ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပါတီများ အောင်နိုင်ရေးအတွက် ဝန်းရံကူညီမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ လိုအပ်ချက်ဖြစ်သော မြို့နယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး ပြောကြား

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပါတီများ အောင်နိုင်ရေးအတွက် ဝန်းရံကူညီမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ လိုအပ်ချက်ဖြစ်သော မြို့နယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး ပြောကြား
Published 11 July 2020
စည်သာ (တောင်ကြီး)

ပြည်သူ့ပါတီ မူဝါဒအတိုင်း တိုင်းရင်းသားပါတီများ အောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တိုင်းရင်းသားပါတီများ လိုအပ်ချက်ဖြစ်သောနေရာများ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ပါတီအထွေထွေ အတွင်းရေးမှူး ဦးဝင်းကိုကိုက ပြောကြားသည်။

ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာ၊ ပြည်သူ့လွှတ်တော်တစ်နေရာ ပေါင်း သုံးနေရာ၊ နောင်ချိုမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာ ပေါင်း သုံးနေရာနှင့် ဆီဆိုင်မြို့နယ်တို့တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာ စုစုပေါင်းမြို့နယ်ပေါင်း သုံးခုတွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် လျာထားကြောင်း သိရသည်။

နိုင်ငံရေးမူဝါဒတွင် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်မည်ဖြစ်ကာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းကိုကိုက ပြောသည်။

“ ပါတီငယ်တွေရဲ့မဟာမိတ်မူဝါဒအရ ပေါင်းပြီးဆောင်ရွက်မယ်လို့ လျာထားတယ်။ လူတွေ အားလုံးကြိုက်နှစ်သက်ရာ မြို့နယ်အကျိုးဆောင်ရွက်နိုင်သူကို စိတ်တိုင်းကျ ရွေးချယ်ခိုင်းတယ်။ လုပ်ချင်သူရှိရင်လည်း ပါဝင်ခွင့်ပြုတယ်။ အားလုံးအောင်နိုင်ရေးအတွက် တိုင်းရင်းသားပါတီများ အောင်နိုင်ရေးအတွက် ဝန်းရံပေးဖို့ အစီအစဉ် ရှိတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဝင်မပြိုင်တော့ဘဲ တိုင်းရင်းသားပါတီတွေကိုပဲ ဝန်းရံမယ်လို့ဆုံးဖြတ်ထားပေမယ့် တိုင်းရင်းသားပါတီတွေရဲ့ ကမ်းလှမ်းချက်အရ တောင်ကြီးမြို့နယ်လောက်တော့ ဝင်ပြိုင်သင့်တယ်ဆိုလို့ ပြည်သူ့ပါတီက ဝင်ပြိုင်ခြင်းဖြစ်တယ်။ တိုင်းရင်းသားဒေသမှ တိုင်းရင်းသားပါတီငယ်တွေကို အောင်နိုင်စေချင်လို့ ပါတီ ဖွဲ့စည်းစဉ်ထဲက မူဝါဒထဲမှာရှိတယ်။ ဒေသခံတွေကို တကယ်ထိထိမိမိဖြစ်မြောက်ရေး တစ်ပါတီနဲ့ တစ်ပါတီနေရာချင်း မထပ်အောင်ဝန်းရံမယ်။ တိုင်းရင်းသားပါတီတွေ အောင်နိုင်ရေးပေါ့။ တိုင်းရင်းသားပါတီလေးတွေလည်း လွှတ်တော်မှာ ပါဝင်နိုင်ရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်မယ် ရည်မှန်းထားတာ COVID ကာလကြောင့် ကစဉ့်ကလျားဖြစ်တော့ မူလရည်မှန်းချက် ရောက်ချင်မှ ရောက်မယ်ပေါ့” ဟု ရှမ်းပြည်နယ် ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဝင်းကိုကိုက ပြောကြားသည်။

ပြည်သူ့ပါတီကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ရှမ်းပြည်နယ်ပြည်သူ့ပါတီကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ရှမ်းပြည်နယ် ပါတီရုံးကို တောင်ကြီးမြို့တွင်လည်းကောင်း၊ နောင်ချိုမြို့နယ်တွင် မြို့နယ်ရုံးနှင့် ရပ်ကျေးရုံးများ  ၁၃ ရုံးခန့်ဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ပါတီ၏ နိုင်ငံရေးမူဝါဒတွင် အချက်(၁၀) ချက်၊ ရည်ရွယ်ချက် (၁၁) ချက်ပါဝင်ပြီး၊ မဟာမိတ်ဆက်ဆံရေး ကဏ္ဍတွင် တိုင်းရင်းသားလူမျိုးများနှင့် တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုတို့အပေါ် အခြေခံသော မဟာမိတ်ဆက်ဆံရေး မူဝါဒကိုချမှတ်သွားရန်၊ တိုင်းရင်းသားဒေသများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား အင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်သွားရန်၊ အခြားနိုင်ငံရေးပါတီများနှင့် မူဝါဒဆိုင်ရာ အခြေခံပေါ်တွင် မဟာမိတ်ဆက်ဆံရေး တည်ဆောက်သွားရန်၊ ကဏ္ဍအလိုက် သက်ဆိုင်ရာအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့များဖြင့် အကြံဉာဏ်ရယူမှုများ ဆွေးနွေးမှုများဖြင့် ညှိနှိုင်းဆောင်ရွက်မည်ဟု သိရသည်။

Most Read

Most Recent