လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် လာရောက်တွေ့ဆုံသည့်အဖွဲ့ လုံခြုံရေးအရ ဝင်ခွင့်မရရှိဘဲ သက်ဆိုင်ရာရဲအရာရှိက တိုင်ကြားစာကို လက်ခံထား

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် လာရောက်တွေ့ဆုံသည့်အဖွဲ့ လုံခြုံရေးအရ ဝင်ခွင့်မရရှိဘဲ သက်ဆိုင်ရာရဲအရာရှိက တိုင်ကြားစာကို လက်ခံထား
Published 14 December 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏နေအိမ်ရှေ့ တာဝန်ကျရဲလုံခြုံရေးဂိတ်တွင် လက်ပံတောင်းတောင်ဒေသခံများ တားဆီးခံနေရသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိစေရန်လာရောက်တွေ့ဆုံသည့်အဖွဲ့ လုံခြုံရေးအရဝင်ခွင့်မရရှိဘဲ သက်ဆိုင်ရာရဲအရာရှိက ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့်စာကို တာဝန်ယူ လက်ခံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီက ဒေါ်နော်အုန်းလှနှင့် လက်ပံတောင်းတောင်ဒေသခံများ အပါအဝင် ၁၂ ဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် နေအိမ်သို့ တွေ့ဆုံရန် လာရောက်ခဲ့ပြီး သက်ဆိုင်ရာအရာရှိတစ်ဦးက ဝင်ခွင့်မရကြောင်း ပြောဆိုသော်လည်း လာရောက်တွေ့ဆုံသူများက ရဲတပ်ဖွဲ့ ဝင်ခွင့် မပေးခြင်းလား၊ ဒေါ်အောင်ဆန်းစုကြည်မှ ဝင်ခွင့်မပေးခြင်းလားဟု မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ မေးခွန်းထုတ်သည့်အပေါ် တာဝန်ကျရဲမှူး ရောက်ရှိလာပြီး လုံခြုံရေးအရ ရဲတပ်ဖွဲ့မှ ဝင်ခွင့်မပေးခြင်းဖြစ်ပြီး ၎င်းတို့ပေးချင်သည့်စာအား နိုင်ငံတော်၏အတိုင်ပင်ခံရုံးသို့ ရောက်ရှိအောင်ပေးပို့မည်ဟု တာဝန်ယူကာ  အဆိုပါတိုင်ကြားစာကို လက်ခံရယူခဲ့သည်။

“အဓိကနစ်နာတဲ့ ဒေသခံတွေက အခုချိန်အထိ အစားထိုးမြေလည်း မရသေးဘူး။ လုံး၀ လျော်ကြေးမယူတဲ့သူတွေက သီနှံလျော်ကြေး တောင်းတာလည်း အခုချိန်အထိမပြေလည်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း စုံခုံ အစီရင်ခံစာအတိုင်း လက်ခံမယ်ဆိုပြီး ဦးပိုင်၊ ဝမ်ပေါင်ကလည်း အခုကပိုဆိုးလာတဲ့အခါ အခုသိအောင် လာပြောခြင်းဖြစ်ပါတယ်။ ပါးစပ်နဲ့လည်း ပြောချင်တယ်။ စာလည်း ပေးမယ်ပေါ့နော်။ အစီရင်ခံစာအတိုင်းလုပ်မယ်။ ကမ္ဘာသိအောင်၊ နိုင်ငံသိအောင်လုပ်မယ် ကြေငြာထားပြီးမှ ဦးပိုင်၊ ဝမ်ပေါင် အခုအချိန်အထိ မလိုက်နာဘူး။ ဒါကိုလည်း ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာကိုလည်း သိချင်တယ်။ လက်ရှိဒေသခံတွေက အခုဆိုလို့ရှိရင် ခြိမ်းခြောက်မှု ခဏခဏဖြစ်တယ်။ အခုဆို

ပြောင်းရွှေ့ခိုင်းပြန်ပြီ။ ဒါတွေကလည်း ဖိအားပေးတာကိုသိအောင် လာပြောချင်လို့လာကြတာဖြစ်ပါတယ်။ ကိုယ့်အစိုးရမို့လို ကိုယ်အသိ ပေးချင်လို့လာတာဖြစ်ပါတယ်” ဟု လက်ပံတောင်း အကျိုးစီးပွားကာကွယ်ရေး အသင်း (ရန်ကုန်)မှ ဒေါ်နော်အုန်းလှက ပြောကြားသည်။ ဆည်တည်းကျေးရွာမှ ဒေါ်သန်းမြင့်က“ကိုယ်ပေးတဲ့စာပဲ မရောက်လို့လား။ ဒေါ်စုက မသိလို့လားပေါ့။ ဒီဟာလေးသိဖို့အတွက် လာပြီး အကြောင်းကြားတာပါ။ အန်တီတို့က ဆန္ဒပြဖို့အတွက်လည်း လာတာမဟုတ်ပါဘူး” ဟု ပြောကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့်အပေါ် ဒေသခံတောင်သူများက နစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက် ပေးပါရန်နှင့် စုံ/ကော် အစီရင်ခံစာကို မလိုက်နာသည့်  ဦးပိုင်၊ ဝမ်ပေါင်ကုမ္ပဏီအား အရေးယူပေးပါရန် တိုင်ကြားစာကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တရုတ် ယာယီဆက်ဆံရေးရုံးသို့သွားရောက်ပေးပို့ခဲ့သော်လည်း လက်မခံ နိုင်ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့ရန် အကြောင်းကြားခဲ့သည်။

ယင်းကဲ့သို့ တိုင်ကြားစာအား တရုတ်ယာယီဆက်ဆံရေးရုံးမှ လက်ခံခြင်းမရှိသည်မှာ စော်ကားရာကျသည့်အတွက် အချိန်ယူပြီး တရုတ် ယာယီဆက်ဆံရေးရုံးသို့ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောကြားသည်။

Most Read

Most Recent