ဆိုတာတော့ အချက်အလက်တော့ မသိရသေးဘူးပေါ့။ သို့သော်လည်း မူအရကတော့ မူလက ရထားတဲ့ဟာတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ကွင်းဆက်မပြတ်အောင်ထိန်းထားတဲ့ သဘောပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အစိုးရ၊ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ဆွေးနွေးမည့်အဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ဦးဆောင်မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် NCA- SEAO UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်သည့် PNLO ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းနှင့် အခြားသော NCA- SEAO ငါးဖွဲ့မှ အဖွဲ့ဝင်တစ်ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

Most Read

Most Recent