ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်းသုံးစွဲခဲ့မှုကို လွှတ်တော် မှတ်တမ်းတင်

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်းသုံးစွဲခဲ့မှုကို လွှတ်တော် မှတ်တမ်းတင်
Published 21 September 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်းသုံးစွဲခဲ့မှုအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အ ရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်း လင်းတင်ပြခဲ့သည်။

ဒုတိယဝန်ကြီးက ကရင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လမ်း၊ တံတားလုပ်ငန်း ၁၈၃ ခု ပျက်စီးမှုအား ပြန်လည်ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယ သမ္မတထံ တင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အရအသုံးခန့်မှန်း ခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်း မရှိ၍ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၇၂၁ ဒသမ ၂၃၅ သန်းအား လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးစွဲနိုင်ရေး ခွင့်ပြုနိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည် ထောင်စုအစိုးရထံတင်ပြချက်အပေါ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယခင်တင်ပြချက်အစား ကျပ် ၉၆၂ ဒသမ ၆၆၉ သန်း တန်ဖိုးရှိ လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေမှ မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်း ၇၉ ခုအတွက် လိုအပ်ရန်ပုံငွေ ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်းအား အရေးပေါ် ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ရန် တင်ပြခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန်လမှ သြဂုတ်လ အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ လုပ်ငန်း ၄၇ ခုအတွက် ရန်ပုံငွေကျပ် ၁၂၃၂ ဒသမ ၀၅၂ သန်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်း ၂၅ ခုအတွက် ရန်ပုံငွေ ကျပ်သန်း ၄၈၀ ဒသမ ၃၈၅  ကရင်ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ လုပ်ငန်း ခုနစ်ခုအတွက်  ကျပ် ၁၂၉ ဒသမ ၄၂၂ သန်း၊ စုစုပေါင်းလုပ်ငန်း ၇၉ ခုအတွက် အရေးပေါ်ရန်ပုံငွေ ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်း သုံးစွဲမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေးဝန် ကြီးဌာနအတွက် ကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိသည့်အတွက် ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

 

Most Read

Most Recent