ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယာမြေသိမ်းဆည်းခံတောင်သူများအရေး ကူညီဆောင်ရွက်ပေးနေသည့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအဖွဲ့မှ ရပ်ကျေးတာဝန်ခံဖြစ်သူ ဦးဌေးအောင်အား အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုကြောင့် နိုဝင်ဘာ ၁ ရက်က မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု လာရောက်ခံယူစဉ် သေဆုံးသွားခဲ့ကြောင်း အဆိုပါ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်နော်အုန်းလှက ပြောကြားသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာမှ သိမ်းဆည်းမြေယာအရေး ဆောင်ရွက်ပေးနေသည့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ရပ်ကျေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးဌေးအောင်အား အောက်တိုဘာ ၂၈ ရက်က သိမ်းဆည်းမြေယာအရေး ကွင်းဆင်းစစ်ဆေးရန်အတွက်ဟုဆိုကာ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် အဆိုပါအခင်းဖြစ်ပွားရာ ယာမြေအတွင်းသို့ရောက်ရှိချိန်တွင် ဦးဌေးအောင်ကို ဆဲဆိုကြိမ်းမောင်းကာ အုပ်စုဖွဲ့၍ ပလောင်ကုန်းကျေးရွာမှ ဒေသခံဆိုသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ အဆိုပါ ရိုက်နှက်ခံရသည့်ဒဏ်ရာဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရာ မသက်သာသဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။
“ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တဲ့ ကိုဌေးအောင်က ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့ရဲ့ ရပ်ကျေးဆိုင်ရာ တာဝန်ခံတစ်ယောက် ဖြစ်ပါတယ်။ သူက နောင်ချိုမြို့နယ်အတွင်းက သိမ်းဆည်းမြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးပါ။ ဖြစ်စဉ်က သူ့ကို သိမ်းဆည်းယာမြေတွေနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမယ်လို့ ဖုန်းဆက်အကြောင်းကြားတယ်။ သူရောက်သွားတဲ့အချိန်မှာ ရွာသားတွေက ဝိုင်းဝန်းဆဲဆိုကြိမ်းမောင်းတာ လုပ်တယ်။ နောက်ပြီး ဝိုင်းဝန်းရိုက်နှက်ကြတော့ သူကထွက်ပြေးတယ်။ ဒါပေမဲ့ မပြေးနိုင်တော့ အုပ်စုဖွဲ့ထပ်ရိုက်ကြတယ်။ အဲဒီ ဒဏ်ရာတွေနဲ့ပဲ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပါတယ်။ ကနဦး အမှုဖွင့်ထားတာက ဘန့်ဘွေးရဲစခန်းမှာ ဖွင့်ခဲ့ပြီး သူသေဆုံးသွားခဲ့တဲ့အတွက် နောင်ချိုမြို့မရဲစခန်းမှာ အမှုပြောင်းလဲဖွင့်ထားပါတယ်။ ကျူးလွန်ခဲ့သူတွေထဲက သုံးဦးကိုတော့ ဖမ်းဆီးရမိထားတယ်လို့ သိရတယ်။ ဒါပေမဲ့ သုံးဦးထက်မကဘူးလေ အုပ်စုဖွဲ့ရိုက်တာဆိုတော့ ကျူးလွန်တဲ့သူတွေ ကျန်နေသေးတယ်” ဟု အဆိုပါအမှုဖြစ်စဉ်ကို သွားရောက်ကူညီပေးနေသည့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌဖြစ်သူ ဒေါ်နော်အုန်းလှက ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောင်ချိုမြို့မရဲစခန်းတွင် အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ပါဝင်ခဲ့သူ ဒေသခံ ရွာသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊ ၁၁၄၊ ၃၀၂ တို့ဖြင့် သေဆုံးခဲ့သူ ဦးဌေးအောင်၏ ဇနီးဖြစ်သူက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ လယ်ယာမြေအရေး ကူညီဆောင်ရွက်ပေးသူ ဦးဌေးအောင်အား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ၎င်းသေဆုံးခဲ့သည့် နိုဝင်ဘာ ၁ ရက် ညပိုင်းက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ကနဦး ပျံ့နှံ့မှုများ ဖြစ်ပေါ်ခဲ့သည်။