လက်စတာ၊ အတ္တလန်တာတို့နှင့်ပွဲစဉ်များကို ဆာလာလွဲချော်ဖွယ်ရှိ

လက်စတာ၊ အတ္တလန်တာတို့နှင့်ပွဲစဉ်များကို ဆာလာလွဲချော်ဖွယ်ရှိ
Photos: Getty Images,AFP
Photos: Getty Images,AFP
Published 14 November 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာသည် လာမည့်ရက်သတ္တပတ်အတွင်းယှဉ်ပြိုင်ကစားမည့် လက်စတာ၊ အတ္တလန်တာတို့နှင့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိကြောင်းသိရသည်။

အသက် (၂၈ )နှစ်အရွယ်ရှိ ဆာလာသည် နိုင်ငံတကာပွဲစဉ်များယှဉ်ပြိုင်ရန် အီဂျစ်အသင်းနှင့်သွားရောက်ပူးပေါင်းစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ် (EFA)က နိုဝင်ဘာ (၁၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်တွင် ဆာလာအနေဖြင့် တစ်ဦးတည်းသီးခြားနေထိုင်ကုသမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထို့ကြောင့်ဆာလာအနေဖြင့် တိုဂိုအသင်းနှင့်ယှဉ်ပြိုင်ကစားမည့် အီဂျစ်အသင်း၏ ၂၀၂၁ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲစဉ်ကိုလွဲချော်ခဲ့သလို ကလပ်အသင်းဖြစ်သည့် လီဗာပူးလ်အသင်း၏ ပွဲစဉ် (၂)ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။

ဆာလာအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသောကြာင့် တစ်ဦးချင်းသီးခြားကုသမှုများကို အနည်းဆုံးရက်သတ္တပတ် (၂)ပတ်ပြုလုပ်ရဖွယ်ရှိနေရာ နိုဝင်ဘာ (၂၂)ရက်နေ့တွင်ယှဉ်ပြိုင်မည့် လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၊ နိုဝင်ဘာ (၂၅)ရက်နေ့တွင်ယှဉ်ပြိုင်မည့် အတ္တလန်တာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အသင်း၏အဓိက ကစားသမားများ ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည့် လီဗာပူးလ်အသင်းအတွက် ဆာလာ၏ လက်ရှိသတင်းမှာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကလော့ပ်အနေဖြင့် လာမည့်ပွဲစဉ်များတွင် အပြောင်းအလဲများနှင့်အတူ ဖိအားများနှင့်ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၈)ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၁၃)ပွဲကစားရာ၌ (၁၀)ဂိုးသွင်းယူပေးထားသူဖြစ်သည်။

Most Read

Most Recent