စိတ်ကျရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အခြားရောဂါများ ဖြစ်ပွားနိုင်သည့် အလှကုန်ပစ္စည်းများ တွေ့ရှိ

စိတ်ကျရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အခြားရောဂါများ ဖြစ်ပွားနိုင်သည့် အလှကုန်ပစ္စည်းများ တွေ့ရှိ
Published 4 November 2017

စိတ်ကျရောဂါများ၊ ကျောက်ကပ်ပျက်စီးခြင်းများ အပါအဝင် အခြားရောဂါများ ဖြစ်ပွားနိုင်သည့် အလှကုန်ပစ္စည်းများ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

တွေ့ရှိခဲ့သည့် အလှကုန် ပစ္စည်းများကိုလည်း သုံးစွဲရန် မသင့်ကြောင်း ကြေညာခဲ့ပြီး ယင်းအလှကုန်များတွင် အဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်မှုမှာ Mercury (+) နှင့် Hydroquinone (+) တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအဆိပ်သင့် ဓာတုပစ္စည်းများမှာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက် ဖြစ်ခြင်း၊ အရေးပြားမှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

နိုဝင်ဘာ ၃ ရက်က ကြေညာခဲ့သည့် အဆိုပါ အလှကုန်ပစ္စည်း အမျိုးအမည်များမှာ QIanJin G 7 Day Special Effect Whitening Speckle Remover Cream (တရုတ်ဘာသာဖြင့်ဖော်ပြထား)၊ Oriental Whitening Cream (Whitening Anti-Freckle Set) Made in Taiwan၊ WinSurf (ရွက်လှေတံဆိပ်) Makeup Cream (Free Way Beauty Co.,Ltd Thailand) နှင့် WinSurf (ရွက်လှေတံဆိပ်) Facial Treatment Lotion (Free Way Beauty Co.,Ltd Thailand) တို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအလှကုန် ပစ္စည်းများကို သုံးစွဲရန်ကြေညာမှုနှင့် ဖြန့်ဖြူးရောင်းချသူများကို အရေးယူမှုများ ပြုလုပ်မည်ဟု ကြေညာချက်များ မကြာခဏ ထုတ်ပြန်ရလေ့ရှိပြီး စက်တင်ဘာနှင့် အောက်တိုဘာ အတွင်းက သုံးစွဲရန် မသင့်ကြောင်း ကြေညာခဲ့သည့် အလှကုန်ပစ္စည်း အမျိုးအမည် ၂၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent