ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ခုနစ်သန်းနီးပါးနှင့် ကျပ်သန်း ၃၈၀ ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၇၄၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်တီအစည်းအဝေး အမှတ်စဉ် (၁၅/ ၂၀၁၉) ကို စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်တီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံလုပ်ငန်းတစ်ခုကို အတည်ပြု ပေးခဲ့သည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏မတည်ငွေရင်းပမာဏမှာ ဒေါ်လာ ၆ ဒသမ ၉၅၆ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏မတည်ငွေရင်း ပမာဏမှာ ကျပ်သန်း ၃၈၀ ဖြစ် ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်း ၂၇၄၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လ အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၄၀ ကျော်ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၄၀ နီးပါးအထိရှိကာ တရုတ် နိုင်ငံက အများဆုံးလာရောက်ရင်း နှီးမြှုပ်နှံထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ (၁၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ အခု သြဂုတ် ၂၈ အထိ ရန်ကုန်တိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေနဲ့ လုပ်ငန်းပေါင်း ၁၄၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှုပမာဏကတော့ အမေရိကန် ဒေါ်လာ ၂၃၉ ဒသမ ၃၀၄ သန်းဖြစ်ပါတယ်” ဟု ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။
လာရောက်ရင်းနှီးမြှုပ်နှံထား သည့် နိုင်ငံများအနက် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၅ ခုအထိရှိကြောင်း သိရသည်။
“နိုင်ငံအရေအတွက် တရုတ် က ၈၅ ခု၊ ဟောင်ကောင်က ၂၄ ခု၊ ထိုင်ဝမ်က ခြောက်ခု၊ ကိုရီးယားက ခြောက်ခု၊ ဂျပန်နိုင်ငံက လေးခု ကျန်တဲ့ နိုင်ငံတွေကဟာတွေကို လည်း ခွင့်ပြုပေးထားတာ ရှိပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ရှစ်ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ငွေ ၃၅ ဘီလျံကျော်ရှိကြောင်း သိရ သည်။
“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့တော့ လုပ်ငန်းပေါင်း ရှစ်ခုကို ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။ ကျပ် ငွေအနေနဲ့ကတော့ ၃၅ ဒသမ ၆၅၃ ဘီလျံ ခွင့်ပြုပေးပြီးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဇူလိုင်လအကုန် အထိ သီလဝါအထူး စီးပွားရေးဇုန် အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၉၀၀ ခန့်အထိခွင့် ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၈၃ ဘီလျံနီး ပါးအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။










