အတန်ကြာ လူသူကင်းမဲ့ခဲ့သည့် လမ်းများ တစ်ဖန်ပြန်စည်ကား၍ လာပေတော့မည်။ သို့သော် ပုံမှန်အနေအထားသို့ ပြန်ရောက်ပြီဟု တွေးထင်ထားမှုထဲ၌ ကွဲပြားခြားနားသည့် ကမ္ဘာကိုသာ ပြန်ရမည်ဖြစ်သည်။ ယာယီပျက်ပြားသွားခြင်းမျိုး မဟုတ်သည့်အတွက် တည်ငြိမ်သွားပြီဟု ဆိုနိုင်ရုံ အခြားမျှခြေတစ်ရပ်ကို ရခြင်းမျိုးသာ ဖြစ်လိမ့်မည်။ အမှန်တကယ်၌ ကမ္ဘာ့လူသားများ ရင်ဆိုင်ဖြတ်သန်းနေရသော ယခု COVID-19 အကျပ်အတည်းသည် သမိုင်း၌ အလှည့်အပြောင်း မှတ်တိုင်တစ်ရပ်ပင်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း အထွတ်အထိပ်ရောက်ခဲ့သည့် ခေတ်ကား ပြီးဆုံးသွားလေပြီ။ ကမ္ဘာတစ်ဝန်းလုံး၏ ထုတ်လုပ်မှုနှင့် ရှည်လျားသည့် ထောက်ပ့ံရေးကွင်းဆက်အပေါ် မှီခိုနေသည့် စီးပွားရေးစနစ်တစ်ရပ်သည် ကြားချိတ်ဆက်မှုများ နည်းပါးလာသည့် စနစ်တစ်ရပ်သို့ အသွင်ပြောင်းနေပြီဖြစ်သည်။ လူမှုဘဝများသည်လည်း ရုပ်ပိုင်းဆိုင်ရာ ချုပ်တည်းရမှုများ ပိုမိုလာပြီး ပို၍ ပို၍ Virtual ဆန်လာသည်။ ခံနိုင်ရည် ပိုမိုလိုအပ်သည့် ပိုမိုစိတ်ဝမ်းကွဲပြားသော ကမ္ဘာထဲသို့ ရောက်ရှိနေကြောင်း လူသားတို့ တွေ့ရှိရမည်ဖြစ်သည်။
မေ ၃၁ ရက်တွင် ဘရာဇီးနိုင်ငံက နေ့စဉ်ကူးစက်ခံရမှုနှုန်း ထပ်မံ၍ စံချိန်တင် မြင့်တက်ခဲ့မှုနှင့်အတူ ကမ္ဘာတစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် ခြောက်သန်းရှိလာပြီး ကပ်ရောဂါကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။ ကမ္ဘာ့နေရာအများအပြားတွင် စီးပွားရေးကို ပျက်စီးစေပြီး လူပေါင်း သန်းနှင့်ချီလျက်ကို အလုပ်လက်မဲ့ဖြစ်စေသည့် Lockdown ချထားမှုများကို ပြန်လည်ရုပ်သိမ်းနေကြချိန်၌ လက်တင်အမေရိကတွင် ရောဂါလျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည်။ တောင်အမေရိကတိုက်၏ ရောဂါကူးစက်ပျံ့နှံ့ရာ အချက်အချာဖြစ်သည့် ဘရာဇီးနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုပြီးသူ ၅၀၀,၀၀၀ ကျော်လာပြီး အမေရိကန်၏နောက် ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်လာသည်။ ဘရာဇီးနိုင်ငံတွင် သေဆုံးသူ အရေအတွက်သည်လည်း ၃၀,၀၀၀ နီးပါး ရှိလာစဉ် ခေါင်းဆောင်များအကြား Lockdown ချထားမှု နည်းလမ်းများနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေမှုများက ရောဂါကူးစက်ပျံ့နှံ့မှုကို နှေးကွေးအောင် ပြုလုပ်ရန် အဟန့်အတား ဖြစ်စေလျက်ရှိသည်။ ‘အိမ်တွင်းအောင်းနည်းလမ်း’ ကြောင့် စီးပွားရေး ပြိုလဲမည်ကို စိုးရိမ်သည့် ဘရာဇီးသမ္မတ ဂျာဘော်ဆိုနာရိုသည် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များအား “ ကွာရန်တင်း လုံးဝချထားသည့် အာဏာရှင်များ” ဟု ဒေါသတကြီး ဝေဖန်ခဲ့သည်။
ယခုရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့သေဆုံးသူအရေအတွက် ၃၆၈,၀၀၀ ရှိလာစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အမြဲတမ်းရန်ပုံငွေ ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှာလည်း အကြီးအကျယ် ဝေဖန်ခံနေရသည်။ “ ယခုအချိန်က ပူးပေါင်းဆောင်ရွက်မှုနဲ့ စုပေါင်းဖြေရှင်းမှုတွေကို မြှင့်တင်ဖို့ အချိန်ပါပဲ။ နိုင်ငံတကာရလဒ်တွေကို ချည့်နဲ့သွားစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားရပါမယ်” ဟု ဥရောပသမဂ္ဂက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။ အစောပိုင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် လုံလောက်စွာ လုပ်ဆောင်ခဲ့ခြင်း မရှိဟုလည်းကောင်း၊ လွန်ခဲ့သည့်နှစ်က COVID-19 ရောဂါပိုး စတင်ထွက်ပေါ်လာရာ တရုတ်နိုင်ငံအပေါ် အလွန်သက်ညှာခဲ့သည်ဟုလည်းကောင်း စွပ်စွဲကာ ထရန့်သည် လွန်ခဲ့သည့်လက WHO သို့ ထည့်ဝင်ရမည့် ရန်ပုံငွေကို ဆိုင်းငံ့ထားခဲ့သည်။ မေ ၂၉ ရက်တွင် ထရန့်သည် ယင်းဆုံးဖြတ်ချက်ကို အမြဲတမ်းအဖြစ် အတည်ပြုခဲ့ရာ WHO အပေါ် အလွန်ထိခိုက်စေခဲ့သည်။ အမေရိကန်သည် WHO သို့ ရန်ပုံငွေအများဆုံး ထည့်ဝင်သည့်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဒေါ်လာ သန်း ၄၀၀ ထည့်ဝင်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ကမ္ဘာတစ်လွှား၌ ရောဂါပိုးကူးစက်ပျံ့နှံ့မှုသည် အရှိန်အဟုန်များ ကွဲပြားခြားနားလျက်ရှိပြီး ပညာရှင်များက ရောဂါကူးစက်ပျံ့နှံ့မှုဒုတိယလှိုင်း ဖြစ်လာနိုင်ကြောင်း သတိပေးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံများစွာတို့မှာမူ စီးပွားရေးကို ချည့်နဲ့စေသည့် Lockdown များ ရုပ်သိမ်းပေးရန် ဖိအားများအောက်သို့ ရောက်ရှိနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇွန် ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









