လွှတ်တော်များကို ဖျက်သိမ်းရန် သင့် မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမည့်အချက်အပါအဝင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ တာဝန်များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဝင် ကရင်ပြည်နယ်မဲ ဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်တွင် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)ရှိ ပုဒ်မ ၂၀၁ ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ယင်းကောင််စီ၏ တာဝန်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်ရမည်၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတအား အကြံပေးရမည်၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်း လာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန်သင့်မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမည်ဟု ထည့်သွင်းထားသည်။
ဆက်လက်ပြီးအမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအနေဖြင့် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့် မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်၊ ကောင်စီအစည်းအဝေးအား သာမန်အားဖြင့် နှစ်လတစ်ကြိမ် ကျင်းပရန်ဖြစ်ပြီး လိုအပ်ပါက အထူးအစည်းအဝေး ခေါ်ယူကျင်းပရမည်။ အနည်းဆုံးကော်မတီဝင် ငါးဦးက တောင်းဆိုလျှင် အစည်းအဝေး ခေါ်ယူကျင်းပရမည်နှင့် ကောင်စီအစည်းအဝေး ဆုံး ဖြတ်ချက်များ ချမှတ်ရာတွင် ကောင်စီဝင်အားလုံး၏ ဆန္ဒသဘောထားကို အလေးထား၍ အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတက ပေးရ မည်ဟု တင်ပြထားသည်။
အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ရွေးကောက်ခံပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ တပ်မတော်သားပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၁၀၊ စုစုပေါင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးတင်ပြထားခြင်းဖြစ်သည်။
အလားတူ တပ်မတော်သား ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး လက် မှတ်ရေးထိုးတင်ပြထားသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကိုလည်း စက်တင်ဘာ ၂၀ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ပင် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ အသိပေးတင်ပြ သည်။
တပ်မတော်သားကိုယ်စားလှယ်များက တင်ပြသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိ ယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၁)နှင့်(၃)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲ(စ)၊ ပုဒ်မခွဲ(ည)နှင့် ပုဒ်မခွဲ(ဋ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဌ)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဂ) တို့အား ပြင် ဆင်ရန် တင်ပြထားကြောင်း သိရသည်။
ယင်းဥပဒေကြမ်း၏ ပြင်ဆင်ရန် တင်ပြ ချက်များတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းကိစ္စများ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန် ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တပ်မတော်ဘက်က တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုရှိပြီဖြစ်ပြီး ယင်းတို့မှာ စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင် မောင်အပါအဝင် တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုးတင်ပြသော ဥပဒေ ကြမ်းနှင့် စက်တင်ဘာ ၂၀ ရက်တွင် ဗိုလ်မှူး ချုပ်အောင်စန်းချစ်အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုးတင် ပြသည့် ဥပဒေမူကြမ်းတို့ဖြစ်သည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လည်း စက်တင်ဘာ ၂၀ ရက်တွင် တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် မူကြမ်း သုံးခုရှိပြီဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များဖြစ်သည့် ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းတို့ တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းများကို လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားသည်။
တပ်မတော်က တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် မူကြမ်းများတွင် သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)နှင့် သဏ္ဌာန်တူ အချက်အား ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းသတ်မှတ်ချက်တွင် ဖြည့်စွက်ရန်နှင့် ကာလုံ၏တာဝန်များနှင့် ပတ်သက်၍ ပြင်ဆင်ချက် စသည့်အချက်များ ပါဝင်နေကြောင်း သိရသည်။















