မဆလာကြိုက်သူတွေ

မဆလာကြိုက်သူတွေ
Photo: Thekitchn.com
Photo: Thekitchn.com
Published 17 August 2019
မိုးသောက်ထွန်း

အဲဒီအရာကို ကျွန်တော် လုံးဝမကြိုက်ဘူး။ အနံ့ကို မုန်းတယ်။ အရသာကိုလည်း မုန်းတယ်။ ကျွန်တော် အဲ့ဒီလိုပြောတိုင်း လူအတော်များများက ကျွန်တော့်ကို သနားစရာ သတ္တဝါလို ကြည့်ကြတယ်။ ပြုံးကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နှစ်သက်လို့ကို မရ။ ဘယ်တော့မှလည်း ကြိုက်မိမှာမဟုတ် ဘူး။

လူအတော်များများက ဟင်းချက်ရင် အဲဒါ ပါမှ။ အဲဒါက တခြားမဟုတ်။ လူအများစုက မွှေးလိုက်တာလို့ ပြောတဲ့ မဆလာ။ဟုတ်တယ်။ အဲဒီ မဆလာ ကိုပဲ ကျွန်တော်က မုန်းနေမိတာ။ ဒါကိုပဲ ကျွန်တော့်ကို ထူးထူး ဆန်းဆန်းလို့ တချို့က မှတ်ချက်ပေးချင်ကြတယ်။ မဆလာမကြိုက်တဲ့ ကျွန်တော်ကပဲ သနားစရာသတ္တဝါလိုလို ဆိုချင်ကြတယ်။ကျွန်တော့်ဝန်းကျင်မှာလည်း ကျွန်တော့်လို မဆလာမကြိုက်သူက ခပ်ရှားရှားရယ်။ ဘာဟင်းလေးပဲချက်ချက် မဆလာလေးအုပ်လိုက် ရမှ စားကောင်းတာဆိုသူတွေက ခပ်များများ။

မဆလာ မကြိုက်တဲ့ ကျွန်တော့်အတွက် ခဏခဏ ဒုက္ခရောက်ရတဲ့နေရာက မင်္ဂလာဆောင်။ မင်္ဂလာဆောင် အတော်များများ ဒံပေါက်ကျွေးလေ့ရှိကြတယ်လေ။ ဒံပေါက်ဆိုတာကလည်း မဆလာမပါလို့ မရတဲ့အ စားအသောက်။ ဒီတော့ ကျွန်တော့်မှာ ရေခဲမုန့်လေးစားတဲ့အခါစား၊ ဒံပေါက်တစ်ခု တည်းဧည့်ခံတဲ့နေရာဆိုရင်တော့ ရေနွေးကြမ်းလေးသောက်၊ စကားလေးဖောင်ဖွဲ့ပြီး ပြန်ခဲ့ရတာများတယ်။ အတော်လေးရင်းနှီးတဲ့ သူရဲ့မင်္ဂလာဆောင်မျိုးတွေ၊ တပည့်တွေ ရဲ့ မင်္ဂလာဆောင်မျိုးတွေမှာတော့ ကျွန် တော့်အတွက် မဆလာမပါတဲ့ တခြားစားစရာတစ်ခုခု လုပ်ပေးတတ်ကြတယ်။ အဲဒါကျတော့လည်း ကိုယ့်တစ်ယောက်အတွက် တကူးတက လုပ်ပေးရတာမို့ ကျွန်တော့်မှာ အားနာရပြန်ရော။

အိမ်မှာဆိုရင်လည်း မဆလာပြဿနာက ခဏခဏတက်တယ်။ အထူးသဖြင့် အသားဟင်းချက်တဲ့နေ့တွေဆို ပိုဆိုးတယ်။အိမ်မှာက ကျွန်တော်ကလွဲပြီး အကုန်လုံး  မဆလာကြိုက်ကြတယ်။ မဆလာဆိုတာက ဟင်းကျက်ကာနီး အနံ့လေးမွှေးအောင် ထည့်ရတာမျိုးဆိုတော့ ဟင်းချက်တဲ့အခါတိုင်း မဆလာမထည့်ခင် ကျွန်တော့်အတွက် ခပ်ပြီး ဖယ်ထားပေးရတယ်။ မေ့သွားလို့ မဆလာခတ်ပြီးမှ သတိရတဲ့အခါမျိုးဆို အဲဒီနေ့ ငါးပိရည် တို့စရာနဲ့ ကျွန်တော် နှစ်ပါးသွားရရော။ကျွန်တော့်အမျိုးသမီးဆို အဲဒီအတွက် ခဏခဏ ညည်းညူတယ်။ “အစ်ကိုရယ် ဒီလောက်မွှေးတဲ့ မဆလာနံ့လေးကို စမ်းပြီး စားကြည့်ပါလား” လို့ မကြာခဏ တိုက်တွန်းတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အခုထိ  မဆလာကို  မုန်းနေမိတုန်းပါပဲ။

တကယ်တော့ မဆလာက ဟင်းရဲ့အရသာကို အများကြီးပြောင်းလဲသွားအောင် မလုပ်ပေးနိုင်ပါဘူး။ ဒါကို ဘာလို့ကြိုက်ကြတာလဲလို့ မဆလာကြိုက်သူတွေကို ကျွန်တော် မေးကြည့်တယ်။ အနံ့လေး မွှေးတာကို ကြိုက်ကြတာပါတဲ့။ အရသာပြည့်စုံပြီးသား ဟင်းကိုပဲ အနံ့မွှေးမွှေးလေး ထပ်အုပ်လိုက်တော့ စားမယ့်သူကို ပိုပြီးစိတ်ကျေနပ်စေတယ်လို့လည်း အသိစားဖိုမှုးတစ်ဦးက ပြောပြတယ်။

ထားပါတော့လေ။ ဒါက ဟင်းထဲမှာ ထည့်ချက်တဲ့ မဆလာအကြောင်း။ ကျွန်တော် အခု အဓိကပြောချင်တာက လူဘောင် အဖွဲ့အစည်းတွေကြား အလုပ်တစ်ခုခု လုပ်ဆောင်တဲ့အခါမှာ တွေ့ကြုံရလေ့ရှိတဲ့ မဆ လာအကြောင်းပါ။ ပွဲပြီးမှ မဏ္ဍပ်တိုင်ထိပ်တက်ပြီး အလံထောင်တတ်ကြတဲ့ မဆလာဖြူးသူတွေအကြောင်း၊ လိုတာထက်ပိုပြီး ဟန်ရေးပြတတ်တဲ့ အပိုမဆလာတွေ အကြောင်းပါ။

လူအများစုက စကားလုံးချိုချိုတွေ၊ အမြင်လှလှလေးတွေကို ကြိုက်တတ်ကြတယ်။ ဒီလိုလူတွေအတွက် မဆလာတွေကလည်း အဆင့်သင့်ဖြူးဖို့ စောင့်နေတတ်ကြတယ်။တစ်ခါတလေ လက်တွေ့အလုပ်လုပ်ရသူက တစ်ယောက်၊ နာမည်ကြီးသူက တစ်ယောက် ဖြစ်နေတတ်ပါတယ်။ တချို့မဆလာလူသားတွေဟာ အောင်မြင်တဲ့အခါ ငါလုပ်တာ ဆိုပြီး မဆလာဝင်ဖြူးတတ်ကြပြီး မအောင်မြင်တဲ့အခါ ချောင်မှာ ခိုအောင်းနေတတ်ကြပါတယ်။

မိတ်ဆွေဆရာတစ်ယောက် အွန်လိုင်းပေါ်မှာရေးတင်တဲ့ ကဗျာလေးတစ်ပုဒ်ကို ကြိုက်လို့ ရေးမှတ်ထားဖူးတယ်။

“ဧည့်ခန်းအလယ် ဂုဏ်ထည်ဝင့်မြူး

အလှထူးသည့် ဓာတ်ဘူးဘဝ

တင့်တယ်လှရေး

နောက်ဖေးမီးဖို ရွတ်တွအိုဝယ်

မြေကရားအိုး နှုတ်သီးကျိုးမှာ

ရုပ်ဆိုးကျည်းတန် မီးလျှံလောင်မြိုက်

သည်းဆူလှိုက်မျှ ခံနေရ၏”တဲ့။

ရေနွေးကရားလို အသံတိတ်ကြိုးစားခဲ့ရသူတွေ ပျောက်ကွယ်နေပေမဲ့ ဓာတ်ဘူးလို မဆလာဖြူးချင်သူတွေကတော့ မရှက်မကြောက် မဏ္ဍပ်တိုင် တက်ပြနေကြဆဲပါပဲ။

တစ်ခါတလေကျရင် မဆလာဖြူးထားတဲ့ ဟင်းတွေဟာ အန့ံသာ မွှေးပြီး ဟင်းရဲ့ အရသာက ညံ့ဖျင်းနေတတ်ကြပါတယ်။ အဲဒီလိုညံ့တဲ့အရသာကို ဖုံးအုပ်ချင်လို့လည်း မဆလာဖြူးတတ်ကြပါသေးတယ်။ ရှေးခေတ်က ဘုရင်တွေ တိုင်းခန်းလှည့်လည်တဲ့ အခါ သဲဖြူခင်း၊ ရာဇမတ်ကာပြီး ကြိုဆိုကြရတယ်လို့ ဆိုကြပါတယ်။ တစ်သက်လုံး ဗွက်ထနေတဲ့လမ်းကို ဘုရင့်အမြင်မှာ တင့်တယ်စေဖို့ ခဏတာ မဆလာဖြူးကြခြင်းပါပဲ။

အဲဒီလိုအဖြစ်မျိုး ကျွန်တော်တို့ငယ် စဉ်အချိန်လောက်ကလည်း ရှိနေခဲ့ပါတယ်။အဲ့ဒီအကြောင်းကို ရေးထားတဲ့ ကာတွန်း လေးတစ်ခုကို ခုထိ မှတ်မိနေတုန်းပါ။ ကာတွန်းလေးက အကွက်နှစ်ကွက်နဲ့ သရုပ်ဖော်ထားတာပါ။ ပထမတစ်ကွက်မှာ လူကြီးတစ်ယောက်က လမ်းကို စစ်ဆေးနေတဲ့ပုံ။ လမ်းကလည်း ကျောက်ခဲတွေ ခင်းထားတာ ညီညာလို့။ နောက်တစ်ကွက်ကျတော့ လူတစ်ယောက်မှ မရှိတဲ့ပုံ။လမ်းခင်းထားတဲ့ကျောက် ခဲတွေလည်း မရှိတော့ဘူး။ လမ်းမှာ ဆိုင်းဘုတ်တစ်ခု ထောင်ထားတယ်။ ‘ကျောက် ပြန် လမ်း’ တဲ့။

နောက် သီးထပ် (နွေစပါး) တွေ စပြီး စိုက်ပျိုးခိုင်းစဉ်ကလည်း ကြုံဖူးပါသေးတယ်။သီးထပ်စပါးကို လယ်သမားတိုင်း မစိုက်မ နေရ စိုက်ခိုင်းတဲ့အချိန်ပေါ့။ တချို့က သီး ထပ်စပါးကို မစိုက်ချင်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ လယ်ကွက်တွေက နွေဘက်မှာ ရေအလွယ်တကူ မရနိုင်လို့လေ။စိုက်ရင်လည်း အကျိုးက ဖြစ်ထွန်းမှာ မဟုတ်ဘူး။ လယ်သမားအများစုဆီကနေ မကျေနပ်သံတွေ ဆူဆူညံညံထွက်လာတယ်။ ဒါပေမဲ့ မစိုက်မနေရအမိန့်ကတော့ ရုပ်သိမ်းမသွားဘူး။

အဲဒီမှာ တချို့က ဆိုင်ရာပိုင်ရာတွေနဲ့ ညှိနှိုင်းပြီး စပါးမစိုက်ဘဲ တကယ်အကျိုး ဖြစ်ထွန်းမယ့် ပဲအမျိုးမျိုး စိုက်ကြတယ်။ ဒါပေမဲ့ အဲဒီလို ညှိမရတဲ့နေရာတစ်ခုရှိတယ်။ကျွန်တော်တို့ရွာရဲ့ လယ်ကွက်တွေထဲကို ကားလမ်းကြီးက ဖြတ်ပြီး ဖောက်ထားတယ်။အဲဒီကားလမ်းဘေးဝဲယာက လယ်ကွက်တွေ မှာတော့ စပါးကို မဖြစ်မနေ စိုက်ကြရတယ်။ဘာဖြစ်လို့လဲဆိုတော့ လူကြီးလာစစ်တဲ့အ ခါ မြင်ရအောင်လို့ပါတဲ့။ ဒီတော့ ကားလမ်း ဘေးဝဲယာက လယ်သမားတွေခမျာ မရှောင်သာကြဘူး။ ဒါပေမဲ့ အဲဒီလယ်သမားတွေ ကလည်း ရေဆုံးရေဖျား ဂရုတစိုက် စိုက်ပျိုးသူက အတော်ရှားတယ်။ ရေစုပ်စက်နဲ့ ရေတင်ပြီး စိုက်ကြရတာဆိုတော့ အကျိုးအမြတ်က မသေချာဘူးလေ။ ဒီတော့ လူကြီးတွေ လာပြီးသွားပြီဆိုရင် စိမ်းနေတဲ့ စပါးခင်းတွေက တဖြည်းဖြည်း ညှိုးရော်သွားကြတာ အသီးသီးတဲ့အထိတောင် မရောက်ကြရရှာပါဘူး။

စကားလုံးချိုချိုတွေနဲ့ အမြင်ကာဗာလှလှတွေကို သဘောကျနှစ်ခြိုက်သူတွေ ရှိ နေသရွေ့၊ ဘုန်းတော်ဖွဲ့ တေးသီသူတွေ၊ ဟန်ရေးပြသူတွေ ရှိနေကြဦးမှာပါပဲ။ မဆလာတွေ ဖြူးမြဲဖြူးနေကြဦးမှာပါပဲ။ မဆလာ ကြိုက်သူတွေ မပျောက်သရွေ့ မဆလာဖြူးချင်သူတွေ ပေါနေဦးမှာပါပဲ။ လူတွေ မဆလာအနံ့ကို မခံနိုင်ဖြစ်ကြမယ့်နေ့ကို ရောက်ရှိဖို့ဆိုတာကတော့ ဤခရီးနီးသလားလို့ မေးရမယ်ထင်။ တကယ်လို့ မဆလာခေတ်ကြီး မပျက်သုဉ်းနိုင်သေးတောင်မှ အရသာကင်းမဲ့တဲ့ ဟင်းတွေအပေါ်မှာ မဆလာဖြူးတာ မျိုးမဟုတ်ဘဲ အရသာကောင်းမွန်ပြည့်စုံပြီးသား ဟင်းတွေအပေါ်မှာ အနံ့ပိုမွှေးအောင် အမြင်ပိုလှအောင် မဆလာဖြူးကြတာမျိုးဆို ရင်တော့ ဘာပဲဖြစ်ဖြစ် နှာခေါင်းကို ပိတ်ပြီး မျိုချကြရရင်လည်း သိပ်မဆိုးဘူးလို့ ဆိုရပါမယ်။

ကဲပါလေ၊ သင်ရော မဆလာကြိုက်သလား။ သင့်ပတ်ဝန်းကျင်မှာရော မဆလာကြိုက်သူ၊ မဆလာဖြူးသူ ဘယ်နှယောက် လောက်များရှိနေလဲလို့ စူးစမ်းကြည့်ဖူးပါ သလား။ အခုပဲ ကျွန်တော်တို့ရဲ့ အနံ့ခံအာရုံ ကို ဖွင့်လှစ်ပြီး မဆလာနံ့ကို ရှာဖွေကြည့်ကြရအောင်လားဗျာ။ 

Most Read

Most Recent