ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ Arakan Dream နှင့် ပတ်သက်၍ ရခိုင်လူထုက ယုံကြည်မှု ကျဆင်းလာပြီး ယင်းကိစ္စနှင့်အား အဖတ်ပြန်ဆယ်ရန်အတွက် AA အဖွဲ့ က ကြေညာချက်ထုတ်ပြန်၍ တပ်မတော်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် AA နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောကြားချက်များနှင့် ဆက်စပ်၍ AA အဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် တုံ့ပြန်ချက် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်လိုမှုများကို ဖုံးဖိလိုခြင်း၊ ရခိုင်ဒေသမှ စစ်ရာဇဝတ်မှုများကို တပ်မတော်က ၎င်းတို့အပေါ် ပုံချလိုခြင်းနှင့် ရခိုင်စစ်မျက်နှာပြင်တွင် တပ်မတော်က စစ်ရှုံးနိမ့်နေခြင်း စသည့်အချက်များသည် AA အဖွဲ့၏ တုံ့ပြန်ချက်တွင် ပါဝင်ခဲ့သည်။
“သူတို့ ရည်မှန်းချက်ဖြစ်တဲ့ ဗမေုညေ ီမနော နဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ဟာတွေနဲ့ လက်တွေ့မြေပြင်မှာ ဒီလိုလုပ်တဲ့အတွက် ကြောင့် ပြည်သူလူထုက ဘယ်လိုခံစားနေရ သလဲဆိုတာတွေ၊ မအောင်မြင်တဲ့အတွက် ကြောင့် ၂၀၂၅ အထိ ရွှေ့လိုက်ရတယ်ဆိုတဲ့ ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သူတို့အားလုံးသည် ပြည်သူ လူထုအထဲမှာ ယုံကြည်မှု ကျဆင်းလာတာ ပေါ့။ အဲဒါကိုလည်း ပြန်အဖတ်ဆယ်ဖို့ ပြီး ရင် သူတို့တပ်ဖွဲ့ဝင်တွေလည်း သတင်းစာ ရှင်းလင်းပွဲကို နားထောင်ပြီးရင် သူက စိတ်ဓာတ်ကျတာတို့၊ တပ်တွင်းမှာ မယုံကြည်မှုတွေ၊ သူတို့ ဒီအပေါ်မှာ မယုံမကြည်မှုတွေ ဖြစ်လာမှာစိုးလို့ ဒီအပေါ်မှာ ကြိုတင်ကာ ကွယ်ပြီးတော့ လုပ်ဆောင်တယ်လို့ မြင်ပါ တယ်”ဟု AA အဖွဲ့၏ တုံ့ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောကြားချက်များမှာ မြေပြင်သတင်းအချက်အလက် ခိုင်ခိုင်မာမာဖြင့် ပြောကြားခြင်းဖြစ်ပြီး မှန်ကန်ကြောင်း၊ ထိုသို့ အချက်အလက် ခိုင်မာစွာဖြင့် ပြောကြားခဲ့သည့်အတွက် ရခိုင်ဒေသတွင် ဆောင်ရွက်နေသော AA အဖွဲ့၏ လုပ်ကြံဖန်တီးမှုများ ပေါ်သွားကြောင်း၊ ထို့ကြောင့် AA အဖွဲ့က ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
“တတိယအချက်ကတော့ သူတို့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တာပေါ့လေ။ ဖုံးကွယ်ချင်တာဆိုတာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတယ်ဆိုတာလည်း အားလုံးကသိသွားပြီ။ ကျွန်တော်တို့တောင်မှပဲ အထောက်အထား ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြခဲ့တဲ့ဟာဖြင့် ဒီလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ဟာတွေ ရှိတယ်။ ဒီပျံ့နှံ့နေတဲ့ဟာတွေ ရှိတဲ့အတွက်ကြောင့် သူတို့စွပ်စွဲလာနိုင်တာမို့လို့ ဒါတွေကို ပြေပျောက်နိုင်ဖို့အတွက် လုပ်ဆောင်တာလို့ ကျွန်တော် မြင်တာပေါ့”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရခိုင်ဒေသစစ်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရထံသို့ တပ်မတော်က နေ့စဉ်တိုင်းနီးပါး အစီရင်ခံစာများ တင်ပြပေးနေရပြီး လူချင်းတွေ့ဆုံဆွေးနွေးမှုများလည်းရှိကာ ယင်းကိစ္စကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့ပြင် စစ်တွေ၊ အမ်း၊ မြောက်ဦး၊မင်း ပြားနှင့် ကျောက်တော်ဒေသများတွင် AA အဖွဲ့က ၂၀၂၀ ပြည့်နှစ်၌ လွတ်လပ်ရေး ရမည်ဟူသော စကားဖြင့် ပြောဆိုစည်းရုံးခဲ့သည့်အတွက် မသိနားမလည်သော လူထုသည် AA ဘက်သို့ ပါသွားကြောင်းလည်း ၎င်းက ဆိုသည်။
“ဒါတွေက မဖြစ်နိုင်မှန်း သူတို့ သိလာတဲ့အခါမှာ ၂၀၂၅ ကို ရွှေ့ရတဲ့အခါမှာ သူတို့ ရှုံးနိမ့်နေတာကို ဖာထေးချင်တဲ့အတွက် ဒီစကားမျိုးတွေ ပြောလာခဲ့ခြင်း ဖြစ်တယ်လို့ပဲ မြင်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ရခိုင်ဒေသတွင် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော် ကြာနေပြီဖြစ်ပြီး ယင်းကာလအတွင်း အထိအခိုက်၊ အကျအဆုံး၊ လက်နက်ခဲယမ်း ဆုံးရှုံးမှုများအပြင် စိတ်ဓာတ်ရေးရာ ကျဆင်းခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းမှုများ ကြုံတွေ့နေရကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် စစ်မြေပြင်ရှုံးနိမ့်မှုများထဲမှ အချို့သော ရှုံးနိမ့်မှုများအား ဖော်ပြ၍ လက်ရှိအစိုးရအပေါ် အပြစ်ဖို့ခြင်း၊ ၎င်းတို့၏ အားနည်းချက်များကို ဖာထေးကာကွယ်ရန် ကြိုးစားအားထုတ်မှုများကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရကြောင်း၊ ရခိုင်စစ်မြေပြင်တွင် စစ်ရှုံးနိမ့်ခြင်းမှာ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် ပုံဖော်ပြောဆိုနေကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။