အခြေခံစပါးစျေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ကျပ်ငါးသိန်းနှင့် ကျပ် ၅၂၀၀၀၀ စသည်ဖြင့် ပုံစံသုံးမျိုးကို တွက်ချက်တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အနေဖြင့် အစိုးရကကြေညာသည့်စျေးနှုန်းအတိုင်း ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၄ ရက်က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်း အဝေးတွင် ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
စပါးပေါ်ချိန် စျေးအဆမတန်ကျဆင်းမှု မဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ကူညီဖြေရှင်းဆောင်ရွက်ရန်၊ ဆန်စက်ပိုင်များ၊ Exporter များနှင့် ကုန်သည်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွား ရန်၊ စပါးပေါ်ချိန်တွင် ဝယ်လိုအားပုံမှန်ရှိပြီး ရောင်းလိုအားအလွန်များခြင်းကြောင့်လည်း ကောင်း၊အခြောက်ခံစက်များ၊ သိုလှောင်ရုံများ မလုံလောက်မှုကြောင့်လည်းကောင်း၊ ရောင်း လိုအားနှင့်ဝယ်လိုအား မမျှမတဖြစ်မှုကြောင့် စျေးကျဆင်းသည်ဖြစ်ရာ စပါးပေါ်ချိန်တွင် ဝယ်လိုအားမြှင့်တင်မည့်စီမံချက်( ၂၀၁၈ စီ မံချက်)ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။
ထို့ပြင် အခြေခံစပါးစျေးနှုန်းကို နိုင်ငံတော်အစိုးရသို့ ပုံစံသုံးမျိုးတွက်ချက်တင်ပြရန်၊ ပုံစံ(၁)သည် တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ပုံစံ(၂)သည် တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၀ နှင့် ပုံစံ(၃)သည် တင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ ဖြင့် အခြေခံစဉ်းစားပြီး တွက်ချက် တင်ပြရန်နှင့် နိုင်ငံတော်အစိုးရ ၏ ရွေးချယ်မှုအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
နိုင်ငံတော်အစိုးရမှ အခြေခံစပါးစျေးနှုန်း ကြေညာပြီးပါက အောက်တိုဘာ၊ နိုဝင် ဘာနှင့် ဒီဇင်ဘာလများတွင်စတင်၍ စပါး/ဆန် ဝယ်ယူရေးအစီအစဉ်များကို အသင်း ချုပ်/ပုဂ္ဂလိကကုန်သည်/စက်ပိုင်/ကုမ္ပဏီ များနှင့် ညီနောင်အသင်းများအနေဖြင့် စနစ် တကျညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စပါးအခြေခံစျေးနှုန်းသတ်မှတ်မှုသည် ထိလွယ်ရှလွယ်သည့်ကိစ္စဖြစ်ခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် အခြေခံတွက်ချက်၍ လက်တွေ့ကျသည့်စျေးနှုန်းကို သတ်မှတ်ပေးရန်လိုအပ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ဆိုသည်။
အခြေခံစျေးနှုန်းသည် တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များပါ အကျိုးရှိနိုင်သည့်စျေးနှုန်းဖြစ်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ထုတ်လုပ်မှုကုန်ကျစရိတ်ကို အခြေခံပြီးတော့မှ အခြေခံစျေးနှုန်းကို သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆန်စပါးအဖွဲ့ချုပ်နဲ့ ညီနောင်အသင်းများကနေပြီးတော့ မိမိတို့ရဲ့ ကြိတ်ခွဲရောင်းချမှုအတွေ့အကြုံတွေကို အခြေခံပြီးတော့မှ အခြေခံစျေးနှုန်းဟာ မည်မျှရှိသင့်သလဲ၊ ဒီစျေးနှုန်းကို ထိန်းသိမ်းနိုင်အောင်လို့ ဘယ်လိုဆောင်ရွက်သင့်သလဲ၊ စျေးကွက်ကို မည်သည့်အတိုင်းအတာ အထိ ဝင်ရောက်စွက်ဖက်သင့်တယ်ဆိုတဲ့ဟာကို အကြံပြုပေးဖို့ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ လက်တွေ့အချက်အလက်တွေကိုအခြေခံတွက်ချက်ရမှာဖြစ်ပါတယ်။ အခြေခံစျေးနှုန်းကတော့ စျေးကွက်ရဲ့ ဝယ် လိုအားနဲ့ရောင်းလိုအားကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ပြီးတော့မှ ကုန်သည်များလည်း အကျိုးရှိ၊ တောင်သူလည်းအကျိုးရှိတဲ့ စျေးနှုန်းဖြစ်ဖို့လိုပါတယ် “ဟု ၎င်းက ပြောကြားသည်။










