ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ ကမ်းခြေများနှင့် မာန်အောင်ကျွန်းဒေသတို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် Master Plan ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
“ဂွမြို့နယ်အတွင်း သာယာတဲ့ကမ်းခြေ ခုနစ်ခုလောက်ရှိပါတယ်။ ဒီနေရာတွေမှာလည်း ရင်းနှီးမြှုပ်နှံလို့ရသလို မာန်အောင်ကျွန်းကတော့ စင်ကာပူကျွန်းနီးနီးရှိပြီး အဲဒီကျွန်းကို ခရီးသွားလုပ်ငန်းအတွက် Master Plan ဆွဲပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း အလားအလာကောင်းရှိသည့် အခြားလုပ်ငန်းတစ်ခုမှာ ခရီးသွားလုပ်ငန်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် သံတွဲမြို့ Jasmine Ngapali Resort ၌ ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ပြောကြားသည်။
“ဂွမြို့နယ်နဲ့ မာန်အောင်ကျွန်းမှာရှိတဲ့ မပျက်စီးသေးတဲ့ သဘာဝအတိုင်း တည်ရှိနေတဲ့ ကမ်းခြေများကလည်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အခြေပြုနေရာတွေအဖြစ် ပြောင်းလဲရန် အချိန်အခါသင့်ပြီ ဖြစ်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်များ ထုတ်ဖော်ရာတွင်လည်း မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် အမည်စာရင်း သတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ဦးဒေသဟာ လူသိနည်းပြီး ရှေးရခိုင်မင်းများ၏ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများဖြင့် ခမ်းနားသော ဗိသုကာ လက်ရာများဖြင့် အသေးစိတ် ထုံမွမ်းထားသော ကမ္ဘာတွင် ဖော်ထုတ်ရန် ကျန်နေသေးသည့် ဘာသာရေးဆိုင်ရာ ဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းအားဖြင့် ရခိုင်မင်းများ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ ထွန်းကားခံ့ညား ထည်ဝါမှု ပြယုဂ်ကို ပြင်ပကမ္ဘာမှ ပိုမိုသိရှိ နားလည်နိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယ စသည့်နိုင်ငံများက အဓိက စိတ်ဝင်စားမှုရှိပြီး လက်ရှိတွင် စင်ကာပူနိုင်ငံက အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
“လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြား လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိက ဆောင်ရွက်လျက်ရှိသည့် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနက် လက်ရှိတွင် စင်ကာပူက အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။
“နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အတွက်ကတော့ စင်ကာပူနိုင်ငံကနေ အများဆုံး လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်” ဟု ဦးညီပုက ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို နှိုင်းယှဉ်ပါက စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်မူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တစ်လအတွင်း ရခိုင်ပြည်နယ်တွင် ကျပ် ၁၄ ဒသမ ၂၂၃ ဘီလျံကျော်တန်ဖိုးရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခု ခွင့်ပြုပေးထားပြီး ယင်းလုပ်ငန်းများမှ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၉၀ နီးပါး ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။










