ငွေကြေးဖောင်းပွမှုအပေါ် ဂရုပြုရန်လိုခြင်း

ငွေကြေးဖောင်းပွမှုအပေါ် ဂရုပြုရန်လိုခြင်း
Published 3 June 2020

ကိုဗစ်အလွန်တွင် စီးပွားပျက်ကပ်ဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု တစ်ကမ္ဘာလုံးက သုံးသပ်စိုးရွံ့နေကြသည်။ လက်ရှိအခြေအနေတွင် နိုင်ငံအတော်များများတွင် စီးပွားရေးနှင့် ပတ်သက်၍ အနုတ်လက္ခဏာဆောင်သော သတင်းများသာ ပျံ့နှံ့နေသည်။ စီးပွားရေးသည် လာမည့်နှစ်နှစ်အတွင်း ပုံမှန်အခြေအနေသို့ပင် ပြန်ရောက်နိုင်ပါ့မလားဟူသည့် အနာဂတ်မသေချာသော မေးခွန်းများဖြင့် ရင်ဆိုင်နေကြရသည်။ မြန်မာ့စီးပွားရေးသည်လည်း နှစ်ရာခိုင်နှုန်းအောက်ပင် ရောက်သွားနိုင်သည်ဟု သုံးသပ်နေကြသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွနှုန်းသည် ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဧပြီလအထိသည် ခန့်မှန်းနှုန်းထက်ပင် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုစာရင်းအရ သိရသည်။  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ကိုကြည့်လျှင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာနှုန်းရှိမည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၉ အောက်တိုဘာတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဧပြီတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် စီးပွားရေးတို့အား အပေါင်းလက္ခဏာဆောင်သော နည်းလမ်း၊ အနုတ်လက္ခဏာဆောင်သော နည်းလမ်း နှစ်ရပ်စလုံးဖြင့် သက်ရောက်မှုအမျိုးမျိုး ရှိနိုင်သည်။ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု၌ငွေကြေးကို ကိုင်ထားခြင်းနှင့် ပတ်သက်သော အခွင့်အလမ်းအရ ကုန်ကျမှုမြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးစုဆောင်းခြင်းများကို ကျဆင်းစေနိုင်သော အနာဂတ်နှင့်ပတ်သက်သည့် မရေရာမှုကို ဖြစ်စေခြင်း၊ (ငွေကြေးဖောင်းပွမှုသည် မြန်ဆန်ပါက) အနာဂတ်တွင် စျေးထပ်တက်မည် စိုးသောကြောင့် စားသုံးသူများက ကုန်ပစ္စည်းများကို စတင်၍ လှောင်လာကြသောကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများ၌ အမည်ခံလုပ်ခမြင့်မားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချနိုင်ခြေရှိခြင်း၊ ငွေကြေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန် ဗဟိုဘဏ်အတွက် လူးသာလွန့်သာ အနေအထားဖြစ်စေခြင်း၊ ငွေကြေးကိုင်ထားခြင်းထက် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေထုတ်ချေးရန် အားပေးမှုကိုဖြစ်စေခြင်း အစရှိသည်တို့ပါဝင်သည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းနှင့် အလွန်အကျွံမြင့်မားခြင်းတို့သည် ငွေကြေးထောက်ပံ့မှု အလွန်အကျွံကြီးထွားမှုကြောင့် ဖြစ်ရသည်ဟု ယေဘုယျအားဖြင့် စီးပွားရေးပညာရှင်များက ယုံကြည်ကြသည်။ ယနေ့ခေတ်၌ စီးပွားရေးပညာရှင်အများစုက ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ပါးစွာနှင့် မှန်မှန်ဖြစ်ပေါ်မှုကို ပို၍ကြိုက်နှစ်သက်ကြသည်။ (သုည သို့မဟုတ် အနုတ်မဟုတ်သည့်) နိမ့်းပါးသော ငွေကြေးဖောင်းပွမှုသည် အကျဘက်သို့ပုံစံ တစ်ရပ်၌ လုပ်သားစျေးကွက်ကို ပိုမိုလျင်မြန်စွာ ထိန်းညှိနိုင်ခြင်းဖြင့် စီးပွားရေးဆုတ်ယုတ်မှု၏ ပြင်းအားကို လျော့ပါးစေခြင်း၊ ငွေပေါ်လွယ်မှု ထောင်ချောက်က ငွေကြေးမူဝါဒအား စီးပွားရေးတည်ငြိမ်ရေး မလုပ်နိုင်အောင် ဟန့်တားနိုင်ခြေကို လျှော့ချပေးခြင်းတို့ ဖြစ်စေနိုင်သည်။

လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်းနှင် စားသုံးသူ စျေးဆနှုန်းကိန်းတို့သည်လျင် မြန်သောနှုန်းဖြင့် မြင့်တက်နေခြင်းမှာ ကြောက်စရာကောင်းလှသည်။ ငွေကြေးတန်ဖိုး တအိအိလျော့ကျနေပြီး အသုံးစရိတ် ပိုမိုမြင့်မားလာသော်လည်း တစ်ဖက်တွင်လည်း အာဆီယံဒေသတွင်း၌ လုပ်ခလစာနှုန်း နည်းပါးမှုကို ယှဉ်ကြည့်ပါက တိုင်းပြည်၏အခြေအနေကို တွက်ဆနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အပြောင်းအလဲ မြန်ဆန်ခြင်းကဲ့သို့သော ငွေကြေးမတည်ငြိမ်မှုများသည် နိုင်ငံ၏စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ သို့ဖြစ်ရာ ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်ပါးစွာနှင့် တည်ငြိမ်စွာ ထိန်းထားနိုင်ရေးသည်လည်း အရေးကြီးသော ကိစ္စရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent