၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၂၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် ပြောကြား

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၂၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် ပြောကြား
Published 21 September 2019
ဌေးလှအောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP) မှ မြို့နယ်ပေါင်း ၂၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားရန် စီစဉ်ထားကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေ မန်းကပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံ ပွဲသို့လာရောက်ခဲ့ရာတွင် သတင်းမီဒီယာများ၏မေးမြန်းမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဟာ နာမည်နဲ့လိုက်အောင် ပြည်ထောင်စုကြီး ကောင်းကျိုးဆောင်နိုင်ဖို့အတွက် ပါတီကို ဖွဲ့စည်းထူထောင်ပြီး ပါတီဝင်များရဲ့စိတ်ဓာတ်နဲ့ အရည်အချင်းတွေ တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အကြောင်းအရာတွေကို ပါ တီဝင်တွေနဲ့တွေ့ဆုံတဲ့အခါမှာ အဓိကဆွေးနွေးကြတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ အကြမ်းဖျင်းပေါ့။ မြို့နယ်ပေါင်း ၂၂၀ ကျော်မှာ ဝင်ရောက်အရွေးခံသွားဖို့ စီစဉ်ထားပါတယ်”ဟု ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားသည်။

လက်ရှိနိုင်ငံ၏အခြေအနေသည် သတိထား ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်နေပြီး အပြောမှားအလုပ်မှား၍မရဘဲ မည်သူမဆို နိုင်ငံကို ချစ်ကြသူများအနေဖြင့်  မှန်မှန်ကန်ကန် နိုင်ငံကို ချစ်တတ်ရန်နှင့် ချစ်ကြောင်းပြနိုင်ရန်လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

“ဒီနေ့ နိုင်ငံလျှောက်နေတဲ့လမ်းမှာ အင်မတန်သတိထား ပြောဆိုလုပ်ကိုင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အပြောမှားလို့လည်း မဖြစ်ဘူး။ အလုပ်မှားလို့လည်း မဖြစ်ဘူး။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တဲ့နေရာမှာ ချစ် တတ်ဖို့ လိုပါတယ်။ မည်သူမဆို နိုင်ငံကို ချစ် တဲ့သူများ ချစ်တယ်လို့ ယူဆတယ်ဆိုရင် မည်သူမဆို မှန်မှန်ကန်ကန် နိုင်ငံကို ချစ်တတ်ဖို့နဲ့ ချစ်ကြောင်းပြသနိုင်ဖို့ လိုအပ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ သူရဦးရွှေမန်းကပြောကြားရာ တွင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း တစ်ခုအပေါ်တွင် မသုံးသပ်လိုဘဲ နိုင်ငံအနေဖြင့်သုံးသပ်လိုကြောင်း ပြောကြားသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ် အစရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့သွားရောက်ကာ ပါတီရုံးခွဲများ ဖွင့်လှစ်ခြင်း ပါတီဝင်များနှင် တွေ့ဆုံခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် က ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ကို စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင် ပါတီ မှတ်ပုံတင်ရရှိခဲ့ကာ ပါတီရုံးခွဲ ပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ထားပြီး ပါတီဝင် ဦးရေ နှစ်သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent