ထိုင်ဝမ်တွင် F16 တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်းမှုအတွင်း တိုက်လေယာဉ်တစ်စင်း ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ထိုလေယာဉ်ကို ကယ်ဆယ်ရေးသမားများက ရှာဖွေမှုလုပ်ဆောင်နေစဉ် ဘေးကင်းလုံခြုံမှုကို စစ်ဆေးရန်အတွက် ကျန် F16 တိုက်လေယာဉ်များကို ပျံတက်ခွင့်မပေးတော့ကြောင်း ထိုင်ဝမ်အာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်အရွယ် လေယာဉ်မှူးမောင်းနှင်သွားသော တစ်ယောက်စီး F16 တိုက်လေယာဉ်သည် နိုဝင်ဘာ ၁၇ ရက်ညတွင် ထိုင်ဝမ်အရှေ့ပိုင်းရှိ Hualien လေတပ် အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာပြီး နှစ်မိနစ်အကြာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ (မီတာ ၁၈၀၀) ခန့်တွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း ထိုင်ဝမ်လေတပ်က ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်သည် မိမိတို့၏ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ လုံခြုံရေး စစ်ဆေးရန်အတွက် F16 တိုက်လေယာဉ်များအားလုံးကို ထိုင်ဝမ်လေတပ်က ဆင်းသက်ခိုင်းခဲ့ကြောင်းနှင့် F16 တိုက်လေယာဉ် ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ထိုင်ဝမ်သမ္မတဆန်အင်းဝမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုများ လုပ်ဆောင်စဉ်အတွင်း F5E တိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲသို့ ပျက်ကျခဲ့ကာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် သီတင်းသုံးပတ်ပင် မပြည့်သေးသည့် အချိန်တွင် ယခုဖြစ်ရပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်သည် တရုတ်၏ ထပ်တလဲလဲ ကျူးကျော်ခြိမ်းခြောက်မှုအောက်တွင် နေနေရပြီး မကြာသေးမီလများအတွင်း ထိုင်ဝမ်ဝေဟင်ပိုင်နက်တွင်းသို့ တရုတ်တိုက်လေယာဉ်များ အကြိမ်ကြိမ် ပျံသန်းဝင်ရောက်ခဲ့ခြင်းကြောင့် တရုတ်တိုက်လေယာဉ်များကို နှင်ထုတ်ရန် ထိုင်ဝမ်က ၎င်း၏တိုက်လေယာဉ်များကို ပျံသန်းခိုင်းခဲ့ရသည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်းပိုင်ဆိုင်သည့် နယ်မြေဒေသအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ သိမ်းယူမည်ဟုလည်း ကတိပြုထားသည်။
ထိုင်ဝမ်၏ တိုက်လေယာဉ်တပ်စုသည် သက်တမ်းရင့် တိုက်လေယာဉ်များဖြစ်ပြီး တရုတ်၏ တိုက်လေယာဉ်တပ်စုနှင့်ယှဉ်ပါက အပြတ်အသတ် အင်အားနည်းနေသည်။ ထိုင်ဝမ်၏ တိုက်လေယာဉ်စုတွင် F16 တိုက်လေယာဉ်များကို ဖယ်ချန်ပါက ပြည်တွင်းထုတ် ကာကွယ်ရေးတိုက်လေယာဉ်၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပြင်သစ်ထုတ် Mirage တိုက်လေယာဉ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ထုတ်လုပ်ခဲ့သော F5E တိုက်လေယာဉ်များ ပါဝင်ကြောင်း သိရသည်။
၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သည် အမေရိကန်ထံမှ ဝယ်ယူထားသော တိုက်လေယာဉ်များကို ရရှိခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်၌ င်္16 တိုက်လေယာဉ်ပျက်ကျမှုများအပါအဝင် အခြားသောလေယာဉ်ပျက်ကျမှုဖြစ်ရပ် ခုနစ်ကြိမ်ဖြစ်ပွားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိကန်အစိုးရအဖွဲ့သည် ထိုင်ဝမ်ထံမျိုးဆက်သစ် င်္16 တိုက်လေယာဉ် ၆၆ စင်းနှင့်အဆင့်မြင့်ဒုံးစနစ်များ အပါအဝင် ဒေါ်လာ ၁၈ ဘီလျံတန်ဖိုးရှိသည့် လက်နက်ရောင်းချမှုကို ခွင့်ပြုချက်ပေးခဲ့ပြီး ထိုလက်နက်ရောင်းချမှုသည် တရုတ်ကို ဒေါသထွက်စေခဲ့သည်။
ထိုင်ဝမ်သည် ၎င်း၏ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်၏ကျုးကျော်ဝင်ရောက်မှု မြင့်တက်လာခြင်းကို ဟန့်တားရန်အတွက် တိုက်ခိုက်ရေးယာဉ်အရေအတွက်ကို နှစ်ဆမြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။















