ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ကလပ်အသင်း ၁၉ သင်းမှ ကစားသမား ၁၀၄ ဦး COVID-19 ရောဂါ Positive တွေ့ရှိထား

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ကလပ်အသင်း ၁၉ သင်းမှ ကစားသမား ၁၀၄ ဦး COVID-19 ရောဂါ Positive တွေ့ရှိထား
Photos : Getty Images
Photos : Getty Images
Published 15 November 2020

ယခုရာသီ စီးရီးအေပြိုင်ပွဲယှဉ် ပြိုင်နေသည့် ကလပ်အသင်း ၂၀ အနက် ၁၉ သင်းမှ ကစားသမား ၁၀၄ ဦး COVID-19 ရောဂါ Positive တွေ့ရှိထားကြောင်း သိရသည်။

ဥရောပနိုင်ငံများတွင် COVID-19 ရောဂါ ဒုတိယလှိုင်းစတင်နေပြီဖြစ်ပြီး အီတလီနိုင်ငံမှာလည်း ကမ္ဘာတစ်ဝန်း အတည်ပြုလူနာတွေ့ရှိမှုအများဆုံးစာရင်းတွင် ၁ ဒသမ ၁ သန်းကျော်ဖြင့် အဆင့် ၁၀ နေရာ၌ ရပ်တည်လျက်ရှိသည်။ Football Italia သတင်းဌာန၏ ဖော်ပြမှုအရ စီးရီးအေကလပ်အသင်း ၂၀ အနက် ၁၉ သင်းမှ ကစားသမား ၁၀၄ ဦး COVID-19 ရောဂါ Positive တွေ့ရှိထားပြီး ယင်းစာရင်းတွင် နည်းပြများနှင့် ဝန်ထမ်းများမပါဝင်ကြောင်း သိရသည်။

စီးရီးအေကစား သမားများအနက် Positive နောက်ဆုံးတွေ့ရှိထားသူမှာ အင်တာမီလန်အသင်း၏ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ဘရိုဇိုဗစ်ဖြစ်ပြီး ဆွီဒင်အသင်းနှင့် UEFA Nations League ပွဲစဉ်မတိုင်မီ စစ်ဆေးစဉ် Positive တွေ့ရှိခြင်းဖြစ်ကြောင်း ခရို အေးရှားဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။ ဘရိုဇိုဗစ်၏ ခရိုအေးရှားအသင်းဖော် နောက်ခံလူ ဗီဒါသည် တူရကီအသင်းနှင့် ခြေစမ်းပွဲကစားမည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက စစ်ဆေးရာ Positive ဖြစ်နိုင်ခြေရှိသည့်ရလဒ် ထွက်ပေါ်ခဲ့သော်လည်း ယင်းပွဲတွင် ပထမပိုင်းပါဝင်ကစား ခဲ့ပြီး ထပ်မံစစ်ဆေးသည့်ရလဒ်မှာ Positive ဖြစ်နေသောကြောင့် လူစားလဲခဲ့ရသည်။ 

ဗီဒါတွင် Positive တွေ့ရှိပြီးနောက် ဘရိုဇိုဗစ်နှင့် ဝန်ထမ်းတစ်ဦးပါ Positive ထပ်မံတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ ဘရိုဇိုဗစ်သည် Positive တွေ့ရှိပြီးနောက် မနေ့က သီးသန့်လေယာဉ်ဖြင့် အီတလီသို့ ပြန်သွားပြီး သတ်မှတ်စည်းမျဉ်းအတိုင်း သီးသန့်ခွဲ၍ နေထိုင်ရမည်ဖြစ်သည်။

Positive တွေ့ရှိမှု အများဆုံးကလပ်မှာ တန်းဆင်းဇုန်အတွင်း အဆင့် ၁၈ နေရာ ရောက်ရှိနေသည့် ဂျီနိုအာအသင်းဖြစ်ပြီး ကစားသမား ၁၈ ဦးအထိ တွေ့ရှိထားသည်။ ဂျီနိုအာအသင်း၏နောက်တွင် ပါးမား အသင်းက ၁၂ ဦး၊ ရိုးမားအသင်းက ၁၁ ဦး၊ ဆမ်ဒိုးရီးယားအသင်းက ရှစ်ဦး၊ ဖီအိုရင်တီးနား၊ အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့က ခုနစ်ဦးစီ၊ လာဇီယိုနှင့် ဆာဆူအိုလို အသင်းက ခြောက်ဦးစီ၊ ဂျူဗင်တပ်စ်၊ စပီဇီယာနှင့် တိုရီနိုအသင်းတို့က ငါးဦးစီ၊ အတ္တလန္တာ၊ ဘိုလော့ဂ်နာ နှင့် ကာဂလီယာရီအသင်းတို့က လေးဦးစီ၊ ဘင်နီဗန်တို၊ နာပိုလီနှင့်  ဗီရိုနာအသင်းတို့က သုံးဦးစီ၊ ခရို တိုနီအသင်းက နှစ်ဦး စသည်ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ Positive အတည်ပြုလူနာ တွေ့ရှိမှု လုံးဝမရှိသေးသည့်ကလပ်မှာ တစ်သင်းတည်းကျန်ရှိပြီး တန်းဆင်းဇုန်အတွင်း အဆင့် ၁၉ နေရာမှ အူဒီးနီးစ်အသင်းဖြစ်ကြောင်း သိရသည်။

ကစားသမားများတွင် Positive တွေ့ရှိမှု များလာသောကြောင့် စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိပြီး နာပိုလီအသင်းက ဂျူဗင်တပ်စ်အသင်းနှင့်ကစားမည့် ပွဲစဉ် (၃) မတိုင်မီ ကစားသမားနှစ်ဦး Positive တွေ့ရှိသဖြင့် သွားရောက်ယှဉ် ပြိုင်ခြင်းမပြုရန် ဒေသကျန်းမာရေး အာဏာပိုင်အဖွဲ့က တားမြစ်သောကြောင့် (၃-၀) ဂိုးရလဒ်ဖြင့် အရှုံးပေးခဲ့ရသည်။ ထို့ပြင် ယခုနိုင်ငံတကာ ရက်သတ္တပတ်ကာလတွင် စီးရီးအေကလပ်ခြောက်သင်းအား လက်ရွေးစင်အသင်းများသို့ ကစားသမားစေလွှတ်ခြင်းမပြုရန် ကျန်းမာရေးအာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ကစားသမားအချို့ သွားရောက်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

Most Read

Most Recent