၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ၂၀၂၀ ရွေး ကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြတ်ပြတ်သားသား အနိုင်ရအောင် ကြိုးပမ်းမည်ဖြစ်ပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက် အားကောင်းသည့် ပါတီတစ်ရပ် အနိုင်ရရန်လိုအပ်သည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်က ပြုလုပ်သည့် NLD ပါတီဒုတိယဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“အခြားပါတီတွေကို မလေးစားလို့ မဟုတ်ပါဘူး။ အလေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီမိုကရေစီရှင်သန်ခိုင်မာဖို့ဟာ အားကောင်းမောင်းသန်ဖြစ်တဲ့ ပါတီနိုင်လို့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားကောင်းမောင်းသန်ရှိနေတဲ့ပါတီ ခင်ဗျားတို့လည်း သိပြီးသားပါပဲ။ ကျွန်တော်တို့ ဒါကို နိုင်အောင်ကြိုးစားမယ်။ တတ်နိုင်သမျှ အစိုးရဖွဲ့နိုင်အောင် ကြိုးစားမယ်။ ကျွန် တော်တို့ တာဝန်က အပြတ်အသတ်အနိုင်ရ အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်” ဟု NLD ပါတီဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ပါတီအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲကတည်းက ပြည်သူထောက်ခံအားပေးမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနိုင်ရခဲ့ပြီး ထိုစဉ်က လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်းနိုင်ပါက ၎င်းတို့ ပါတီတစ်ခုတည်းကသာ လွှတ်တော်နှင့်အစိုးရကို ဆောင်ရွက်ခွင့်ရှိမည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆို သည်။
လက်ရှိ ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍတွင်NLD ကိုယ်စားပြုသူများ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းက ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီက တစ်ခဲနက်အနိုင်ရခဲ့၍ဖြစ်သည်ဟု ဗဟိုကော်မတီအစည်းအဝေးတွင် သဘာပတိအဖြစ် တာဝန်ယူသည့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်ထွဋ်ဦး က ပြောကြားသည်။
“ဒီလိုမှမဟုတ်ဘဲ ညွန့်ပေါင်းပုံစံအနေအထားသာဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ အ ခြေအနေဟာ ရှေ့မတိုးနိုင်၊ နောက်မဆုတ်သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဒီမိုကရေစီ အုတ်မြစ်ခိုင်မာအားကောင်းရန် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည့် အနိုင်ရရှိ မှုမျိုး ကာလတစ်ခုအထိ လိုအပ်သေးကြောင်း ပြည်သူများ နားလည်လက်ခံအောင် ကြိုးစားကြရန် သဘာပတိဦးတင်ထွဋ်ဦးက NLD ဗဟိုကော်မတီဝင်များကို တိုက်တွန်းသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ်ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့် တိုင်းရင်းသားမဲ ဆန္ဒနယ်မြေအများစုတွင် ရှုံးနိမ့်ခဲ့ပြီး ယင်းပြည်နယ်နှစ်ရပ်၏ လွှတ်တော်ကို လွှမ်းမိုးနိုင်သည့် အနေအထား တစ်ရပ်ကိုလည်း ဆုံးရှုံးခဲ့သည်။
ထို့ပြင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ လည်း လစ်လပ်မဲဆန္ဒနယ်၏ ထက်ဝက်ကျော်ကိုသာ အနိုင်ရရှိခဲ့ပြီး မွန်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေများတွင် ဆက်လက်ရှုံးနိမ့်ခဲ့သည်။
ထိုသို့ တိုင်းရင်းသား မဲဆန္ဒနယ်မြေများ တွင် ရှုံးနိမ့်ခဲ့သည့်တိုင် NLD ပါတီအနေဖြင့် တိုင်းရင်းဒေသဒေသများကို ကြောက်ရွံ့စိုးရိမ်ခြင်းမရှိဟု ပါတီဗဟိုလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
“တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အနိုင်ရတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ အဲဒါရှိနေလို့ ကျွန်တော်တို့က ဘာကိုမှ ကြောက်နေမှာမဟုတ် ဘူး။ စိုးရိမ်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲ ဆိုင်ရာ ယှဉ်ပြိုင်မှုကတော့ အပြည့်အဝရှိနေ ဦးမှာပဲ” ဟု ၎င်းက ပြောကြားသည်။
NLD ပါတီဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးအပြီး ချမှတ်သည့် ဆုံးဖြတ်ချက်ငါးချက်တွင် တိုင်း ရင်းသားရေးရာကော်မတီဖွဲ့စည်းရေးကို အချက်တစ်ချက်အ ဖြစ် ထည့်သွင်းထားသည်။
လက်ရှိတွင် တိုင်းရင်းသားဒေသအခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် တစ်ပါတီချင်းထက် ပါတီများပေါင်းစည်းပြီး ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အခြေအနေများအပေါ် တုံ့ပြန်နိုင်ရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် Strategic Plan (မဟာဗျူဟာအစီအမံ) ရှိသင့်သည်ဟု အစည်းအ ဝေးတက်ရောက်သည့် ဗဟိုကော်မတီများ အကြံပြုချက်အရ တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် က ပြောကြားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် တိုင်းဒေသကြီးများတွင် အနိုင်ရနိုင်ခြေများပြားသော်လည်း တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ်များတွင် ယခင်ရွေးကောက်ပွဲများထက် ထောက်ခံမှုကျဆင်း နိုင်ကြောင်း နိုင်ငံရေးနှင့် တိုင်းရင်းသားအ ရေးဆောင်းပါးရှင် ဦးမောင်မောင်စိုးက မှတ် ချက်ပြုသည်။















