အဲဗာတန်နည်းပြ အန်ဆယ်လော့တီက မန်ယူအသင်းနှင့် ကစားရသည့်ပွဲတိုင်းမှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အိမ်ကွင်းနိုင်ပွဲမရသေးသလို (၆)ပွဲကစားအပြီးတွင် (၂)ပွဲသာ အနိုင်ရ ကာ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၁၅) နေရာအထိ ရောက်ရှိနေပြီး အသင်းနည်းပြ ဆိုးလ်ရှား၏အနာဂတ်မှာလည်း လှုပ်ခတ်နေသည်။
သို့သော် အန်ဆယ်လော့တီက မန်ယူအသင်းမှာ အတွေ့အကြုံနှင့် စွမ်းရည်ပြည့်ဝသည့်အသင်းဖြစ်ပြီး ၎င်းတို့အတွက် ခက်ခဲသည့်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
အန်ဆယ်လော့တီက "မန်ယူအသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ မန်ယူအသင်းဟာ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး သူတို့နဲ့ ကစားရတဲ့ပွဲတိုင်းက ခက်ခဲပါတယ်။ ဒီရာသီမှာ ရုန်းကန်နေရပေမဲ့ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ကို အခက်တွေ့စေမှာ သေချာပါတယ်။ သူတို့ဟာ ဒီနေ့ကစားမဲ့ပွဲမှာ ပြီးခဲ့တဲ့ (၂)ပွဲဆက် အရှုံးကို ချေဖျက်နိုင်ဖို့ ကြိုးစားလာမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သတိထားရမှာပါ"ဟု ပြောကြားခဲ့သည်။
အဲဗာတန်အသင်းသည် ယနေ့(နိုဝင်ဘာ ၇ ရက်)တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၈) အဖြစ် မန်ယူအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အသင်း၏အဓိကကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်းလည်း အန်ဆယ်လော့တီက ပြောကြားခဲ့သည်။















