စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့် ကျပ် ၁၃၃၅၅၀၀ အထိ ခုန်တက်သွားသည့် ပြည်တွင်းရွှေစျေးဂယက်

စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့် ကျပ် ၁၃၃၅၅၀၀ အထိ ခုန်တက်သွားသည့် ပြည်တွင်းရွှေစျေးဂယက်
ရန်ကုန်မြို့လယ်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်တွင် ဝယ်ယူနေသူများကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်တွင် ဝယ်ယူနေသူများကို တွေ့ရစဉ်
Published 9 August 2020
စည်သူအောင်

ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၇ ရက်တွင် ၂၀၇၅ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ် ၁၃၃၅၅၀၀ အထိ စံချိန်သစ်ထပ်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ် စံချိန်သစ်တင်ခဲ့သော ရွှေစျေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင်လည်း ရိုးရာမပျက် ငါးနှစ်မြောက် စံချိန်သစ်စျေးနှုန်းများ ဖြစ်ပေါ်လာပြန်သည်။ 

အခြားနှစ်များထက် ပိုထူးခြားချက်မှာ ကမ္ဘာ့ရွှေစျေး အကြိမ်ကြိမ် စံချိန်ချိုးမှုနှင့်အတူ ပြည်တွင်းရွှေစျေး စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း စျေးတန်းသုံးကြိမ် မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၁၃၀၀၀၀၀ တန်းကို ကျော်လွန်ခဲ့ပြီး ယခု အဆိုပါစျေးတန်းကို ကျော်လွန်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်း၊ ကျပ် ၁၂၀၀၀၀၀ တန်း၊ ကျပ် ၁၃၀၀၀၀၀ တန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၃၃၅၅၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၄၀၀၀၀၀ တန်းကို မျှော်ကြည့်လာပြီဖြစ်သည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က “ ကမ္ဘာ့ရွှေစျေး အလှုပ်အခတ်ဖြစ်လို့၊ ကမ္ဘာ့ရွှေစျေးမြင့်တက်လာလို့ ပြည်တွင်းရွှေစျေး မြင့်တက်တာဖြစ်ပါတယ်။ စျေးအနေနဲ့ကတော့ ကမ္ဘာ့ရွှေစျေးထက် ပြည်တွင်းရွှေစျေးက နိမ့်ပါတယ်။ ကမ္ဘာ့ရွှေစျေးအတိုင်း ဒီမှာ လိုက်တက်ရင် အခုတောင် ၁၄၀၀၀၀၀ ကျော်နေလောက်ပြီ။ လက်ရှိစျေးကွက်ကတော့ အရောင်းအဝယ်က မျှပါတယ်။ ရောင်းချင်တဲ့ လူကလည်း ရောင်းပေါ့၊ ဒီစျေးတန်းကို ကြိုက်တဲ့၊ ဝယ်ချင်တဲ့သူကလည်း ဝယ်ပါတယ်။ စျေးကတော့ အတက်အကျရှိတာပေါ့၊ တက်ပြီးရင် ကျမယ်၊ ကျပြီးရင် တက်မှာဖြစ်ပါတယ်။ အခုလည်း စျေးတန်းတစ်ခုအနေနဲ့ တက်ပြီးရင် ပြန်ကျလာမှာပဲဖြစ်ပါတယ်။ အခုကတော့ ကမ္ဘာ့စျေးတက်ရင် ပြည်တွင်းရွှေစျေးလိုက်တက်ပြီး ကမ္ဘာ့ရွှေစျေးပြန်ကျလာရင် ပြည်တွင်းရွှေစျေး ပြန်ကျလာမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရွှေသည် ကမ္ဘာတွင် လူသုံးအများဆုံး၊ လူကြိုက်အများဆုံး အဖိုးတန်သတ္တုတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်၌ ငွေကြေးအဖြစ် အသုံးပြုခဲ့သော သတ္တုတစ်မျိုးဖြစ်သည်။ ယခုအချိန်အထိလည်း နိုင်ငံတော်တော်များများတွင် ၎င်းတို့၏ငွေကြေးကို ရွှေနှင့် ချိတ်ဆက်တွက်ချက်ထားသည်။ မြန်မာနိုင်ငံတွင်လည်း ရွှေကို အမြတ်တနိုး တန်ဖိုးထားကြပြီး လက်ဝတ်ရတနာအဖြစ်ရော၊ စုဆောင်းမှုအဖြစ်ပါ အသုံးပြုကြနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေအမြောက်အမြား ထွက်ရှိသော်လည်း ဝယ်လိုအားများပြားခြင်းကြောင့် ပြည်ပကလည်း မှောင်ခိုပြန်သွင်းမှုများလည်း ရှိသည်။ ထို့ပြင် မြန်မာသည် တရုတ်နှင့် အိန္ဒိယကြားတွင်ရှိသော နိုင်ငံတစ်ခုဖြစ်ရာ အိန္ဒိယသည် ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံဖြစ်ပြီး ယင်းနှစ်နိုင်ငံကြား မြန်မာနိုင်ငံက ပွဲစားစျေးကွက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် မြန်မာ့ရွှေစျေးနှုန်းက မှန်းဆရခက်သည်။ လက်ရှိအချိန်သည် မိုးတွင်းကာလဖြစ်ခြင်းကြောင့် မြစ်ချောင်းဘေးများရှိ တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်အများစု အလုပ်ပိတ်သိမ်းသည့် အချိန်လည်း ဖြစ်သကဲ့သို့ စျေးကွက်အတွင်း ရွှေဝင်ရောက်မှု အနည်းငယ် လျော့နည်းနေချိန်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွှေစျေးနှုန်းအပေါ် သက်ရောက်မှုရှိနေသော အချက်များစွာရှိပြီး အဓိကအားဖြင့် မြန်မာ့ရွှေစျေးနှုန်းသည် ကမ္ဘာ့ရွှေစျေးနှုန်း၊ ပြည်တွင်းငွေလဲနှုန်း၊ စျေးကွက်အတွင်း ရွှေတည်ရှိမှုပမာဏ၊ ပြည်တွင်းသုံး ကျပ်ငွေလည်ပတ်မှု အနေအထား၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုထိစပ်နေသော နယ်စပ်ဒေသများနှင့် ငွေလဲနှုန်းထားများ (ဥပမာ ယွမ်၊ ဘတ်)၊ ပြည်တွင်းရွှေ ဝယ်ရောင်းလုပ်သူများ၏ အခြေအနေ၊ ပြည်တွင်းတွင် ပြောင်းလဲနေသော သတင်းအချက်အလက်များနှင့် ကောလာဟလများ စသည်တို့အပေါ် အခြေခံပြီး ပြောင်းလဲနေခြင်း ဖြစ်သည်။ အဆိုပါအချက်များအနက် ကမ္ဘာ့ရွှေစျေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းက ပြည်တွင်းရွှေစျေးကွက်တွင် သက်ရောက်မှုအများဆုံး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က “ကမ္ဘာ့ရွှေစျေးတက်လို့ ပြည်တွင်းရွှေက လိုက်တက်တာပေါ့။ ဒါပေမဲ့  ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးနဲ့ယှဉ်ရင် နိမ့်နေတယ်။ ကျပ် ၁၆၀၀၀၀ လောက် ကွာနေတယ်။ ဒါကလည်း COVID-19 ရဲ့ စျေးကွက်အပေါ် သက်ရောက်မှုပေ့ါ။ ရောင်းသူများနေပြီး ဝယ်သူနည်းပါတယ်။ ပြောရမယ်ဆို ၁၀ သား ရောင်းပြီး ငါးကျပ်သား အဝယ်ပဲရှိတယ်။ အရောင်းနဲ့ အဝယ်ပမာဏက ထက်ဝက်လောက် ကွာနေတယ်။ တချို့လည်း ကမ္ဘာ့ စျေးထက် ပြည်တွင်းရွှေက နိမ့်တာ ကြိုက်တဲ့သူတွေလည်း ဝယ်ကြတာပေါ့။ ဒါပေမဲ့ သာမန်လက်လုပ်လတ်စားနဲ့ ဝန်ထမ်းတွေ၊ လူလတ်တန်းစားတွေကတော့ လက်ရှိစီးပွားရေး အနေအထားအရ ထုတ်ရောင်းကြတာများတဲ့အတွက် အရောင်းပမာဏများပါတယ်” ဟု ပြောကြားသည်။

ပြည်တွင်း ရွှေစျေးမြင့်လာပြီဆိုလျှင် က မ္ဘာ့ရွှေစျေးမြင့်တက်ခြင်း သို့မဟုတ် ဒေါ်လာစျေးမြင့်တက်ခြင်း သို့မဟုတ် ကမ္ဘာ့ရွှေစျေးရော ဒေါ်လာစျေးပါ မြင့်တက်ခြင်းကြောင့်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမကျင်းမီ မဲဆွယ်ကာလကတည်းက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေပြောင်းလဲမှုပေါ် မူတည်ပြီး ကမ္ဘာ့ရွှေစျေးနှင့် အမေရိကန်ဒေါ်လာစျေးနှုန်းများ ဆက်တိုက်လှုပ်ခတ်နေခြင်းဖြစ်သည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စ၍  ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ စံချိန်တင်စျေးနှုန်းများအဖြစ် ၂၀၁၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀ ဖြင့် တင်ထားသော စံချိန်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်မှ စတင်ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံးဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၁ မှစ၍ ရွှေစျေးနှုန်း စံချိန်သစ်များထပ်တင်ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံး စံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ မြင့်တက်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ လဆန်းနောက်ပိုင်း အနိမ့်ဆုံး စျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီလတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ စံချိန်တင်ထားကာ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျပ် ၁၂၂၅၀၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် တစ်ခါမျှ မဖြစ်ဖူးသေးသော ရွှေတစ်ကျပ်သား ကျပ် ၈၀၀၀၀၀  နှုန်းကို ၂၀၁၆ ခုနှစ်အတွင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ဖြစ်ခဲ့သော ရွှေစျေးနှုန်းသည် လက်ရှိအချိန်အထိ ကျပ် ၉၀၀၀၀၀ အောက်ပြန်မဆင်းဘဲ သုံးနှစ်အတွင်း စျေးတန်း လေးကြိမ်မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ အထိ ယခင်စံချိန်များ ချိုး၍ စံချိန်သစ်တင်ထားသည်။

“ ရွှေစျေး အခုလိုတက်လာချိန်မှာ ရောင်းတဲ့သူကတော့ နည်းနည်းပိုများတာပေါ့။ ဝယ်သူက အနည်းစုပဲရှိတယ်။ ဆိုင်တွေလည်း ပြန်ဝယ်ရတာပေါ့။ အခုအချိန်အတက်အကျကြမ်းနေတယ်ဆိုတော့ အရောင်းအဝယ်လုပ်သူတွေ သတိထားဖို့လိုပါတယ်။ ရွှေအပိုင်းကစားတဲ့သူတွေအတွက် ဒီလိုကာလက အရှုံးအမြတ် ကြမ်းပါတယ်။ ရွှေထည်လုပ်ချင်သူတွေနဲ့ ရွှေစုချင်သူတွေအတွက်တော့ ဒီအချိန်မဝယ်တာ ကောင်းပါတယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်း အကြိမ်ကြိမ်ဖြစ်ပေါ်ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀  ဖြစ်သည်။

လက်ရှိ NLD အစိုးရ စတက်သော ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၇၈၅၀၀၀ ဝန်းကျင်ရှိပြီး ကမ္ဘာ့ရွှေစျေးနှုန်း ၁၂၂၈ ဒေါ်လာဝန်းကျင်၊  နိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၂၀၀ ဝန်းကျင်ရှိသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် ရွှေစျေးနှုန်းနှင့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက် ရွှေစျေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၅၅၀၅၀၀ ဝန်းကျင် မြင့်တက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၇၀ ကျော် မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သား ကျပ် ၆၀၀၀၀၀ ကျော်သာရှိပြီး ၂၀၂၀ ပြည့်နှစ် လက်ရှိစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၁၂၀ ဝန်းကျင်အထိ ရွှေစျေးမြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်ကစပြီး လက်ရှိ ၂၀၂၀ ပြည့်နှစ်အထိ ကမ္ဘာ့ရွှေစျေးကို မြင့်တက်စေခဲ့သော နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ များစွာဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဗြိတိန်နိုင်ငံ၏ Brexit အရေး၊ အမေရိကန် ရွေးကောက်ပွဲမှအစ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန်-အီရန် စစ်ရေးတင်းမာမှု၊ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းလျှော့ချမှု အလယ်၊ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများ အထိနာမှု၊ ကုန်ထုတ်စျေးကွက်များ ပျက်စီးမှု အစရှိသည်များသည် ကမ္ဘာ့ရွှေစျေးကို မြင့်တက်စေခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

“ ကမ္ဘာ့ရွှေစျေးကတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအရ အတက်အကျ ဖြစ်နေမှာဖြစ်ပါတယ်။ တရုတ်-အမေရိကန်အကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့ရွှေစျေးတော်တော် တက်လိုက်တာ အခု COVID-19 မှာ ထပ်ပြီးထိုးတက်သွားတာဖြစ်ပါတယ်။ တခြားစျေးကွက်တွေဆီက ရင်းနှီးမြှုပ်နှံတွေ ရွှေစျေးကွက်မှာ ဝင်မြှုပ်နှံတာကြောင့် ကမ္ဘာ့ရွှေစျေး ထောင်တက်လာတာဖြစ်ပြီး ဒါက ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်တွင်းစျေးကွက်အပေါ် သက်ရောက်လာတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ဆိုသည်။

၂၀၁၉ ခုနှစ် သြဂုတ်လဆန်းတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာသည့် ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစျေးနှုန်းများ တန်ဖိုးကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေစျေးမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်လာသည်။ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အခြားစျေးကွက်များအထိ နာခဲ့ပြီး ရွှေဝယ်လိုအား အဆမတန် တိုးမြင့်လာမှုကြောင့် သမိုင်းတစ်လျှောက် မဖြစ်ပေါ်ဖူးသေးသည့် စျေးတန်းဖြစ်သော တစ်အောင်စ ဒေါ်လာ ၂၀၀၀ ကို ကျော်လွန်၍ ၂၀၇၅ ဒေါ်လာအထိ စံချိန်တင် မြင့််တက်ခဲ့သည်။ ကမ္ဘာတစ်ဝန်း မရေရာ မသေချာသည့် စီးပွားရေးအခင်းအကျင်းကြောင့် ကမ္ဘာ့စျေးကွက်အတွင်း ရွှေဝယ်လိုအား မြင့်တက်ခဲ့သည်။ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် စျေးကွက်အစီရင်ခံစာ တစ်ခုအရ နေ့စဉ်ရွှေရောင်းဝယ်နေသည့် စျေးကွက်သည် ဒေါ်လာ ဘီလျံ ၁၅၀ ကျော်အထိ ရှိသည်။

ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားများလာရသည့် အဓိကအကြောင်းရင်းများမှာ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှု များပြားလာခြင်း၊ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ အရန်သိုလှောင်မှု များပြားလာခြင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံရေးမငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက ဘဏ်တိုးနှုန်းကို လျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင် လုပ်ဆောင်နေခြင်း၊ ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံသူများက နိုင်ငံတကာ ငွေကြေးစျေးကွက်အစား ရွှေစျေးကွက်အတွင်း ပြောင်းလဲရင်းနှီးမြှုပ်နှံလာခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီက သုံးသပ်ထားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ ခုနှစ် သြဂုတ်တွင် ၁၄၅၀- ၁၅၄၂ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၄၈၃-၁၅၅၂ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၄၇၂- ၁၅၁၂ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၄၅၅- ၁၅၁၃ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၄၅၆- ၁၅၁၄ ဒေါ်လာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၅၂၈- ၁၅၈၉ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၅၄၉- ၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇- ၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈ - ၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃- ၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀- ၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉- ၁၉၇၅ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိ ရှိခဲ့သည်။ 

နှစ် ၃၀ အတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်မည်ဆိုလျှင် အနိမ့်ဆုံးနှုန်းက ၁၉၉၉ ခုနှစ်တွင် ဖြစ်ခဲ့ပြီး ရွှေတစ်အောင်စလျှင် ၂၅၂ ဒေါ်လာသာ ရှိခဲ့သည်။ ကမ္ဘာ့ရွှေစျေးနှုန်း အမြင့်ဆုံးစံချိန်နှုန်းမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပေါ်ခဲ့ပြီး ၁၈၈၉ ဒေါ်လာအထိ ဖြစ်ပေါ်ကာ ယင်းအချိန် မြန်မာ့ရွှေစျေးနှုန်းက ကျပ် ၇၂၀၀၀၀ ကျော် ဖြစ်ခဲ့သည်။ လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် ဇူလိုင်လအတွင်း စံချိန် စတင်ချိုးခဲ့ပြီး အမြင့်ဆုံးစံချိန်အဖြစ် သြဂုတ် ၇ ရက်တွင် ၂၀၇၅ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ပြည်တွင်း ရွှေစျေးနှုန်းသည်လည်း ကျပ် ၁၃၃၅၅၀၀ အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေးကျဆင်းမှသာ ပြည်တွင်းရွှေစျေးပြန်ကျမည် ဖြစ်သည်။

“ ရွှေစုဆောင်းထားတဲ့သူတွေအတွက်တော့ အမြင့်ပိုင်းစျေးတစ်ခု ရောက်လာတော့ အမြတ်ပိုင်းသူများ ပါတယ်။ တော်တော်များများ ထုတ်ရောင်းကြတယ်။ ပြန်ဝယ်မယ်ဆိုရင်တော့ အောက်တိုဘာလောက်မှ စျေးပြန်ကျမှ ပြန်ဝယ်ကြမှာပေါ့။ ဒီ ၁၃၃၀၀၀၀ ကျော်ဆိုတာ တစ်ခါမှ မဖြစ်ဖူးတဲ့စျေးဖြစ်ပါတယ်၊ မိုးလယ်ကာလကတော့ နှစ်တိုင်းလိုလို ထူးခြားဖြစ်စဉ်တော့မဟုတ်ဘူး။ မြန်မာစျေးကွက်မှာတော့ နှစ်တိုင်းမိုးလယ်ကာလဆို ရွှေစျေး တက်လေ့ရှိတယ်။ ဇူလိုင်၊ သြဂုတ်နှစ်လကတော့ နှစ်တိုင်းလိုလို ပြည်တွင်းရွှေစျေးအမြင့်ပိုင်းမှာ ရှိတတ်တယ်။ ရွှေစျေးကောင်းတယ်ပေါ့နော်။ ပြီးရင် မိုးနှောင်းကာလဆိုရင်တော့ ပြန်ကျတတ်တာ နှစ်တိုင်းလိုလို တွေ့ရတယ်။ အဲဒါကြောင့် ဝယ်ယူစုဆောင်းမယ်ဆိုရင် မိုးနှောင်းကာလ၊ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာမှာ ပြန်ဝယ်ကြတာများ ပါတယ်။ အဲဒီအချိန်လောက်ဆို ရွှေစျေး ပြန်ကျမယ်လို့ ခန့်မှန်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေစျေးကွက် စျေးနှုန်းအပြောင်းအလဲနှင့် နိုင်ငံခြားငွေလဲနှုန်း အတက်အကျများခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းလည်း လှုပ်ခတ်နေဦးမည် ဖြစ်သည်။ ငါးနှစ်ဆက်တိုက် နှစ်စဉ် နှစ်တိုင်း ရွှေစျေးထိပ်စီးပြောင်း၊ စျေးနှုန်းများစံချိန်တင် မြင့်တက်မှု သံသရာသည် ၂၀၂၀ ပြည့်နှစ်တွင်လည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ရွှေစျေးနှုန်း ကျပ် ၁၃၀၀၀၀၀ တန်းမှ ကျပ် ၁၄၀၀၀၀၀  တန်းကို လှုပ်ခတ်နေသော စျေးနှုန်းဝဲဂယက်အတွင်းက မျှော်ကြည့်ပြန်ပြီဖြစ်သည်။ အကြောင်းကြောင်းကြောင့် စျေးတက်သည် ဖြစ်စေ၊ ကျသည်ဖြစ်စေ ရွှေဆိုသည်မှာ မရှိဝမ်းစာ၊ ရှိတန်ဆာအဖြစ် ဝတ်ဆင်စုဆောင်းသူများ၊ အရောင်းအဝယ်ပြုလုပ်သူများ သတိထားရမည်သာ ဖြစ်သည်။

Most Read

Most Recent