ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအခင်းအကျင်းတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်သဖြင့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများကို အားပေးရန် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တလညီက ပြောကြားသည်။
လာမည့်သြဂုတ်လအတွင်း ကျင်းပရန် လျာထားသည့် ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးသို့ မွန်ညီညွတ်ရေးပါတီမှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ဘဲ၊ ဗဟိုအလုပ်အမှုဆောင်အဆင့်နှင့် ဗဟိုကော်မတီအဆင့်ပါတီဝင်များသာ တက်ရောက်ရန် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း သိရသည်။
“မြန်မာပြည်ရဲ ့အပြောင်းအလဲမှာ အဓိကက ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးလိုချင်ရင် နိုင်ငံရေးအခင်းအကျင်းမှာ တိုင်းရင်းသားတွေ ပါဝင်မှလည်း အပြောင်းအလဲက ဖြစ်လာနိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် တကယ်လို့သာ နိုင်ငံရဲ့အပြောင်းအလဲမှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ မပါဝင်ဘူးဆိုရင် တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ မလွယ်ပါဘူး” ဟု နိုင်တလညီက ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တက်လာသည့်အစိုးရအဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့ကြသော်လည်း ထိရောက်မှုမရှိကြောင်း၊ မြန်မာနိုင်ငံအား အမှန်တကယ်ပြောင်းလဲစေချင်ပါက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများ ပါဝင်မှသာ ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်ကို အမှန်တကယ်ပြောင်းလဲစေပြီး ငြိမ်းချမ်းရေး အမှန်တကယ်ရရှိစေချင်ပါက နိုင်ငံရေးအခင်းအကျင်းတွင် တိုင်းရင်းသားများ ပါဝင်လာမှ အဆင်ပြေမည်ဖြစ်ကြောင်းနှင့် ထို့ကြောင့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအား ဆန္ဒမဲပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်တလညီက ပြောကြားသည်။
“၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက USDP ကို မဲပေးပြီးပြီ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း NLD ကို မဲပေးပြီးပြီ။ ဒီတစ်ကြိမ်မှတော့ တိုင်းရင်းသားပါတီတွေကို အားပေးဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်အေးချမ်းဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့က တိုင်းရင်းသားတွေနဲ ့ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားရင် တိုင်းပြည်က အမြန်ဆုံးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သွားမယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်တော့ တိုင်းရင်းသားပါတီကိုအားပေးကြပါ။ မွန်ပြည်နယ်မှာဆိုရင်လည်း ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီကို မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင်လည်း အနည်းဆုံးမဲဆန္ဒနယ်တစ်နေရာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် မြဝတီမြိုနယ်အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ အနည်းဆုံး နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်း၊ မြိတ်၊ ပလော၊ တနင်္သာရီစသည့် မြို့နယ်များတွင်လည်း အနည်းဆုံး တစ်နေရာသို့မဟုတ်၊ နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း တစ်နေရာ သို့ မဟုတ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိကြောင်း မွန်ညီညွတ်ရေးပါတီထံမှ သိရသည်။















