Samsung Quiz Show ရုပ်သံအစီအစဉ်တွင် အနိုင်ရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲပြုလုပ်

Samsung Quiz Show ရုပ်သံအစီအစဉ်တွင် အနိုင်ရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲပြုလုပ်
Published 14 December 2017

Samsung Quiz Show ရုပ်သံအစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းပေါင်း ၃၃ ကျောင်းအနက် အနိုင်ရရှိသည့် ကျောင်းသုံးကျောင်းမှ ကျောင်းသားကျောင်းသူ ကိုးဦးအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ပွဲနှင့် ပတ်သက်၍ Samsung Myanmar မှ PR & Citizeneship Manager ဖြစ်သူ ကိုစိုးသူရက “ဒီနေ့အခမ်းအနားမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ အများကြီးထဲကမှ အထူးချွန်ဆုံး ကျောင်းသားကျောင်းသူ ကိုးယောက်ကို ကျောင်းသုံးကျောင်းကနေ ရွေးချယ်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ရွေးချယ်တဲ့နေရာမှာ ကျွန်တော်တို့က ဒီကျောင်းသားကျောင်းသူတွေဟာ ခြောက်လတာကြာတဲ့ ဒီပြိုင်ပွဲကို အဆင့်ဆင့် သူတို့ဖြတ်သန်းပြီးတော့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်၊ ယှဉ်ပြိုင်တဲ့အခါမှာလည်း ကျွန်တော်တို့က ကျောင်းစာတွေတင် မကဘဲနဲ့ ပြင်ပဗဟုသုတတွေ၊ အဖွဲ့လိုက်ကစားရတဲ့ ဂိမ်းတွေ စတဲ့အများကြီး ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်၊ ယှဉ်ပြိုင်ပြီးတော့ ဆုရတဲ့ ကျောင်းသားကျောင်းသူ မော်လမြိုင်ရယ်၊ မြိတ်ရယ်၊ ပဲခူးရယ် ကို ပြီးခဲ့တဲ့အပတ်ကပဲ ကိုရီးယားနိုင်ငံကို လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပြီး အခုပွဲမှာတော့ သူတို့ကျောင်းတွေအတွက်ကော သူတို့အတွက်ကော ပညာသင်ဆုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Samsung Myanmar မှ စီစဉ်ကျင်းပသော Samsung Quiz Show : Answer Right and Make Your Future Bright ရုပ်သံအစီအစဉ်သည် မြန်မာတစ်နိုင်ငံလုံး တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းပေါင်း ၃၃ ကျောင်းမှ ကျောင်းသားကျောင်းသူ ၉၉ ဦးကို ရွေးချယ်ကာ အဆင့်ဆင့် ယှဉ်ပြိုင်သွားသည့် ရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုတွင် ပထမဆုကို မွန်ပြည်နယ် အ.ထ.က (၉) မော်လမြိုင် မှ မောင်မင်းမြတ်စွမ်းပြည့်၊ မောင်ခေတ်မင်း၊ မဖူးပွင့်ခိုင်တို့မှ ဆွတ်ခူးအနိုင်ရရှိခဲ့သည်။ ဒုတိယဆုအား တနသာၤရီတိုင်းဒေသကြီး အ.ထ.က (၁) မြိတ် မှ မောင်လှဘုန်းဟန်၊ မောင်ပိုင်ဟိန်းကျော်၊ မရွှေဇင်သန့် တို့မှရရှိခဲ့ပြီး တတိယဆုအား ပဲခူးတိုင်းဒေသကြီး အ.ထ.က (၁)ပဲခူး မှ မအေးဆုမြတ်ပန်၊ မဖူးဖူးပွင့်အောင်၊ မမိုးသဉ္ဇာခိုင် တို့မှ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Samsung Quiz Show ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကျောင်းသုံးကျောင်းမှ ကျောင်းသားကျောင်းသူများအား Samsung Myanmar မှ ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့ပြီး ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံအမတ်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကာ Gyongbok Palace၊ Samsung Innovation Museum နှင့် Samsung D’Light Store ၊ Sunggyunkwan University ၊ Nami Island အပါအဝင် အခြားသော အထင်ကရနေရာဒေသများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Samsung Quiz Show : Answer Right and Make Your Future Bright ရုပ်သံအစီအစဉ်မှ ပထမဆု ရရှိသွားသည့် အ.ထ.က (၉) မော်လမြိုင်အား ကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၇၀၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆု ဒေါ်လာ ၃၀၀၀၊ ဒုတိယဆု ရရှိသွားသည့် အ.ထ.က (၁) မြိတ်အား ကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၃၅၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆု ဒေါ်လာ ၁၅၀၀၊ တတိယဆု ရရှိသွားသည့် အ.ထ.က (၁)ပဲခူး အား ကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၂၀၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆု ဒေါ်လာ ၁၀၀၀ တို့ကို အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Samsung Quiz Show ပညာရေးထောက်ကူ ဉာဏ်စမ်းရုပ်သံအစီအစဉ်သည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပညာရေး၏ တန်ဖိုးကြီးမားပုံကို မီးမောင်းထိုးပြသည့် အစီအစဉ်ဖြစ်ကာ လူငယ်များအား ပိုမိုလေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်လာရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲအား ၂၀၁၇ ဇွန်လ ၃၀ ရက်မှစတင်ကာ ဒီဇင်ဘာလအထိ ၆ လတာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent