COVID-19 နှင့် ကမ္ဘာ့နိုင်ငံရေး

COVID-19 နှင့် ကမ္ဘာ့နိုင်ငံရေး
Published 2 June 2020

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် ဥပဒေပြုရေးလုပ်ဆောင်ချက်များကို ရွှေ့ဆိုင်းရခြင်း၊ နိုင်ငံရေးသမားအများအပြား ကွယ်လွန်ခြင်း သို့မဟုတ် သီးသန့်ခွဲနေရခြင်း၊ ရွေးကောက်ပွဲအချိန်ဇယားများ ပြန်လည်ရေးဆွဲရခြင်း အစရှိသည်တို့နှင့်အတူ ကမ္ဘာ့နိုင်ငံရေးစနစ်များအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိသည်။ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများအပြားတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းများ ရှိခဲ့သကဲ့သို့ အစိုးရအပေါ် ထောက်ခံမှုများတွင်လည်း အတက်အကျများရှိခဲ့သည်။  Wikipedi တွင် ဖော်ပြသည့် အချက်အလက်များအရ အစိုးရအပေါ် ထောက်ခံမှု အပြောင်းအလဲများအဖြစ် အီတလီ (+၂၇ ရာခိုင်နှုန်း)၊ ဂျာမနီ (+၁၁)၊ ပြင်သစ် (+၁၁) နှင့် ဗြိတိန် (+၁၁) တို့ ဖြစ်လာသည်ကို တွေ့ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စုတွင် သမ္မတဒေါ်နယ်ထရန့်အပေါ် ထောက်ခံမှုသည် ၆ မှတ် ကျဆင်းသွားခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးများ ထောက်ခံမှု တက်လာခဲ့သည်။ နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကူအိုမိုဆိုလျှင် ၅၅ မှတ်အထိ ထောက်ခံမှု တက်လာခဲ့သည်ကို တွေ့ရသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံပေါင်း ၈၄ နိုင်ငံ ထက်မနည်းသည်  နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့ရာ အာဏာအလွဲသုံးစားမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများလည်း ရှိလာခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့မှု၏ ရလဒ်အဖြစ် နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ကန့်သတ်ခံရသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အခိုင်အမာ ပြောကြားခဲ့သည်။ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု၏ နိုင်ငံရေးအပေါ် သက်ရောက်မှုနမူနာများတွင် လူထုဆန္ဒပြပွဲများကို ပိတ်ပင်ခြင်း၊ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် အတိုက်အခံများအနေဖြင့် ထိထိရောက်ရောက် မဲဆွယ်စည်းရုံးမှုများ မပြုနိုင်ချိန်၌ ကျင်းပခြင်း၊ နိုင်ငံရေးအတိုက်အခံများကို တမင်ပစ်မှတ်ထားကာ သက်ရောက်စေမည့် Lockdown ချထားခြင်း၊ မိမိတို့ကို မဲထည့်မည့် ထောက်ခံသူများကို ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပ့ံငွေများ ထုတ်ပေးခြင်းနှင့် အားနည်းသည့် လူနည်းစုများကို ဓားစာခံဖြစ်စေခြင်းတို့ ပါဝင်သည်။ နိုင်ငံများစွာတို့တွင် ထိတွေ့ခဲ့သူများကို ခြေရာခံရန်အတွက် အကြီးအကျယ် ထိန်းချုပ်စောင့်ကြည့်သည့် အစီအစဉ်များကို ဖော်ပြခဲ့ကြခြင်းကလည်း ပြည်သူတို့၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုအပေါ် ထိပါးနိုင်သည်ဟူသည့် စိုးရိမ်မှုများကို ဖြစ်စေခဲ့သည်။

နိုင်ငံရေးသမားများအနေဖြင့် လူ့အဖွဲ့အစည်းကို အကြီးအကျယ်ပျက်စီးစေနိုင်သည့် သွေးပျက်ချောက်ချားဖွယ် အနေအထားတစ်ရပ်ကို ရှောင်ရှားနိုင်ရေးအတွက် ထိန်းချုပ်နိုင်ရန် လိုအပ်လာပုံရသည်။ ရှင်းလင်းပြတ်သားသည့် ခေါင်းဆောင်မှုနှင့် လုပ်ပိုင်ခွင့်အာဏာကိုလည်း မျှော်လင့်လာကြပုံရသည်။ ပုံမှန်ဥပဒေပြုမှုရေးရာ လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ခြင်း သို့မဟုတ် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြခြင်းတို့သည် ယင်းယုတ္တိဗေဒနှင့် အံဝင်၍နေသည်။ သို့သော် လူ့အသိုင်းအဝိုင်းများအနေဖြင့် အကျပ်အတည်းကာလများတွင် ခုခံတွန်းလှန်နိုင်စွမ်း အားနည်းတတ်ကြပြီး နိုင်ငံရေးသမားများအနေဖြင့် ဒီမိုကရေစီကဲ့သို့သော လူ့အဖွဲ့အစည်း၏ ပင်မစံတန်ဖိုးများကို လေးစားလိုက်နာရန်လည်း လိုအပ်သည်။ အမှန်တကယ်၌ ယင်းစံတန်ဖိုးများသည် သီးခြားဆန်ပြီး ယဉ်ကျေးမှုအလိုက် ကွဲပြားခြားနားသည်သာဖြစ်၏။

နိုင်ငံအများအပြားအနေဖြင့် COVID-19 ကို တုံ့ပြန်ရာတွင် လူအများတန်းတူညီမျှရေးဟူသည့် လူ့အဖွဲ့အစည်း၏ ပင်မစံတန်ဖိုးအပေါ် အခြေခံလျက် သွေးစည်းညီညွတ်ရေးမူဝါဒကို တည်ဆောက်ကြသည်။ နိုင်ငံအချို့သည် ဆင်းရဲသောနိုင်ငံများနှင့် ကုလသမဂ္ဂ၏ စနစ်များကို ကူညီခြင်းဖြင့်လည်း သွေးစည်းညီညွတ်ရေးကို ချဲ့ထွင်ကြသည်။ သို့သော် ပင်မစံတန်ဖိုးများကို စိန်ခေါ်နေမှုအချို့လည်း ရှိလာပြီး အချို့သော တုံ့ပြန်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်စေသည်များလည်း ရှိသည်။ အစိုးရအဖွဲ့များကို အာဏာချဲ့ထွင်ပေးသည့် “ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာဥပဒေများ” က ပုံမှန်ဒီမိုကရေစီ လုပ်ငန်းစဉ်များ၏ ပြင်ပသို့ ကျွံထွက်လာမှုအပေါ် မခံမရပ်နိုင်မှုများ ရှိလာခြင်းဖြစ်သည်။ ရောဂါပျံ့နှံ့မှုလမ်းကြောင်းကို ချင့်တွက်ရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ အသုံးပြုမှု၊ ရပ်ကွက်နှင့် လမ်းများ၌ ရောဂါတိုက်ဖျက်ရေးအတွက် အရပ်သားများက ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများသဖွယ် လုံခြုံရေးတာဝန်ယူမှုနှင့် လူစုလူဝေးပြုလုပ်ခြင်းနှင့် ပတ်သက်၍ အရေးယူသူကိုယူပြီး (တိုင်ကြားသော်လည်း) အရေးမယူသူကို မယူခြင်းတို့အပြင် ချမှတ်သည့်ပြစ်ဒဏ်များ မညီမျှမှု အစရှိသည်တို့ကလည်း အငြင်းပွားဖွယ်ဖြစ်လာသည်။

မည်သို့ပင်ဆိုစေကာမူ မူဝါဒချမှတ်သူများအနေဖြင့် မှန်ကန်သည့် မျှခြေတစ်ရပ်၌ ရှိရေးကို ဦးစားပေးရန် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent