နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံတွင် နေထိုင်နေရသော ပြည်သူများ၏ ဘဝသည် အမှောင်ထဲတွင် နေထိုင်ရခြင်းပင်ဖြစ်သည်ဆိုသောအချက်ကို ပြည်သူများ နားလည်သဘောပေါက် ထားကြသည်။ နိုင်ငံရေးအကျပ်အတည်းနှင့်အတူ စီးပွားရေး အကျပ်အတည်းသည်လည်း တစ်ပြိုက်နက်တည်း ဖြစ်ပေါ်လာစမြဲဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ပေါ်ပေါက်လာသည့်အခါတွင် ထွက်ပေါက်မရှိဘဲ ပိတ်မိနေကြသော ပြည်သူများ၏ဘဝသည် ပို၍နစ်မွန်းလာကြသည်။ ပြည်သူများထဲတွင် အောက်ဆုံးအလွှာများသည် ဒုက္ခများကို ပို၍ခံစားနေရသည်။
ဟေတီနိုင်ငံမှ ပြည်သူများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် ကပ်ရောဂါဘေးကို ရင်ဆိုင်နေသည်။ အထူးသဖြင့် ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်ကြသူများသည် အစားအစာရှားပါးမှုများကို ရင်ဆိုင်နေရသည်။ ဤအခက်အခဲသည် နောင်ခြောက်လအထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြသည်။ အစားအစာများ ပြတ်လပ်မည့်ဘေးကို ရင်ဆိုင်နေရသော ဆင်းရဲသားများသည် လက်ရှိအချိန်တွင် အစားအစာကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့် ရင်ဆိုင်နေရသည်။ COVID-19 ကြောင့် နယ်စပ်များ ပိတ်ထားရသည်။ ကုန်သွယ်မှုများ ပြတ်တောက်သွားသည်။
ပုံမှန်အချိန်များ၌ဆိုလျှင် မတ်လ သို့မဟုတ် ဧပြီလတွင်း စိုက်ပျိုးရေးများ စတင်လုပ်ကိုင်ကြသည်။ စိုက်ပျိုးထားသည်များကို ရိတ်သိမ်းလျှင် ဝင်ငွေများ ရရှိကြမည်။ နေအိမ်အတွင်း စားသောက်ရန်ကို သိမ်းထားပြီး ပိုလျှံသည်များကို ရောင်းချလျှင် ငွေကြေးရသည်။ သို့သော် ယခုနှစ်တွင် ဟေတီနိုင်ငံ၌ မိုးခေါင်သည်။ စိုက်ပျိုးရေး မလုပ်နိုင်ကြ။ မျိုးစပါးများကို စားသောက်ကြရသည်။ ဤအခြေအနေတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားသည့် သတင်းများကို ပြည်သူများကြား သိရသည်။ သို့သော် ကျေးလက်တွင် နေထိုင်ကြသူများမှာ ရေဒီယိုပင် မရှိကြ။ ထို့ကြောင့် “ဘာတွေ ဖြစ်နေသလဲ” ဆိုသည်ကို ကျေးလက်နေပြည်သူများ မသိကြ။ အိမ်နီးနားချင်းများ ပြောကြသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်သည့် ကောလာဟလများကလည်း ယုံ၍ မရနိုင်။ ထို့ပြင် ကျေးလက်များ၌ ဆေးရုံများက မရှိ။ အကယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရပြီဆိုပါက မည်ကဲ့သို့ လုပ်မည်နည်း။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမခံရအောင် “ လက်ကို ဆပ်ပြာနှင့် ဆေးပါ” ဟု တာဝန်ရှိသူများက ပြောကြသည်။ သို့သော် နေအိမ်များတွင် ရေမရှိ။ ဆပ်ပြာမရှိ။ အစိုးရက နှာခေါင်းစည်းများ တပ်ဆင်ရမည်ဟု ကြေညာချက် ထုတ်သည်။ သူတို့တွင် နှာခေါင်းစည်း မရှိ။ တစ်ခါ အိမ်ပြင်မထွက်ဘဲ နေအိမ်၌ပင် နေရမည်ဟု ပြောပြန်သည်။ အစားအစာအတွက် အိမ်ပြင်မထွက်လျှင် မိသားစုများ ငတ်သေဖို့သာ ရှိနေသည်။ တစ်နေ့လုပ်မှ တစ်နေ့စား နေရသည့် ပြည်သူများ အပြင်ထွက်ပြီး အလုပ်မလုပ်လျှင် ငတ်သေဖို့သာ ရှိနေသည်။ အလုပ်ထွက်မလုပ်ဘဲနှင့် ပိုက်ဆံရဖို့ဟူသည် ရှိစုမဲ့စုပစ္စည်းများ ရောင်းချမှသာ ဖြစ်မည်။
ဟေတီနိုင်ငံရှိ ကျေးလက်နေပြည်သူများအားလုံး၏ မျက်ဝန်းထဲ၌ သောကများ ပြည့်နှက်နေကြသည်။ သူတို့၏ဘဝအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေသည်။
“ တချို့မိဘတွေ ငိုနေကြတယ်၊ ကလေးတွေအတွက် စားစရာမရှိကြလို့ ဖြစ်ပါတယ်” ဟု ဟေတီအနောက်မြောက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယခုအခါတွင် ဟေတီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ထောင်ခြောက်ရာကျော်ရှိပြီး သေဆုံးသူဦးရေက ငါးဆယ်ရှိလာပြီဖြစ်သည်။ ဟေတီနိုင်ငံအလယ်ပိုင်းရှိ COVID-19 ကုသပေးနေသည့် ဆေးရုံသည် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျပြီး ပျက်စီးခဲ့ရသည်။ သူနာပြုဆရာမတစ်ဦး ဒဏ်ရာရရှိပြီး လူနာများ ဒဏ်ရာမရရှိကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့သည်။ ဟေတီနိုင်ငံ ကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မုန်တိုင်းရာသီကာလတွင် ဘေးအန္တရာယ်များ မကြုံရအောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားထားသည်။
ဟေတီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ ရှိထားကြောင်း အစိုးရက ပြောကြားထားသည်။ ထိုပြောကြားချက်များသည် စာရွက်ပေါ်မှသာ ရှိနေပြီး လက်တွေ့တွင် ဖြစ်မလာပေ။ COVID-19 ကာကွယ်ရေးအတွက် ဆေးရုံများ အသင့်ပြင်ထားသည်။ ကျန်းမာရေးဝန်ထမ်းများ အသင့်ရှိနေသည်။ ဤပြောကြားချက်သည် တကယ့်လက်တွေ့တွင် တစ်ခြားစီဖြစ်နေသည်။ ပြည်သူလူထုက အစိုးရ၏ ပြောကြားချက်များနှင့် လုပ်ရပ်များအပေါ် သံသယဝင်နေကြသည်။ ရောဂါကူးစက်မှုများ ရှိနေသကဲ့သို့ သေဆုံးသူဦးရေကလည်း မြင့်တက်နေသည်။
“ လူတွေ ဖျားနာနေကြတာ အမှန်ပဲဖြစ်ပါတယ်။ ပြည်သူအများစုဟာ အသက်ရှုကျပ်တဲ့လက္ခဏာတွေ ဖြစ်နေကြပါတယ်” ဟု ဆရာဝန် အာနိုမွန်ဒီသီက ပြောကြားလိုက်သည်။ သူက ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့ရှိ ဆင်းရဲသားလူတန်းစားများ နေထိုင်သော ဆိုက်ဆိုလီမှ ဆရာဝန်ဖြစ်သည်။ ဆင်းရဲသားပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါတို့သည် အမှန်တကယ်ရှိနေကြောင်း ယုံကြည်ဖို့ လိုအပ်နေသည်ဟု အာနိုက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်ခံရသူ ခြောက်သန်းကျော်ရှိနေပြီး သေဆုံးသူ သုံးသိန်းကိုးသောင်းကျော် ရှိနေသည်ကို ဟေတီပြည်သူများကို ဆရာဝန်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသိပေးပြောကြားသော်လည်း ဟေတီပြည်သူများက ကိုရိုနာဗိုင်းရပ်စ်ကို အလေးအနက် မထားကြပေ။
ဟေတီနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရမှုက မတ် ၁၉ ရက်ဖြစ်သည်။ ဟေတီသမ္မတ ဂျိုမီနယ်မွိုင်ဆီက နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ရောက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ဆက်တည်း ဆိုသလို စာသင်ကျောင်းများ၊ စက်ရုံများကို ပိတ်ပစ်ခဲ့သည်။ လူ ၁၀ ဦးထက်ပိုပြီး မစုဝေးရဟု အမိန့်ထုတ်ပြန်သည်။
ဟေတီပြည်သူများကတော့ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အလေးအနက်မရှိကြ။ မိမိပတ်ဝန်းကျင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေသူများရှိသည့်တိုင် မိမိသာမန်ဖျားနာမှုသာ ရှိကြောင်း ပြောကြားကြသည်။ နာမကျန်းဖြစ်နေသူများနှင့် နေအိမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူများ ရှိသော်လည်း သိပ်ပြီး အလေးအနက် မထားကြပေ။ ဆေးရုံသွားပြီး ဆေးကုသမှု ခံယူမည့်အစား ဆေးမြီးတိုများနှင့်သာ စခန်းသွားခဲ့ကြသည်။
ဆရာဝန် အာနိုမွန်ဒီသည် နယ်စည်းမခြားဆရာဝန်များ ဖွင့်လှစ်ထားသည့် ဆေးရုံတွင် အမှုထမ်းနေသူဖြစ်သည်။ သူ့ဆေးရုံရှိ ကုတင် ၄၅ လုံးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် ဆေးဝါးကုသမှုခံယူရန် အသင့်ထားရှိသည်။ ဆေးရုံဖွင့်ပြီး နှစ်ပတ်အကြာဆေးရုံကို ရောက်ရှိသည့် လူနာများ တစ်စထက်တစ်စ များလာသည်။
“ သိသာထင်ရှားတာ တစ်ခုကတော့ လူတွေအိမ်မှာ နေရတာကြာတော့ စိတ်ပျက်လာကြပြီး ဆေးရုံလာကြတာပဲ ဖြစ်ပါတယ်” ဟု အာနိုက ပြောကြားသည်။
ဆရာဝန်များ၊ သူနာပြုများဆရာမများသည် လူနာများ၏ အမည်များကို စာရင်းသွင်းခြင်းများ ပြုလုပ်ပေးသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှု ရှိ မရှိ စမ်းသပ်စစ်ဆေးပေးသည်။
“ တချို့လူနာတွေက အလွန်စိုးရိမ်ရပါတယ်။ တချို့ဆိုရင် သတိမေ့နေကြပါတယ်” ဟု ဆရာဝန် အန်တိုနီယိုပလက်ဆီက ပြောသည်။ သူ့နောက်ကျောတွင် အဘိုးအိုတစ်ယောက်သည် သတိမေ့နေသည်။
“ ကျွန်တော်တို့ အစွမ်းကုန် ကုသပေးနေပါတယ်။ သူနောက်ဆုံး ထွက်သက် ထွက်တဲ့အချိန်ထိပေါ့” ဟု အန်တိုနီယိုပလက်ဆီက ပြောပြသည်။
သေဆုံးသူ ၅၀ ရှိပြီး ရောဂါကူးစက်ခံရသူ နှစ်ထောင်ခြောက်ရာကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူဦးရေသည် ပိုမိုများပြားနေကြောင်းနှင့် ရောဂါ ရှိ မရှိ စစ်ဆေးမှုပြုလုပ်နိုင်မှုမှာလည်း အလွန်တရာနည်းပါးနေသေးကြောင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စီးပွားရေးကျဆင်းနေသော နိုင်ငံဖြစ်သည့် ဟေတီတွင် Lockdown လုပ်ထားခြင်းကြောင့် ပြည်သူတို့အတွက် စားဝတ်နေရေးပြဿနာသည် လုံးဝကြီးမားလျက်ရှိသည်။ စျေးများတွင် လူများစုပြုံ တိုးဝှေ့နေခြင်းကြောင့် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေရေးဆိုသည်မှာ လက်တွေ့တွင် အရာမထင်တော့ပေ။
“ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို မတားဆီးနိုင်ဘူးဆိုရင်တော့ သေဆုံးမှုတွေ မြင့်တက်လာဖို့ပဲ ရှိပါတယ်။ ဆေးရုံမှာ ကုသခံရတဲ့ လူတွေထဲမှာ ရောဂါလက္ခဏာပြတဲ့ သူတွေရဲ့ နောက်ကြောင်းရာဇဝင်နဲ့ သူတို့နဲ့ ပတ်သက်တဲ့ လူတွေကို ခြေရာခံဖို့ကလည်း ခက်ခဲနေပါတယ်” ဟု တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ဂျိုနယ်ကာဒက်ဆိုလျှင် မော်တော်ဆိုင်ကယ် တိုက်ခံရပြီး ခြေထောက်ကျိုးသဖြင့် ဆေးရုံရောက်လာသူဖြစ်သည်။ ဆေးရုံရောက်မှ သူသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူဖြစ်မှန်း သိရသည်။
“ ဆေးရုံရောက်ချိန်မှာ ကျွန်တော် အပြင်းဖျားနေတယ်။ နောက်တော့ ကိုယ်အပူချိန် ပြန်ကျသွားတယ်။ ဆရာဝန်တွေက ကျွန်တော့်နှာခေါင်းနဲ့ လည်ချောင်းထဲ တစ်စုံတစ်ခုထည့်ပြီး စမ်းသပ်တယ်။ ပြီးတော့မှ ကျွန်တော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ပြောတယ်” ဟု ဂျိုနယ်ကာဒက်က ပြောပြသည်။
နဂိုက သူသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည်ဆိုခြင်းကို မယုံခဲ့ပေ။ ယခုတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိနေသည်ကို ယုံကြည်ခဲ့သည်။
ဟေတီနိုင်ငံ ပြည်သူများသည် အငတ်ဘေး၊ ဆင်းရဲမွဲတေမှုဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုတော့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရသည်။ အမှောင်ထဲမှာ ကျရောက်နေသော ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အမှောင်ထုကြီးနှင့် ထပ်မံရင်ဆိုင်နေကြရသည်။ သူတို့အတွက် အလင်းစတစ်ခုကို ရဖို့အတွက် အစိုးရအနေဖြင့် စွမ်းဆောင်နိုင်မှု မရှိသေးပေ။










