တိုင်းရင်းသား ဝန်ကြီးချုပ်နှစ်ဦးနှင့် တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဦးဆောင်ပါဝင်မည့် တိုင်းရင်းသားရေးရာ ကော်မတီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းလိုက်သည်။
ရန်ကုန်မြို့တွင် နှစ်ရက်တာ ကျင်းပခဲ့သည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီဖွဲ့စည်းခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်က ကျင်းပခဲ့သည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင်များက လက်ရှိ တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသားပါတီများ အနေဖြင့် ယခင်ကကဲ့သို့ တစ်ပါတီချင်းစီ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည် မဟုတ်တော့သည့် အခြေအနေအပေါ် တုံ့ပြန်နိုင်မည့် မဟာဗျူဟာအစီအမံ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် ရှိသင့်ကြောင်း အကြံပြုချက်များအရ တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“တိုင်းရင်းသားရေးရာ ကော်မတီကို တိုင်းရင်းသား အစစ်တွေနဲ့ပဲ ကျွန်တော်တို့ဖွဲ့မှာပါ။ သတိထားမိမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လောက် Colourful ဖြစ်တဲ့ Government မရှိပါဘူး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကချင်၊ ဒုဥက္ကဋ္ဌက ရခိုင်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ကရင်၊ ဒုသမ္မတ ကရင်၊ ခရစ်ယာန်၊ ကျန်တဲ့ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေ ကြည့်လိုက်တော့လည်း သက်ဆိုင်ရာဒေသက တိုင်းရင်းသားလူမျိုးကို ဦးစားပေးတာ။ တိုင်းရင်းသားနဲ့ ပတ်သက်ရင် ကျွန်တော်တို့က အလွန်အလေးထားတာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
NLD ပါတီက ဖွဲ့စည်းသည့် တိုင်းရင်းသားရေးရာ ကော်မတီကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ပါတီဗဟို အလုပ်အမှုဆောင်လည်းဖြစ် ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်များလည်းဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးညီပုတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကာ ကျန်တိုင်းနှင့် ပြည်နယ်များမှ ဗဟိုကော်မတီဝင်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်သည်ဟု ၎င်းကပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “တိုင်းရင်းသား အစစ်တွေနဲ့ ဖွဲ့စည်းမယ်ဆိုတော့ တိုင်းရင်းသား အတုတွေ ရှိနေခဲ့ပြီလားမသိ” ဆိုပြီး ၎င်း၏ Facebook စာမျက်နှာတွင် စက်တင်ဘာ ၂၃ ရက်က ရေးသားထားသည်။
တိုင်းရင်းသားများနှင့် ပတ်သက်လျှင် အလွန်အလေးထားသည်ဆိုသည့် NLD ပါတီ ဒုတိယဥက္ကဋ္ဌ စကားအပေါ် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း “ဒီစကားကို ရုပ်တုကန့်ကွက်လို့ အဖမ်းခံရသူတွေ၊ တံတားအမည် အငြင်းပွားခဲ့ရသူတွေ၊ ပြည်နယ်လွှတ်တော်မှာ အများစုရပေမဲ့ အစိုးရဖွဲ့ခွင့် မရသူတွေ၊ NCA သဘောတူညီချက်အရ တရားဝင် ပါတီအားလုံး ပါဝင်ရမယ် ဆိုပေမဲ့ NLD လက်ထက်မှာ ရွေးကောက်ပွဲ မနိုင်လို့ဆိုပြီး ဘေးဖယ်ခံရသူတွေ၊ ပြည်နယ်အရေးကို နိုင်ငံခြားသားများ အလိုကျ ဆောင်ရွက်နေတယ်လို့ ထင်မြင်သူတွေ ယုံကြည်အောင်တော့ အတော်ကြိုးစားရဦးမယ်လို့ မြင်ပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် စက်တင်ဘာ ၂၃ ရက်က မှတ်ချက်ပြု ရေးသားထားသည်။
NLD ပါတီအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့် မဲရလဒ် ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အများစုတွင် ရှုံးနိမ့်ခဲ့သည်။
ထို့ပြင် ၂၀၁၇ နှင့် ၂၀၁၈ က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင်လည်း ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့်တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များ၌ အနိုင်မရခဲ့ပေ။
၂၀၂၀ ရွေးကောက်ပွဲကို ယခုအချိန်တည်းက မှန်းဆရခက်ခဲသော်လည်း NLD ပါတီအနေဖြင့် တိုင်းဒေသကြီးများတွင်သာ ရလဒ်ကောင်းနိုင်ပြီး တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်များတွင် ထောက်ခံမှု ဆက်လက် ကျဆင်းနိုင်သည်ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ပြောကြားသည်။















