ကျောက်ဖြူမြို့ရှိ အမှိုက်မီးရှို့စက် ငွေကြေး အခက်အခဲကြောင့် လည်ပတ်မှုရပ်နား

ကျောက်ဖြူမြို့ရှိ အမှိုက်မီးရှို့စက် ငွေကြေး အခက်အခဲကြောင့် လည်ပတ်မှုရပ်နား
Published 14 December 2017

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်း ဓာတ်ငွေ့သန့်စင်စက်ရုံ ကိုရီးယားဒေဝူးကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းထားသည့် အမှိုက်မီးရှို့စက်မှာ ငွေကြေးအခက်အခဲကြောင့် လည်ပတ်မှုရပ်နားထားရကြောင်း ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အမှိုက်မီးရှို့စက်အတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှိုက်မီးရှို့ရန် ကုန်ကျမှုငွေကြေးအား သီးသန့်ဘတ်ဂျက် ခေါင်းစဉ်မရှိခြင်းကြောင့် ဓူဝံကြယ် နာရေးကူညီမှုအသင်းမှ ငွေကြေးစိုက်ထုတ်ကာ စမ်းသပ်လည်ပတ်ခဲ့သော်လည်း လက်ရှိတွင် ရပ်နားထားရခြင်းဖြစ်သည်။

ကျောက်ဖြူမြို့တွင် အညစ်အကြေး အခွန်ကောက်ခံရရှိငွေမှာ တစ်နှစ်အတွင်း ကျပ် သိန်း ၁၅၀ ကျော်သာရရှိပြီး တစ်ရက်လျှင်အမှိုက်မီးရှို့စက် အသုံးစရိတ် တစ်သိန်းကျော် ကုန်ကျမှုကြောင့် အညစ်အကြေး အခွန်ကောက်ခံရရှိမှုနှင့်လုံလောက်မှုမရှိသဖြင့် ရပ်နားထားခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ရတဲ့ငွေနဲ့ လောလောဆယ်ကုန်ကျမယ့် ငွေကြေးက မခံနိုင်ဘူး။  စည်ပင်က မခံနိုင်။ စည်ပင်ကမခံဆိုတာကလည်း မြို့ကမခံနိုင်တဲ့သဘောပါ။  အမှန်က  ဒီစက်လည်မယ်ဆိုရင် မြို့အတွက်လည်း အကျိုးရှိမယ်။ ကုန်ကျစရိတ်လည်းနည်းသွားရမယ်။ ကုန်ကျစရိတ် များလာဖို့ဆိုတဲ့အခါ နောက်ထပ် ငွေကြေး တစ်ဆနှစ်ဆရှာရမယ်။ မြို့ကလည်း နောက်ကောက်လို့မရနိုင်တော့ဘူး။ ဥပဒေအရသတ်မှတ်ထားတဲ့နှုန်းထက် ပိုကောက်လို့မရ။ တစ်နေ့ကို တစ်သိန်းလောက်အထိ ကုန်ကျမယ်ဆို ကလည်း သဘာဝတော့ မကျဘူး” ဟု ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။

အမှိုက်မီးရှို့စက် လည်ပတ်နိုင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်အခြေစိုက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း  ဓာတ်ငွေ့သန့်စင်စက်ရုံ ကိုရီးယားဒေဝူးကုမ္ပဏီ လူမှုဘဝသိဌာနမှ  ဦးအာကာက “ကျွန်တော်တို့က စည်ပင်ကိုလွှဲပေးတယ်ဗျ။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ စည်ပင်ကလည်ဖို့အတွက် သူတို့မှာ ဘတ်ဂျက်မရှိဘူး။ ကျွန်တော်တို့က အဲဒါနဲ့ပတ်သက်ပြီးတော့ မြို့နယ်နဲ့ ချိတ်ဆက်ပြီးတော့ တိုင်ပင်နေတုန်းဗျ။ အဖွဲ့အစည်းပေါင်းစုံက ပါရမယ်လို့ ကျွန်တော်ကယူဆတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း မြို့နယ်အုပ်ချုပ်ရေး။ နောက်ပြီးတော့ စည်ပင်တို့ နောက်ပြီး အလုပ်လုပ်မယ့် အဖွဲ့အစည်းတို့က ပါဝင်ဖို့လိုတယ်” ဟု ပြောကြားသည်။

Most Read

Most Recent