ပူလီဆစ်ရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး

ပူလီဆစ်ရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး
Photos: Rueters & Getty Images
Photos: Rueters & Getty Images
Published 27 October 2019

■ ဘန်လေ ၂-၄ ချယ်လ်ဆီး

ဒီပွဲမှာ အဓိကချီးကျူးရမှာက လမ်းပတ်ရဲ့ပွဲတစ်ပွဲချင်းကို ချဉ်းကပ်တဲ့အပြောင်းအလဲဖြစ်ပြီး ကစားသမားတွေအပေါ် လိုသလိုကစားစေနိုင်တာက နည်းပြကောင်းတစ်ဦးရဲ့ ၀ိသေသပါပဲ။

ပူလီဆစ်ပွဲကစားခွင့်မရတာနဲ့ပတ်သက်ပြီး အသံတွေထွက်နေချိန်မှာ လမ်းပတ်ဟာ ချိန်သားကိုက်ပြောင်းလဲမှုကိုပြုလုပ်ခဲ့တယ်။ ပရိသတ်ဆန္ဒရှိနေချိန်မှာ ပူလီဆစ်ကိုပွဲ ထုတ်ခဲ့ပြီး ပူလီဆစ်ကိုယ်တိုင် ဟက်ထရစ်သွင်းယူခဲ့တာက လမ်းပတ်အတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီပွဲမတိုင်ခင်မှာ ပြိုင်ပွဲစုံ (၆)ပွဲဆက်အနိုင်ရထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်ကိုရှုံးခဲ့တာကလွဲလို့ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဆက်အနိုင်ရထားတဲ့ အသင်းပါ။

ဒါပေမဲ့ ဒီနေ့ အိမ်ကွင်းပွဲမှာတော့ ဘန်လေအသင်းဟာ ချယ်လ်ဆီးရဲ့ကစားကွက်အောက်ကို စောစောစီးစီးပဲရောက်သွားခဲ့ပြီး ချယ်လ်ဆီးကပဲ ပွဲကိုလိုသလို စီမံသွားခဲ့တာပါ။

ပူလီဆစ်ကတော့ လမ်းပတ်အတွက် နောက်ထပ်ခေါင်းခဲစရာတစ်ခုဖြစ်လာနိုင်ပြီး သူဟာ အရန်ခုံမှာအချိန်ကုန်နေရမယ့် ကစားသမားမဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာရော အခုပွဲစဉ်မှာပဲ သက်သေပြခဲ့ပါတယ်။

ပွဲစကတည်းက ချယ်လ်ဆီးအသင်းက တောင်ပံတိုးအားတွေနဲ့အတူ ဘန်လေကို ဖိအားပေးခဲ့တယ်။ ဝီလီယံနဲ့ ပူလီဆစ်တို့ရဲ့တောင်ပံ (၂)ဖက်တိုးအားက ဘန်လေအသင်းကို  ခံစစ်မှာ အချိန်ကုန်စေခဲ့ပြီး တိုက်စစ်ပြန်စဖို့အခွင့်အရေးမရသလောက်ဖြစ်သွားခဲ့တယ်။

ပွဲချိန် (၂၁)မိနစ်မှာပဲ ပူလီဆစ်က တစ်ကိုယ်တော်အစွမ်းနဲ့ ဘန်လေဂိုးစည်းထဲအထိ ထိုးဖောက်ပြီး သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းခဲ့တယ်။ 

ဂိုးရပြီးချိန်မှာ ပွဲက ချယ်လ်ဆီးအတွက်ဖြစ်သွားခဲ့ပြီး ဘန်လေအသင်းက ဂိုးပြန်သွင်းဖို့ထက် နောက်ထပ်ဂိုးမပေးရဖို့ကို စိုးရိမ်စိတ်ပိုများတဲ့ပုံဖြစ်နေတယ်။

ဒါကပဲ နောက်ထပ်ဂိုးတွေကို လွယ်လွယ်ကူကူပေးရဖို့ဖြစ်လာခဲ့တယ်။ ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် (၄၅)မိနစ်မှာ ပူလီဆစ်ရဲ့ ဧရိယာအပြင်ကန်ချက်က ဘန်လေနောက်ခံလူနဲ့ ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့လို့ ချယ်လ်ဆီးအသင်း ဒုတိယဂိုးရခဲ့တယ်။

ပထမပိုင်းမှာတော့ (၂-၀)ဂိုးနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးကပဲ ကစားအားကိုလိုသလို အတင်အချပြုလုပ်ကစားနိုင်ခဲ့တယ်။

(၅၆)မိနစ်မှာ မေဆန်မောင့်ရဲ့ ပေးပို့မှုကနေ ပူလီဆစ်က သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ် ဟက်ထရစ်ဂိုးအဖြစ် ခေါင်းတိုက်သွင်းယူပေးခဲ့တယ်။

ဒါဟာ ပူလီဆစ်အတွက်တော့ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်သွင်းယူခဲ့တဲ့ Perfect Hat-trick ဖြစ်ခဲ့ပြီး ဖူလ်ဟမ်အသင်းရဲ့တိုက်စစ်ကစားသမားဟောင်း ဒမ်ဆေးနောက်ပိုင်း  ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက် အမေရိကန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။

နောက် (၂)မိနစ်အကြာဖြစ်တဲ့ (၅၈)မိနစ်မှာပဲ ချယ်လ်ဆီးအသင်း စတုတ္ထဂိုးရခဲ့ပြီး အေဘရာဟမ်ရဲ့ပေးပို့မှုကို ဝီလီယမ်က သူ့ရဲ့ပုံစံအတိုင်း ထောင့်ဖြတ်ကန်သွင်းယူပေးခဲ့တာပါ။

(၄)ဂိုးပြတ်အနိုင်ရပြီးနောက်မှာ ချယ်လ်ဆီးအသင်းကစားအားချခဲ့လို့ ဘန်လေအသင်း အခွင့်အရေးတွေပြန်ရလာခဲ့တယ်။

(၈၆)မိနစ်မှာ ဂျေးရိုဒရီဂွက်ဇ်က လှပတဲ့အဝေးကန်ချက်နဲ့အတူ ဘန်လေအသင်းအတွက် ပထမချေပဂိုးသွင်းယူခဲ့ပြီး၊ (၈၉)မိနစ်မှာတော့ မက်နေးက ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့တယ်။

ဘန်လေအသင်း (၄-၂)ဂိုးအထိ ကပ်လိုက်လာနိုင်ခဲ့ပြီး ရင်ခုန်စရာဖြစ်ခဲ့ပေမယ့် ချေပဂိုးတွေရချိန်ဟာ နောက်ကျလွန်းခဲ့တယ်လို့ ဆိုရမှာပါ။ 

လက်ကျန်မိနစ်မှာတော့ ချယ်လ်ဆီးအသင်းက ဒီရလဒ်အတိုင်းထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲအပြီးမှာတော့ (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ရလဒ်များ

မန်စီးတီး ၃-၀ အက်စတွန်ဗီလာ

ဘရိုက်တန် ၃-၂ အဲဗာတန်

ဝက်ဖို့ဒ် ၀-၀ ဘုန်းမောက်

ဝက်စ်ဟမ်း ၁-၁ ရှက်ဖီးယူနိုက်တက်

ဘန်လေ ၂-၄ ချယ်လ်ဆီး

 

Most Read

Most Recent