ဒလမြို့နယ်အပါအဝင် ရန်ကုန်တောင်ပိုင်းရှိ မြို့နယ်များအတွက် အများသုံးသောက်သုံးရေ ဂါလန်သုံးသန်းဖြန့်ဝေနိုင်ရေးအတွက် ကန်ထရိုက်တာရွေးချယ်ခြင်းကို ၂၀၂၀ ဇွန်လတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေး မေးမြန်းသော ဒလမြို့နယ်တွင် အများသုံးရေနှင့် သောက်သုံးရေဖြန့်ဝေနိုင်ရေးအတွက် Japan International Cooperation System နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ထားသည့် စီမံချက်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒလမြို့နယ်၊ရန်ကုန်မြို့ (တောင်ပိုင်း)ရှိ မြို့နယ်များတွင် အများသုံးရေနှင့် သောက်သုံးရေ တစ်နေ့လျှင် ဂါလန်သုံးသန်း ဖြန့်ဝေနိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ဂျပန်ယန်း ၄ ဒသမ ၁၇၆ ဘီလျံအကူအညီ Grant ပေးရေးဆိုင်ရာ Exchange of Notes ကို Agreed Minutes on Procedural Details (A/M) နှင့် နှစ်နိုင်ငံအစိုးရတို့ကြားတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကူအညီအတွက် စီမံကိန်း အကောင်အထည်ဖော်ရန် ဂျပန်အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဂျပန်နိုင်ငံအစိုးရမှ သတ်မှတ်ထားတဲ့ Japan International Cooperation System နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ကိုယ်စား Agent အဖြစ် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ Agent Agreement ကို ၂၀၁၉ ခုနှစ် မေ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ Consultant ရွေးချယ်ခြင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ Consultant Evaluation Report ကို ၂၀၁၉ ခုနှစ်မှာ Document အတွက် ပြင်ဆင်ပြီး Contractor ရွေးချယ်ခြင်းများကို ၂၀၂၀ ခုနှစ် ဇွန်လမှာ စတင်ဆောင် ရွက်မည်ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြောကြားသည်။
Project ကာလသည် ၂၀၂၀ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိဖြစ်ပြီး ဒလမြို့နယ်သည် ပင်လယ်နှင့်နီးသည့်အတွက် ရန်ကုန်မြစ်၊ တွံတေးတူးမြောင်းနှင့် မြေအောက်ရေများသည် ရေငန်ဝင်ရောက်သည့် သဘောသဘာဝရှိပါကြောင်း၊ ရေငန်ဝင်ရောက်မှု လျော့နည်းစေရန်အတွက် ရေချိုစုတွင်းငါးတွင်း ထပ်မံတူးဖော်ပြီး မိုးရေစုဆောင်းဖြည့်တင်းကာ အဝီစိတွင်းများအား အလှည့်ကျမောင်းနှင်၍ ဒလမြို့နယ်ပေါ်ရှိ ရပ်ကွက်များကို ပိုက်လိုင်းစနစ်များဖြင့် နေ့စဉ်ရေဂါလန် ၁ ဒသမ ၂ သန်း ပေးဝေလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
ရေပိုက်လိုင်း ဆက်သွယ်ထားခြင်းမရှိသည့် ၁၁/၁၄ ရပ်ကွက်၊ ၆ ရပ်ကွက်နှင့် ဝန်ထမ်းအိမ်ရာရပ်ကွက်များတွင် ဂါလန် ၁၂၀၀ ဆံ့ အုတ်ရေကန် ၂၆ လုံးနှင့် ကွန်ကရစ် ကျောက်ဂွေ ၂၄ ဂွေ တည်ဆောက်ပြီး အခမဲ့ပေးဝေလျက်ရှိကာ ဒလမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ရေချိုစုတွင်း ၁၅ တွင်း တူးဖော်၍ ရေချိုထုတ်ယူသုံးစွဲနိုင်စေရန် စီမံထားရှိကြောင်း နေပြည်တော်ကောင်စီဝင်က ပြောကြားသည်။
ဆက်လက်ပြီး ရေပိုမိုသိုလှောင်နိုင်ရန် အတွက် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်တွင် သောက်သုံးရေကန်သုံးကန်၊ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် သောက်သုံးရေကန်ငါးကန်၊ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် သောက်သုံးရေကန် လေးကန်နှင့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် သောက်သုံးရေကန်သုံးကန်တို့ကို ပြန်လည်တူးဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် AG Resources Myanmar CO. Ltd ပူးပေါင်းဆောင်ရွက်သည့် ဆာပါချောင်ကျောင်းစုရှိ တစ်ရက်လျှင် လီတာနှစ်သိန်းထွက်ရှိနိုင်သည့် သောက်ရေသန့် စက်ရုံမှလည်းကောင်း၊ ဒလရေပေးရေးစခန်းမှလည်းကောင်း ကော်မတီပိုင်ရေသယ် ယာဉ်လေးစီးနှင့် ရေလိုအပ်သည့်နေရာများကို ပေးဝေလျက်ရှိကြောင်း ဦးအောင်မြင်ထွန်းက ပြောကြားသည်။















