"အီမီလီယာနိုဆာလာနှင့် သက်ဆိုင်သည့် ဓာတ်ပုံတစ်ပုံ လူမှုမီဒီယာတွင် ပျံ့နှံ့နေခြင်းအတွက် လေ့လာသုံးသပ်၍ ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ရဲဌာနအနေဖြင့် ရင်းမြစ်ကို ဖော်ထုတ် အတည်ပြုနိုင်ရန် ဆွမ်ဆီး ဘောလုံးအသင်း၊ ကာဒစ်ဖ်စီးတီး ဘောလုံးအသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်" ဟု ရဲဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝေးလ်စ်တောင်ပိုင်းရဲဌာနသည် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဆွမ်ဆီးနှင့် ကာဒစ်ဖ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဒါဘီပွဲမတိုင်မီ ယခုနှစ်ဆန်းပိုင်းက လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သည့် ကာဒစ်ဖ် အသင်းတိုက်စစ်မှူး ဆာလာ၏ လေယာဉ်လက်မှတ်ပုံစံပြုလုပ်၍ အွန်လိုင်းတွင် လှောင်ပြောင်မှုအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွမ်ဆီးနှင့် ကာဒစ်ဖ်အသင်းတို့၏ ဝေးလ်စ်ဒါဘီပွဲကို ဆွမ်ဆီးအသင်း၏ ကွင်း၌ လက်ခံကျင်းပခဲ့ပြီး ယင်းပွဲမတိုင်မီ နှစ်ရက်အလိုတွင် ဆာလာကိုရည်ရွယ်သည့် လှောင်ပြောင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ Twitter တွင် ပျံ့နှံ့ခဲ့သည့်ဓာတ်ပုံအရ ဆွမ်ဆီးလေကြောင်းလိုင်း၏ လက်မှတ်ပုံစံတုပပြုလုပ်ထားပြီး ခရီးသည် နာမည်နေရာတွင် အီမီလီယာနိုဆာလာဟုလည်းကောင်း၊ လေယာဉ် အမှတ်နေရာတွင် သေဆုံးခြင်းကိုရည်ရွယ်၍ D3AD ဟုလည်းကောင်း၊ ထွက်ခွာသည့်မြို့နေရာတွင် နန့်စ်ဟုလည်းကောင်း၊ ဆိုက်ရောက်သည့်မြို့နေရာတွင် ကာဒစ်ဖ်ဟုလည်းကောင်း၊ လေယာဉ်ကပ္ပတိန် အမည်နေရာတွင် ၂၀၁၁ ခုနှစ်က ဝင်ဘလေကွင်းအပြင်ဘက်၌ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ကာဒစ်ဖ်အသင်းပရိသတ် မိုက်ကီဒိုင်းဟုလည်းကောင်း ဖြည့်စွက်ရေးသားထားကြောင်း သိရသည်။ သို့ ဖြစ်ရာ ဝေးလ်စ်တောင်ပိုင်းရဲဌာနက ယင်းကဲ့သို့ လှောင်ပြောင်မှုပြုလုပ် သူကို ရှာဖွေဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

"အီမီလီယာနိုဆာလာနှင့် သက်ဆိုင်သည့် ဓာတ်ပုံတစ်ပုံ လူမှုမီဒီယာတွင် ပျံ့နှံ့နေခြင်းအတွက် လေ့လာသုံးသပ်၍ ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ရဲဌာနအနေဖြင့် ရင်းမြစ်ကို ဖော်ထုတ် အတည်ပြုနိုင်ရန် ဆွမ်ဆီး ဘောလုံးအသင်း၊ ကာဒစ်ဖ်စီးတီး ဘောလုံးအသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်" ဟု ရဲဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆွမ်ဆီးအသင်းကလည်း ယင်းဓာတ်ပုံပြုလုပ်ခြင်းမှာ ရှက်စရာကောင်းကြောင်းနှင့် ကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ မိမိတို့ အသင်းကို ကိုယ်စားမပြုကြောင်း၊ ခွဲခြားဆက်ဆံမှု၊ လှုမှုကွန်ရက်တွင် လှောင်ပြောင်မှုများကို ခွင့်လွှတ်သည်းခံခြင်းမရှိသည့် မူဝါဒအရ ကျူးလွန်သူကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဆာလာသည် ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြင်သစ်ကလပ် နန့်စ်အသင်းမှ ကာဒစ်ဖ်အသင်းသို့ ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ဖြင့် ပြောင်းရွှေ့ကစားရန် လက်မှတ်ရေးထိုးပြီးနောက် နှစ်ရက်အကြာမှာ ပင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။















