အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်ကို ဖိအားပေးခဲ့တဲ့ မန်စီးတီး

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်ကို ဖိအားပေးခဲ့တဲ့ မန်စီးတီး
Photos: Reuters, AP & Getty Images
Photos: Reuters, AP & Getty Images
Published 26 October 2019

■ မန်စီးတီး ၃-၀ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) စနေညရဲ့အစောဆုံးပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

သောကြာနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ လက်စတာအသင်းက အဆင့် (၂)နေရာကိုယာယီတက်လှမ်းခဲ့ပေမယ့် အခုပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၂)မှတ်အသာနဲ့ အဆင့်(၂)နေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး စပါးနဲ့ ပွဲကျပ်ကစားရမယ့် လီဗာပူးလ်ကိုပါ ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အိမ်ကွင်းပွဲစဉ်မှာ အမှားအယွင်းမရှိဖို့အတွက် ဂျေးဇူး၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်တို့နဲ့ မန်စီးတီးအသင်းလူစုံထုတ်ခဲ့ပြီး အက်စတွန်ဗီလာအသင်းကလည်း အဝေးကွင်းမှာ အမှတ်ရနိုင်ဖို့ ခံစစ်အားပြုပြီး တုံ့ပြန်လာခဲ့ပါတယ်။

ပွဲအစပိုင်းကတည်းက မန်စီးတီးအသင်း ကစားကွက်အသာစီးယူနိုင်ခဲ့သလို ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေလည်းရှိခဲ့ပါတယ်။

ဂျေးဇူး၊ စတာလင်တို့ရဲ့ ဂိုးကန်သွင်းချက်တွေက ဂိုးနဲ့ကပ်လွဲချော်ခဲ့သလို၊ ဗီလာဂိုးသမား တွမ်ဟီတန်နဲ့ ခံစစ်ပိုင်းကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့လို့ ပထမပိုင်းမှာ မန်စီးတီးအသင်း ဂိုးမရခဲ့ပါဘူး။

ဗီလာအသင်းကတော့ မန်စီးတီးအသင်းဘက်ကို တန်ပြန်တိုက်စစ်နဲ့ ဖိအားပေးဖို့ကြိုးစားပေမယ့် ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေလို့ ဘယ်လိုမှအခွင့်မသာခဲ့ပါဘူး။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစမှာပဲ သွင်းဂိုးရရှိခဲ့ခြင်းနဲ့အတူ မန်စီးတီးအသင်း ဂိုးပြတ်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၄၆)မိနစ်မှာ စတာလင်က တစ်ကိုယ်တော်အစွမ်းနဲ့အကောင်းဆုံးသွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ စတာလင်အတွက် ဒီရာသီ မန်စီးတီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ (၁၄)ပွဲမှာ (၁၃)ဂိုးမြောက်သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် (၆၅)မိနစ်မှာတော့ မန်စီးတီးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဖြတ်တင်ပေးပို့မှုဟာ ဒေးဗစ်ဆေးလ်ဗားနဲ့ ထိပြီး ဂိုးဝင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ မိနစ် (၇၀)မှာ မန်စီးတီးအသင်း တတိယဂိုးရရှိခဲ့ပြီး ဗီလာဂိုးစည်းထဲ ရှုပ်နေတဲ့အနေအထားကနေ ဂွန်ဒိုဂန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

(၃)ဂိုးပြတ်အနိုင်ရပြီးချိန်မှာ မန်စီးတီးအသင်း ကစားအားလျှော့ချခဲ့ပြီး ပွဲကိုထိန်းချုပ်ကစားခဲ့လို့ ပွဲကအနည်းငယ်အေးသလိုဖြစ်ခဲ့ပါတယ်။

ဗီလာအသင်းအနေနဲ့လည်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မန်စီးတီးခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၃-၀)ဂိုးနဲ့အနိုင်ယူပြီး အဆင့် (၂)နေရာက ပြန်တက်လှမ်းနိုင်ခဲ့သလို စပါးနဲ့ပွဲကျပ်ကစားရမယ့် လီဗာပူးလ်ကို (၃)မှတ်အကွာ ဖိအားပေးနိုင်ခဲ့ပါတယ်။

 

 

Most Read

Most Recent