NLD ပါတီ ဒုတိယ ဗဟိုကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိပါတီရုံးချုပ်တွင် စက်တင်ဘာ ၂၁ ရက် နံနက်က စတင်ကျင်းပခဲ့ပြီး ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပါတီ ဗဟိုကော်မတီ အစည်းအဝေးသို့ သဘာပတိအဖွဲ့နာယက ဦးတင်ဦး တက်ရောက်ပြီး သဘာပတိ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းထိန်၊ ဦးမန်းဂျော်နီတို့အပါအဝင် အခြေခံဥပဒေအရ ပါတီကိစ္စတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိသည့် ပြည်ထောင်စုအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများ နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်ကို တွေ့ရှိရသည်။
အစည်းအဝေး သဘာပတိအဖြစ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဆောင်ရွက်ခဲ့ပြီး သဘာပတိ မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။
ယခု တတိယအကြိမ် အစည်းအဝေးတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ ကို သုံးသပ်ဝေဖန်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများများအတွက် မူဝါဒ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းအပါအဝင် ၂၀၂၀ ရွေး ကောက်ပွဲနှင့် ပတ်သက်သည့် အချက်လည်း ပါဝင်မည်ဟု အစည်းအဝေး သဘာပတိမိန့် ခွန်းတွင် ပါရှိသည်။
“၂၀၂၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အုတ်မြစ်ခိုင်ခိုင်မာမာ ဖြစ်ထွန်းစေမယ့်၊ တစ်နည်းပြောရရင် တိုင်းပြည်ရဲ့အနာဂတ်အတွက် အလွန်အရေးပါတဲ့သက်ရောက်မှု ကြီးမားမယ့် ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်” ဟု သဘာပတိ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
လက်ရှိ ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွင် အဖွဲ့ချုပ် ကိုယ်စားပြုသူများ တက်ညီလက်ညီ ကြိုးပမ်းအားထုတ်နေကြသည်ကို ထိုက်သင့်သည့် တိုးတက်ဖြစ်ထွန်းမှုများက သက်သေပြလျက်ရှိကြောင်း၊ ထိုသို့ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းက ယခုကဲ့သို့ တိုင်းပြည်ထူထောင်ရေး အစပြုကာလတွင် အဖွဲ့ချုပ်ကဲ့သို့ အင်အားတောင့်တင်းခိုင်မာသည့် အဖွဲ့က တစ်ခဲနက်အနိုင်ရခဲ့၍ ဖြစ်ဟု ဦးတင်ထွဋ်ဦးက ပြောကြားသည်။
“ဒီလိုမှမဟုတ်ဘဲ ညွန့်ပေါင်း ပုံစံအနေ အထားနဲ့သာဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ရှေ့မတိုင်းနိုင်၊ နောက်မဆုတ်သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာသည့် အနေအထားရောက် ရေးအတွက် အားကောင်းသည့် အစိုးရတစ် ရပ် ဖွဲ့စည်းနိုင်သည့် အနိုင်ရမှုမျိုး ကာလတစ်ကန့်အထိ လိုအပ်နေသေးကြောင်းကို ပြည်သူလူထု အများစု နားလည်လက်ခံအောင် ဆက်လက်ကြိုးစားကြရမည်ဟုလည်း သဘာပတိမိန့်ခွန်း တွင် ပါရှိသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံများအရ တစ်အိမ်တက်ဆင်း (Door to Door) စည်းရုံးရေးဆင်းရန် လမ်းညွှန်ထားကြောင်း မိန့်ခွန်းတွင် ပါရှိသည်။
ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ အပါအဝင် လွှတ်တော်တွင်း ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ချက်များ၊ ပါတီ၏ဆောင်ရွက်ချက်များကို တစ်အိမ်တက်ဆင်းရှင်းလင်း ဆွေးနွေးခြင်းက ထိရောက်အောင်မြင်နိုင်မည့် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေး နည်းဗျူဟာဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဦးတင်ထွဋ်ဦးက ဆိုသည်။
၂၀၁၇ နှင့် ၂၀၁၈ တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ပါတီအနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အများစု၌ အနိုင်ရခဲ့သော်လည်း ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း စသည့် တိုင်းရင်းသားပြည်နယ် များရှိ မဲဆန္ဒနယ်အချို့တွင် အရေးနိမ့်ခဲ့ပြီး ဝန်ထမ်းအများစုရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းမဲဆန္ဒနယ်တွင်လည်း အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တိုင်း ရင်းသားပြည်နယ်အချို့တွင် NLD ပါတီ အ နိုင်ရရှိနိုင်ခြေနည်းပါးသည်ဟု တိုင်းရင်းသားအရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။
“ရွေးကောက်ပွဲကို ကြိုတင်ခန့်မှန်းဖို့က တော့ ခက်တယ်။ ဘာဖြစ်လို့လဲဆို ရွေးကောက်ပွဲနီးမှ ဖြစ်လာတဲ့ အကြောင်းအချက်တချို့က ရွေးကောက်ပွဲကို ကြီးကြီးမားမားသက် ရောက်မှုရှိလို့ပါပဲ။ အဲဒီတော့ အများကြီး ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ကြိုတင်ခန့်မှန်းရရင် ပြည်မ၊ တိုင်း ခုနစ်တိုင်းက NLD ကိုပဲ အများစုမဲပေးဖို့ ရာခိုင်နှုန်းများမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာတော့ NLD ကို ထောက်ခံ တဲ့ တိုင်းရင်းသား အင်အားစုမဲက ၂၀၁၅ ထက်စာရင် အများကြီးလျော့ကြသွားလိမ့် မယ်လို့ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။
ဒီမိုကရေစီကို လက်ခံကျင့်သုံးသည့် ပါတီအနေဖြင့် ပြည်သူလူထုကို အလေးထားပြီး ပြည်သူ့အားကိုလည်း ကိုးစားကြောင်း၊ မည်သည့် အခက်အခဲများ ကြုံတွေ့သည်ဖြစ် စေ ပြည်သူ၏ စုပေါင်းအားဖြင့် ပန်းတိုင် အ ရောက်ချီတက်မည်ဟု ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း NLD ပါတီ ဒုတိယ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေး သဘာပတိ မိန့်ခွန်းက ဆိုသည်။
ဗဟိုကော်မတီ အစည်းအဝေး ပထမ နေ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟို လုပ်ငန်းကော်မတီအသီးသီး၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများမှ အစီရင်ခံစာများ တင်သွင်းကြမည်ဖြစ်ပြီး ဒုတိယနေ့တွင် အဆိုပါအစီရင်ခံစာများကို ပြန်လည်ရှင်းလင်းဆွေးနွေး ရှေ့လုပ်ငန်းစဉ် များ ချမှတ်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
NLD ပါတီ ဒုတိယ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ တက် ရောက်ခွင့်ရှိသူ ၁၅၆ ဦး အနက် ၁၃၀ ကျော် တက်ရောက်ကြောင်း သိရသည်။















