ဘီးလင်းမြို့နယ် လယ်မြေချောင်းမြောင်းအတွင်း ဖြတ်သန်းသော ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုးကျိုးကြောင့် နိုင်ငံတော်၊ ဒေသခံများ၏ နစ်နာမှုအပေါ် MOGE က တာဝန်ယူဆောင်ရွက်ပေးမှုကို လွှတ်တော်တွင် မေးမြန်း

ဘီးလင်းမြို့နယ် လယ်မြေချောင်းမြောင်းအတွင်း ဖြတ်သန်းသော ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုးကျိုးကြောင့် နိုင်ငံတော်၊ ဒေသခံများ၏ နစ်နာမှုအပေါ် MOGE က တာဝန်ယူဆောင်ရွက်ပေးမှုကို လွှတ်တော်တွင် မေးမြန်း
Published 14 December 2017

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေး ကျင်းပနေစဉ်

ဘီးလင်းမြို့နယ် လယ်ယာမြေ၊ ချောင်းမြောင်းများအတွင်း ဖြတ်သန်းသွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုးကျိုးကြောင့် ရေစီးရေလာ အဟန့်အတားဖြစ်စေပြီး စိုက်ပျိုးခင်းများ နှစ်စဉ်ရေကြီးနစ်မြုပ်ခြင်း၊ ချောင်းမြောင်းပြန်ဖော်ရခြင်းကြောင့် နိုင်ငံတော်၊ ဒေသခံများ၏ နစ်နာမှုများကို သက်ဆိုင်သည့် (MOGE) က မည်သို့တာ ဝန်ယူဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း၊ ဒေါက်တာခင်နိုင်ဦး (ဘီးလင်းမြို့နယ်အမှတ် - ၁ မဲဆန္ဒနယ်) က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေး၏ နောက်ဆုံးနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် မေးမြန်းခဲ့သည်။

“ဒီလိုဖြတ်သန်းသွားတဲ့ခါမှာ ပိုက်လုံးကို မြှုပ်တဲ့အနက်သည် တချို့နေရာမှာ မြေပြင်မှအောက်ကို တစ်ပေ၊ နှစ်ပေ၊ သုံးပေကွာ လောက်ဆောင်ရွက်တဲ့အတွက် ရေစီးရေလာကို ဟန့်တားပိတ်ဆို့လျက် ရှိပါတယ်။ ဒီလိုဟန့် တားပိတ်ဆို့ခြင်းဟာ ချောင်းမြောင်းအားလုံး၊ ကန့်လန့်ဖြတ်ပိတ်ဆို့ထားတဲ့အတွက် ဒိုက်တွေနဲ့ ပိတ်ဆို့နေတယ်။ ပိုက်ရဲ့ညာဘက်က ရေမဆင်းနိုင်ဘဲ မြင့်နေတာတွေ့ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကပုံ ဖြစ်ပါတယ်။ မိုးအခါ ရေမဆွဲမထုတ်နိုင်တဲ့ခါ တောင်သူလယ်သမားတွေရဲ့ စပါးစိုက်ခင်းများ နှစ်စဉ်ရေ မြုပ်ပျက်စီးပါတယ်။ အဝါရောင်ပြထားတဲ့ အောက်ဘက်ခြမ်းကနေရာက မုတ္တမပင်လယ်ကွေ့ ဖြစ်ပါတယ်။ ရှိသမျှ ချောင်းမြောင်းကို ဖြတ်ထားတော့ ကောနေပြီး ဆည်မြောင်းဌာနက နှစ်စဉ်ရန်ပုံငွေသုံးပြီး ဖော်ပေးနေတဲ့နေရာ ဖြစ်တယ်။ ဓာတ်ငွေ့ပိုက်လိုင်းတွေ စနစ်တကျ မနစ်မြုပ်တဲ့တွက် နိုင်ငံတော်နဲ့ စိုက်ပျိုးရေး လုပ်ငန်းများစွာ နစ်နာမှုကို ပြေပျောက်စေရန် တောင်သူလယ်သမား တင်ပြလာမှုအပေါ် မွန်ပြည်နယ်အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ (၁)ဓာတ်ငွေ့ပိုက်လိုင်းကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူ တည်ဆောက်ပါသလဲ။ (၂) ဒေသခံများ နစ်နာမှုတွက် မည်သည့်တာဝန်ယူမှုမျိုး ပြုလုပ်ခဲ့ပါသလဲ။ (၃) လက်ရှိအခြေနေကို ကွင်းဆင်းကာ ဓာတ်ငွေ့ပိုက်လိုင်းများကို စံချိန်မီသင့်တော်သည့် အနက်ရောက်အောင်မည်သို့ ပြုပြင်မည်နည်း။ (၄)စီမံကိန်း နောက်ဆက်တွဲဆိုးကျိုးကြောင့် နိုင်ငံတော်နှင့် ဒေသခံများ လတ်တလောနစ်နာမှုအတွက် သက်ဆိုင်သည့် အဖွဲ့အစည်းကမည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းအပ်ပါတယ်” ဟု ဒေါက်တာ ခင်နိုင်ဦးက မေးသည်။

အဆိုပါ မေးမြန်းချက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဦးမင်းထင်အောင်ဟန် (ဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန) က ဖြေကြားရာ ကန်ဘောက် - ရန်ကုန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများ အသုံးပြုရန် MOGE မှ တာဝန်ယူတည်ဆောက်ကြောင်း၊ တည်ဆောက်စဉ်က ဖြတ်သန်းသော ဒေသရှိ စိုက်ပျိုးမြေများအတွက် သီးနံှလျော်ကြေး၊ နစ်နာကြေးပေးခဲ့ကြောင်း၊ ပိုက်လိုင်းများ အဟန့်အတားမဖြစ်သည့် အနက်ရောက်အောင် စီမံချက်ချဆောင်ရွက်နေကြောင်း၊  ပိုက်လိုင်းဖြတ်သန်းရာ ဒေသဖွံ့ဖြိုးမှု CSR ဆောင်ရွက်နေကြောင်း ဖြေကြားမှုအပေါ်၊ ဒေါက်တာခင်နိုင်ဦးက ထပ်ဆင့်မေးခွန်းမေးရာ MOGE က နစ်နာမှုလျော်ကြေး၊ ဒေသဖွံ့ဖြိုးမှု CSR လုပ်ဆောင်မှုကို ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်တို့တွင် မကြားသိရကြောင်း၊ ပိုက်လိုင်းပြုပြင်မှုစီမံကိန်းကို နှစ်နှစ်အတွင်း မည်သည့်နေရာ၊ အချိန်လုပ်ဆောင်မည်ကို ပွင့်လင်းစွာချပြနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာသို့ တင်ပြ၍ ပြန်ကြားပေးရန် ပြောကြားသည်။

Most Read

Most Recent