မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းကို ရေရှည်စီမံကိန်းဖြင့် ဖွဲ့စည်း၍ ပြိုင်ပွဲများ ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
MFF သည် မြန်မာ ယူ-၁၉ အသင်းကို လာမည့်နှစ် MNL-2 (ပထမတန်း) အမှတ် ပေးပြိုင်ပွဲ$ ဝင်ရောက်ယှဉ်ပြိုင်စေရန် စီစဉ်ထားပြီး ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအပြီး တွင်လည်း ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် MFF Youth အသင်းအမည်ဖြင့် ၂၀၁၈ ရာသီနှင့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြီးခဲ့သည့်ရာသီ တွင် ချန်ပီယံဆုရရှိခဲ့သည်။
ထို့ကြောင့် MFF သည် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမားများ အတွေ့အကြုံရစေရန် ယူ-၂၁ လိဂ်ပြိုင်ပွဲထက် ပိုမိုအဆင့်မြင့်မားသည့် MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် လည်း ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခုနှစ်အတွက် နောက်ဆုံးယှဉ်ပြိုင် သည့်ပြိုင်ပွဲလည်းဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယဆုတစ်ကြိမ် ရရှိထားသည်။















