ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၂ ရက်က လမ်းဘေးရပ်ထားသည့် YBS ခရီးသည်ယာဉ် တစ်စီးအား ကင်တာအမျိုးအစား ယာဉ်တစ်စီးက ဝင်တိုက်မိမှုကြောင့် နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထန်းတပင်မြို့နယ်နေ ဌေးဇော်သိန်း၊ (၃၀ နှစ်) မောင်းနှင်လာသည့် 6E/----၊ ကင်တာယာဉ်မှာ ထန်းတပင်မြို့နယ် အနောက်ပိုင်း တက္ကသိုလ်လမ်း သရက်ခြံမှတ်တိုင် အလွန်တွင် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး လမ်းဘေး၌ ရပ်ထားသည့် 3M/----၊ YBS ခရီးသည်ယာဉ် ဟွန်ဒိုင်းဘတ်စ် အမျိုးအစား ယာဉ်တစ်စီးအား ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် ကင်တာယာဉ်တွင် စီးနင်းလိုက်ပါလာသည့် ထန်းတပင်မြို့နေ ထွန်းထွန်းဝင်း (၂၂ နှစ်)နှင့် လှိုင်သာယာ မြို့နယ်နေ သီဟစိုး (၃၀ နှစ်)တို့မှာ ဒဏ်ရာများ ရရှိသဖြင့် အင်းစိန်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် YBS ခရီးသည်ယာဉ်တွင် လိုက်ပါစီးနင်းလာသည့် ယာဉ်မောင်းအမျိုးသား အပါအဝင် ထန်းတပင်မြို့နယ်နေ အမျိုးသမီး သုံးဦးတို့မှာ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အင်းစိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကင်တာယာဉ်မောင်းဖြစ်သူ ဌေးဇော်သိန်းအား တက်သစ်နယ်မြေ ရဲစခန်းက ယာဉ်(ပ) ၂၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်၊ သာမန်နာကျင်စေမှု၊ ပေါ့လျော့စွာ မောင်းနှင်မှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။