အဝေးကွင်းဂိုးပြတ်ရှုံးပွဲနဲ့အတူ ဖိအားတွေပိုများလာတဲ့ စပါး

အဝေးကွင်းဂိုးပြတ်ရှုံးပွဲနဲ့အတူ ဖိအားတွေပိုများလာတဲ့ စပါး
Photos: EPA, PA & BT Sport
Photos: EPA, PA & BT Sport
Published 5 October 2019

■ ဘရိုက်တန် ၃-၀ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အသင်းတွင်းပြဿနာများစွာနဲ့အတူ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ (၇)ဂိုးအထိ ပေးခဲ့ရလို့ ဖိအားတွေများနေတဲ့ စပါးနဲ့ ပိုချက်တီနိုတို့ နိုင်ပွဲနဲ့ရုန်းထွက်ဖို့ကြိုးစားခဲ့ပေမယ့် ဘရိုက်တန်ရဲ့ဂိုးပြတ်ချေမှုန်းခြင်းကိုခံခဲ့ရတာပါ။

ပိုချက်တီနိုဟာ ဒီနေ့ပွဲမှာ နိုင်ပွဲရဖို့အတွက် အဲရစ်ဆင်၊ ဒိုင်ယာ၊ ဆွန်ဟောင်မင်၊ ဟာရီကိန်း၊ အန်ဒွမ်ဘီလီတို့နဲ့ လူစုံထုတ်ခဲ့သလို ဘရိုက်တန်အသင်းကလည်း အိမ်ကွင်းမှာအမှတ်ရဖို့ မူပေး၊ ကွန်နိုလီ၊ အယ်လ်ဇာတီ၊ ဂရော့ဘ်တို့နဲ့ မာမာထန်ထန်တု့ံပြန်ခဲ့ပါတယ်။

စပါးအတွက် ကံဆိုးခဲ့တာက ပွဲအစ (၃)မိနစ်မှာပဲ ဂိုးပေးခဲ့ရသလို၊ ဒီဂိုးကိုကာကွယ်ရင်းနဲ့ ဂိုးသမားလိုရစ် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပြီး လူစားလဲခဲ့ရတာပါပဲ။

ဘယ်တောင်ပံကနေ ဂရော့ဘ်ရဲ့ ဖြတ်တင်ပေးပို့မှုကို လိုရစ်ဖမ်းဆီးရာမှာ ပြန်ထွက်လာတဲ့ဘောလုံးကို မူပေးက ပိတ်သွင်းပြီး ဘရိုက်တန်အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။

လိုရစ်အနေနဲ့ ဒီဂိုးကိုကာကွယ်ရာမှာ ဟန်ချက်ပျက်လဲကျခဲ့တာကြောင့် လက်နဲ့ထောက်မိခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။

စပါးအတွက်ကတော့ ပွဲအစပိုင်းမှာပဲ ဖိအားများသွားခဲ့ပြီး ကစားကွက်လည်း တည်ဖို့ခက်ခဲ့ပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်း စပါးအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုတွေက နားလည်မှုလွဲနေသလို၊ ပြိုင်ဘက်တွေအတွက်လည်း ဟန့်တားရလွယ်နေပါတယ်။

ဒါ့အပြင် စပါးအသင်းရရှိတဲ့အခွင့်အရေးတွေကိုလည်း ဆွန်ဟောင်မင် ဟာရီကိန်းတို့အသုံးမချနိုင်ခဲ့လို့ ချေပဂိုးမရခဲ့တာပါ။

ချေပဂိုးရဖို့ကြိုးစားရင်းနဲ့ပဲ စပါးအသင်းဒုတိယဂိုးပေးလိုက်ရပြီး ဘရိုက်တန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားမှူး ကွန်နိုလီက (၂)ဆင့်ပိတ်သွင်းယူပေးခဲ့တာပါ။

ဦးဆောင်ဂိုး (၂)ဂိုးပေးလိုက်ရပြီးချိန်မှာတော့ စပါးအသင်းရဲ့ကစားပုံဟာ စိတ်ပျက်စရာကောင်းလောက်အောင် ပြိုပျက်သွားခဲ့ပြီး ဘရိုက်တန်အသင်းကပဲ ဘောလုံးကိုအကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ စပါးအသင်းချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဘရိုက်တန်အသင်းရဲ့ခံစစ်ပိုင်းကိုကျော်ဖြတ်ဖို့ခက်နေခဲ့ပါတယ်။

ပွဲချိန် (၆၅)မိနစ်မှာတော့ (၁၈)ကိုက်စည်းထိပ်မှာ ရတဲ့အခွင့်အရေးကို ကွန်နိုလီကပဲ တစ်ကိုယ်တော်အစွမ်းနဲ့အတူ လှလှပပကန်သွင်းယူပြီး ဘရိုက်တန်အသင်းအတွက် တတိယဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

အသက် (၁၉)နှစ်နဲ့ (၂၅၀)ရက်သာရှိသေးတဲ့ အိုင်ယာလန်ကြယ်ပွင့်တိုက်စစ်မှူး ကွန်နိုလီကတော့ ၁၉၉၉ ခုနှစ် ရော်ဘီကိန်းနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတည်းမှာ (၂)ဂိုးသွင်းနိုင်တဲ့ အိုင်ယာလန်ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ကွန်နိုလီအနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်တဲ့ (၁၀၀)ဦးမြောက် အိုင်ယာလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ကျန်မိနစ်မှာ စပါးအသင်းက ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ စပါးအသင်း နှစ်သိမ့်ချေပဂိုးတစ်ဂိုးတောင်မရခဲ့တာပါ။

ပွဲအပြီးမှာတော့ ဘရိုက်တန်အသင်းက (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး စပါးအသင်းကို ဖိအားတွေအောက်ပို့ပေးခဲ့သလို၊ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၁၀)ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ နည်းပြပိုချက်တီနိုရဲ့အနာဂတ်ကတော့ စိတ်ဝင်စားစရာပါပဲ။

 

Most Read

Most Recent