ဆေးသားအသစ်နဲ့ မြို့အိုကြီး

ဆေးသားအသစ်နဲ့ မြို့အိုကြီး
Photo : tripadvisor
Photo : tripadvisor
Published 17 August 2019
ဌေးဝင်း

                                ခုနှစ်တွေက နုပျိုခြင်း ရင့်အိုခြင်းတွေကို တိုင်းတာပေးတယ်။ အချိန်တစ်ခုမှာ နုပျိုခြင်း နဲ့ မာန်တက်ပျော်ရွှင်နိုင်ခဲ့သလို ကာလတစ် ခုအရောက်မှာ မာန်မာနတွေ လျှောကျပြီး သံဝေဂလေနဲ့ ခရီးဆက်နေရတာဟာ  လောကရဟတ် ဇာတ်ဝင်ခန်းရဲ့ မပါမဖြစ် အပိုင်း တစ်ပိုင်းပါပဲ။ ဒါဟာ သက်ရှိသတ္တဝါတွေအ တွက်ပဲ အကျုံးဝင်တာ မဟုတ်ဘူး။ သက်မဲ့အ ရာတွေဟာလည်း ဒီဖြစ်စဉ်ထဲ ဝင်ပါနေကြ တာပဲ။ လူတွေနေတဲ့ မြို့ရွာနိုင်ငံတွေဟာလည်း အိုမင်းတဲ့ကာလ ရှိတာပါပဲ။

အတိတ်က ငါတို့နေတဲ့ မြို့ဟာ ရိုးရာ အစဉ်အလာကို ထိန်းသိမ်းလို့လား ဒါမှမဟုတ် ခေတ်မမီလို့လား၊ ဆင်းရဲလို့လားတော့ မပြောတတ်။ လူနေအိမ်ရာအများစုက သစ်သားကို အဓိကအသုံးပြုခဲ့ရာကနေ ရုတ်တ ရက် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရား ပြောင်းလဲသွားပြီးတဲ့နောက် ငါတို့မြို့ရဲ့ မြေပြင်ပေါ် မှာ တိုက်အမြင့်ကြီးတွေ ထိုးထိုးထောင်ထောင် ပေါ်လာကြတယ်။ အရင်က သေးသေးသွယ်သွယ် ကားလမ်းမတွေကလည်း စားကောင်း သောက်ကောင်းတွေ စားရလို့ ဝဖြီးလာတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ငါတို့ တိုင်းပြည်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါ တီက အုပ်ချုပ်ခဲ့တယ်။ ပါးစပ်က “ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး”တို့၊ “တိုင်းသူ ပြည်သားအားလုံး လောကနိဗ္ဗာန်သို့ ချီတက် ရေး” တို့ကို အသံကောင်း တွင်တွင်ဟစ်ခဲ့ ပေမဲ့ သူတို့ တကယ်ကျင့်သုံးခဲ့တာ “တစ်သွေး တစ်သံ တစ်မိန့်” ပါ။ တိုင်းပြည်ကိုတွင်းဆုံး ကျအောင်  ဖိနှိပ်အုပ်ချုပ်သွားခဲ့ကြတာပါပဲ။ တိုင်းပြည်ကို နိုင်ငံတကာနဲ့ အဆက်ဖြတ်ပစ် တဲ့ “တံခါးပိတ်ဝါဒ” နဲ့  ၂၆ နှစ်လုံးလုံး ပိတ်ထားလိုက်တာ လူတွေ မျက်စိနား ပိတ်ကုန်ရုံ သာမက စာရိတ္တတွေလည်း အံ့သြဖွယ်ကောင်း လောက်အောင် ချွတ်ခြုံကျသွားခဲ့တယ်။ နောက်ဆုံးတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်း ရဲဆုံး နိုင်ငံဖြစ်ပြီး ငါတို့မြို့ဟာလည်း ဆင်း ရဲမွဲတေမှုနဲ့ အိုမင်းရင့်ရော်ခဲ့ရတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ ပြည်သူလူထုဟာ ဒီမင်းဆိုးမင်းညစ်တွေကို ပြင်းထန်စွာ ဆန့် ကျင်တော်လှန်ကာ ဖယ်ရှားပစ်ခဲ့ကြတယ်။  မင်းဆိုးကို ဖယ်ရှားပစ်လို့ မင်းကောင်းမင်း မြတ်တွေကို ရလာသလားဆိုတော့ “နိုး”ပါပဲ။ ထပ်တက်လာတဲ့ ကိုသာဆိုးတွေရဲ့ ရက်စက်စွာ အုပ်ချုပ်တဲ့ မှောင်အတိပြီးတဲ့ ခေတ်ဆိုးထဲ နိုင်ငံဟာ မှောက်လျက်လဲခဲ့ရပါတော့တယ်။

ဒီလိုနဲ့ ငါတို့မြို့ဟာလည်း ဟပ်ချလောင်း ဆိုပြီး ရုတ်တရက် အသွင်ပြောင်းလဲသွား တယ်။ မိဘဘိုးဘွား လက်ထက်ကတည်းက နေလာခဲ့ကြသူတွေဟာ အထုပ်ပိုက်ပြီး မြို့ ကြီးရဲ့ဘေးနားက အသစ်ဖော်ထုတ်လိုက်တဲ့ အရန်မြို့သစ်တွေဆီကို ပြေးကြရလေရဲ့။ ဒီ ရဲ့ခံစားချက်ဝေဒနာတွေကတော့ တခြားဒဏ် ရာဒဏ်ချက်မြောက်မြားစွာနဲ့အတူ ငါတို့မြို့ ရဲ့ ရင်ကွဲနာကျသမိုင်းမှာ ထင်ကျန်နေခဲ့တာ အမှန်ပါပဲ။

နာကျင်သူတွေရဲ့ ခံစားချက်ကို လျစ်လျူပြုနိုင်စွမ်းတဲ့ မြို့ဟာ ရောင်စုံမီးတွေ ထိန် ညီးအောင် ထွန်းပြီး ဟန်ဆောင်အပြုံးတုတွေ ကို တပ်ဆင်ပြီး သာယာနေတဲ့ ဂိုက်နဲ့ ခပ်ချေချေ  စတိုင်ထုတ်နေလေရဲ့။ ဒီဇိုင်းသစ်မျိုးစုံ နဲ့ ကခုန်ဖို့ မျက်နှာပြင်တစ်ခုလုံးကိုလည်း ဆေးဆိုးပန်းရိုက် မိတ်ကပ်တွေ ချယ်သလို့။ လူတွေကလည်း ဟိုးအရင်က မသုံးဖူးတဲ့ အရာတွေ၊ သုံးခွင့်မရခဲ့တဲ့ ပစ္စည်းတွေနဲ့ ကျေ နပ်မှုအသစ်တစ်ခုနောက် ကောက်ကောက် ပါအောင် လိုက်ကြပြန်တယ်။  ဒါပေမဲ့ ဒီလူ တွေရဲ့ တကယ့်အတွင်းပိုင်းကျတဲ့ စိတ်ထဲမှာ တော့ သူတို့အတွက် ဝတ်စုံသစ်တစ်စုံကို လဲလှယ်ဆင်မြန်းနိုင်စွမ်း မရှိခဲ့ကြဘူး။ ရောင်စုံဖြာတဲ့ အိမ်မက်လမ်းဟာ အက်ဆစ်ရည် တွေအပြည့် ဖုံးလွှမ်းထားတယ်ဆိုတာကို ကောင်းကောင်းသိနေကြလို့ သူတို့ရဲ့ နှုတ်ဖျားက မကျေနပ်မှုကိုလည်း ဖုံးကွယ်မထား ခဲ့ကြဘူး။ မြို့ကသာ ကာလာချိန်းသွားတယ်၊ လူများစွာကတော့ ဝတ်ရုံဟောင်းကြီးကို ဆက်လက်ဝတ်ထားကြဆဲပါပဲ။

အဲဒီမြို့ကြီးထဲမှာ အသစ်ထွန်းကားလာ တဲ့ ယဉ်ကျေးမှုကတော့ ဟန်ဆောင်မှုတွေနဲ့ အတ္တအလံကို မြင့်နိုင်သမျှ မြင့်အောင် လွှင့် ထူလာကြတယ်။ ဒီယဉ်ကျေးမှုမှာ ကျင်လည် သူတွေကတော့ တစ်ဘက်သားကို ဂျင်းထည့် ဖို့ ဆေးထိုးဖို့ ဘာမှ ဝန်လေးတဲ့သူတွေ မဟုတ် ကြဘူး။ ဖားဖို့ လော်ဖို့ သောက်ဖောင်းထုဖို့နဲ့ ပေါင်းစားဖို့ဆိုတာ သူတို့ရဲ့ DNA အစစ်ပဲ။ ကောက်ကျစ်ခြင်းဆိုတာ သူတို့တွေရဲ့ စွဲမြဲတဲ့ ကျင့်စဉ်ပါ။ သူတို့ရဲ့ ကတိကဝတ်ဆိုတာ တ ကယ် တော့  လိမ်ညာခြင်း စာချုပ်တစ်ရပ်ပါ။ ဒါတွေဟာ သူတို့တွေ ဖန်ခွက်ချင်း တေ့ပြီး ဆုတောင်းရင်း သောက်စားကြတဲ့ ယမကာ ၀ိုင်းတွေမှာ အားရပါးရ သုံးဆောင်ကြတဲ့ အမြည်းကောင်းကောင်းတွေပဲ။ ပိုပြီး သြဇာ အာဏာကြီးမားသူတွေကတော့ သူတို့ရဲ့ မုသားစကားတွေကို ယုံကြည်စရာကောင်းတဲ့ သစ္စာစကားအဖြစ် အပေါစားသတင်းစာ ဆရာတွေကို စာစီစာကုံးတွေ ရေးခိုင်းတတ်ကြတယ်။

ငါတို့ရဲ့ မြို့ကြီးကို ဝေဖန်ပိုင်းခြား ခွဲခြမ်း စိပ်ဖြာသူတွေကတော့ မောဟိုက်ပင်ပန်းစွာ မောင်းနှင်လည်ပတ်နေတဲ့ စက်ရုံဟောင်းကြီး တစ်ရုံအဖြစ် တင်စားပြောဆိုကြလေရဲ့။ မှား ယွင်းနေတဲ့ စနစ်တစ်ခုကို အကောင်းဆုံးပါလို့ ကြွေးကြော်ရင်း အသူတရာနက်တဲ့ ချောက်ထဲ ပြေးဆင်းနေတဲ့ ခေတ်ကြီးမှာ ဒါတွေဟာ ပျားရည်ဟန် အသွင်ယူထားတဲ့ အဆိပ်ရည် အပြည့်နဲ့ ပုံးတွေပဲပေါ့။ ဒီမြို့ရဲ့ မနက်ဖြန် တွေဆိုတာ ကြေကွဲစရာ နေ့ရက်တွေအဖြစ် ကပြကြမယ့် ပြဇာတ်တွေပါ။

ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ် ချင်သူတချို့ကတော့ ပစ္စုပ္ပန်နဲ့ ရန်ဖြစ်ရင်း သူတို့ရဲ့ ခပ်ညစ်ညစ် နေ့စွဲတွေဟာ ကုန်ဆုံး ရွေ့လျားနေကြလေရဲ့။ ဒီလိုမျိုးဆက်တွေရဲ့ ခေါင်းပေါ်မှာတော့ အမိန့်တွေ၊ ဥပဒေတွေ ဝဲနေတယ်။ အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ညှဉ်း ပန်းခံရခြင်းဆိုတာ သူတို့တွေအတွက်သာ သီးခြားရည်ရွယ်ပြောဆိုတဲ့ ဝေါဟာရတွေပဲ ထင်ပါရဲ့။ “ကိုယ်စိုက်ခဲ့သမျှ ကိုယ်ရိတ်သိမ်း ရမယ်”လို့ ယုံကြည်ခဲ့ဖူးကြတဲ့ ဒီမြို့သားတွေ ဟာ တကယ်တော့ စိတ်ကူးအကြီးကြီး ယဉ်ခဲ့ ကြသူတွေပါ။ တကယ်တော့ သူတို့ဟာ ထွန် ယက်စိုက်ပျိုးသူတွေမျှသာ။ ရိတ်သိမ်းချိန် ရောက်တဲ့အခါ သူတို့ဟာ ပါဝင်ခွင့်မရတော့ ပါဘူး။ ကျောင်းစာအုပ်ထဲက ကိုယ်ကျင့်တရား တွေ၊ စံတွေဟာ တကယ်တော့ ဒီမြို့ရဲ့ အခင်းအကျင်းမှာ အသုံးမဝင်ခဲ့ပါဘူး။

၁၉၉၀ ပြည့်လွန်နှစ်များမှာ စကားလုံး အသစ်တွေ လူနေမှုဒီဇိုင်းအသစ်တွေဟာ ပြင်းထန်တဲ့ အရှိန်နဲ့ ရိုက်ခတ်နေခဲ့တယ်။ တံခါးပိတ်ဝါဒီတွေ ပြိုလဲတော့ တံခါးဖွင့်တဲ့ အသံတွေ စီစီညံညံ မြည်သံထွက်လာတယ်။ စျေးကွက်စီးပွားရေးဆိုတဲ့ အသံက အကျယ် လောင်ဆုံးပါပဲ။ တစ်ချိန်တည်းမှာ အကျဉ်း ထောင်တွေရဲ့ တံခါးတွေ ပွင့်လာခဲ့တယ်။ တခြားဘက်မှာ တက္ကသိုလ်ကောလိပ်တွေရဲ့ တံခါးတွေဟာ မကြာခဏ ပိတ်ပစ်ခြင်းကို ခံ ခဲ့ကြရတယ်။ ဖွင့်ပြန်တော့လည်း တစ်နှစ် သင်ရမယ့် စာကို လပိုင်းကလေး ဖုတ်ပူမီး တိုက် သင်ပေး၊ စာတွေကို ကျက်မှတ်ကူးချရင်း ဘွဲ့လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားတွေ စီစီရီရီ ပေါ်ထွန်းခဲ့တယ်။

စီးပွားရေးဘက်မှာတော့ ကန်ထရိုက် တွေ ခေတ်ထလာတယ်။ မြေအရောင်းအဝယ်သမားတွေ ပန်းပန်လာတယ်။ မြေစျေး နှုန်း မြင့်တက်ပေါက်ကွဲမှုနဲ့အတူ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတွေ မြို့ကို လွှမ်းမိုးသွားကြ တယ်။ အာဏာရှိသူနဲ့ ငွေကို ရေလိုရော လေ လိုပါ သုံးနိုင်သူတို့ ချစ်ကြည်ရင်းနှီးမှု ပြုလိုက် ကြချိန်မှာ မူလ နေထိုင်ခဲ့သူ ငါတို့တွေဟာ အလိုအလျောက် ဆင်းရဲမွဲတေမှု ချောက် ကမ်းပါးထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဇောက်ထိုးကျသွားခဲ့ကြရလေရဲ့။

အခြားဘက်မှာ ဒီလို ရှိနေပြန်တယ်။ စျေးကွက်စီးပွားရေးစနစ်နဲ့ ကိုယ့်ဘက်က တံခါးဖွင့်ပါတယ်ဆိုတဲ့ အခါကျပြန်တော့ စီး ပွားရေးအင်အားကြီးမားတဲ့ အနောက်နိုင်ငံ တွေရဲ့ သပိတ်မှောက် စီးပွားရေးပိတ်ဆို့မှုကို ခံခဲ့ရပြန်တယ်။ အဓိကအကြောင်းရင်းက တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လျစ် လျူရှုလို့ပါပဲ။ လူထုက ထောက်ခံမဲပေးပြီး ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပါတီတွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အာဏာ မလွှဲအပ်တဲ့အပြင် ရက်ရက်စက်စက် နှိပ်ကွပ် ဖြိုခွင်းပြီး ထောင်သွင်းအကျဉ်းချခဲ့လို့ပါပဲ။

ဒီရဲ့အကျိုးဆက်က ဒီနိုင်ငံက လူတွေ ဒီမြို့က လူတွေပေါ်မှာ ဘာတွေ ရောင်ပြန် ဟပ် သက်ရောက်လာခဲ့သလဲ။ လည်သူ စား စတမ်း ဖြစ်လာတယ်။ မင်ကောင်းကောင်းနဲ့ လူလည်တွေ၊ လူလိမ်တွေ၊ လူနပ်လူပါးတွေ နေရာတကာမှာ ပေါ်လာတယ်။ အလုပ်ဖြစ် လာတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူနဲ့ အလွမ်းသင့်အောင် ဖားလျားဆက်ဆံပြီး ကိုယ့်အိတ်ကပ်ထဲ ရနိုင်သလောက် သိပ်ထည့် တတ်တဲ့လူတွေဟာ နေ့ချင်းညချင်း သူဌေး မင်းတွေအဖြစ် ပြောင်းလဲလာကြတယ်။

ခေတ်ရေစီးတစ်ခု အရှိန်အဟုန်နဲ့ ဖြတ် သန်းချိန်မှာ ပြင်းထန်တဲ့ လေတွေ၊ လှိုင်းတွေ၊ မုန်တိုင်းတွေ၊ ဝဲဂယက်တွေဟာ မဖြစ်မနေ ပါနေကျ အခင်းအကျင်းပါပဲ။ အတ္တကြီးတဲ့ လူငယ်တချို့က တိုင်းပြည် ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်၊ ငါ့ဘဝအတွက်ပဲ ငါ ကြိုးစားမယ်။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသူတွေ ရှိခဲ့သလို “လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဆိုတဲ့ ဆရာ ဗန်းမော်တင်အောင်ရဲ့ စကားကို ရင်ထဲ စွဲငြိ ပြီး ကိုယ့်ခေတ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သမိုင်းပေးတာဝန်တွေ ထမ်းရွက်ရင်း နရသိန် ကို စံမြန်းရသူတွေ မြေအောက်ကို ငုပ်လျှိုး သွားသူတွေ တောခိုသွားတဲ့ လူငယ် လူရွယ် တွေလည်း အထောင်အသောင်း ရှိခဲ့ပေါ့။

နှစ်ရာထောင်ချီ စိမ်းစိုခဲ့တဲ့ တောင်တန်း ကြီးတွေဟာ တောင်ကတုံးတွေ ဖြစ်ခဲ့ရတယ်။ မြစ်ချောင်းအင်းအိုင်တွေဟာ တိမ်ကောခဲ့ရ တယ်။ လယ်ယာလုပ်ကိုင်မယ့် ကျေးလက်က လူငယ်လူရွယ်မြောက်မြားစွာဟာ လယ်ယာ လုပ်ငန်းကို စွန့်ခွာပြီး ရွှေ့ပြောင်း အလုပ်သ မားဘဝကို ပြောင်းလဲခံယူခဲ့ကြတယ်။ ကိုယ့် တိုင်းပြည်မှာ မှောင်မိုက်နေချိန် ကိုယ့်တိုင်း ပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေက တော့ တခြားတိုင်းပြည်တွေ လင်းထိန်ဖို့ လျှပ်စစ်စွမ်းအင်တွေ ဖြစ်သွားခဲ့ရတယ်။

ဒီလိုနဲ့ မြို့ကြီးဟာ နှစ်ဆယ်ရာစုကို လက်ပြနှုတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ ရာစုနှစ်ခု ကို ခွပြီး ရှင်သန်နေသူတွေကတော့ ရာစု ဟောင်းထဲက အတွေးနဲ့ပဲ ဆက်လက်ရှင်သန် နေပြီး ရာစုသစ်မှာ မွေးဖွားလာတဲ့ ဒီနေ့မျိုး ဆက်သစ်တွေကတော့ သူတို့ခေတ်ကပေးတဲ့ အမြင်သစ် အတွေးသစ် နည်းပညာအသစ် ရင်ဘတ်အသစ်နဲ့ ရာစုသစ်ရဲ့ ဂီတသစ်ကို ခုံမင်ကြတယ်။ ပြဇာတ်အသစ်ရဲ့ ဇာတ်လမ်း ဇာတ်ကွက်ကို ဖန်တီးထုဆစ်ဖို့ အားထုတ် နေကြတယ်။ ဒါဟာ မြို့ကြီးထဲမှာ နောက်ထပ်ပေါ်လာတဲ့ ပွတ်တိုက်မှုပါ။

ဒီလိုနဲ့ နှစ်တွေ ကြာညောင်းလာတဲ့အခါ အုပ်ချုပ်သူတွေအချင်းချင်း ဖြုတ်ထုတ်သတ် ဇာတ်လမ်းတွေ ပေါ်ခဲ့သလို လမ်းမပေါ်မှာ ရဟန်းသံဃာတော်တွေ ပြည်သူတွေ သွေး စွန်းတဲ့ အဖြစ်ဆိုးလည်း ရှိခဲ့၊ သဘာဝဘေးနဲ့ လူလုပ် ကပ်ဘေးဆိုးတွေလည်း ပက်ပက်စက် စက်ကြုံခဲ့ရတယ်။ ကိုးယိုးကားယားနဲ့ ဖား တစ်ပိုင်း ငါးတစ်ပိုင်းဇာတ်ကို ဆက်ကဖို့ အ ခြေခံဥပဒေဆိုတာ အတည်ပြုလိုက်ကြပြန်တယ်။ တစ်ချိန်တည်းမှာပဲ အရောင်ပြောင်းသွားတဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်က ကကြိုးက ကွက်တွေကိုလည်း မမြင်ချင်မှအဆုံး ရှုစား ခဲ့ရတယ်။ ငါတို့မြို့အိုကြီးရဲ့ သရုပ်မှန်ဇာတ် ဝင်ထဲက ကျော်ကြားလှတဲ့ ပြဇာတ်တွေပါပဲ။  

၁၉၉၀ ပြည့်လွန်နှစ်တွေက ငါတို့ နေ့တိုင်းနီးပါး ထိုင်ဖြစ်တဲ့ ဆိုင်ရဲ့ နာမည်က ‘ဇေ ယျာကဖီး’ပါ။ အဲဒီနေ့ရက်တွေမှာ သူငယ် ချင်းကဗျာဆရာ ယူမိုးက သူ့ကဗျာတစ်ပုဒ်ကို ယူလာခဲ့တယ်။ လေးမျက်နှာလောက်ရှည်တဲ့ သူ့ကဗျာရဲ့နာမည်က ‘ဆေးသားအသစ်နဲ့  မြို့အိုကြီး’ တဲ့။ ဒီကဗျာကို သူ ရွတ်ပြတဲ့ထဲ ခု ထက်ထိ နားစွဲနေသေးတဲ့  စာပိုဒ်ကလေးက တော့ “ငါ ကြေကွဲတယ် လောကကြီးရဲ့ ရန်သူ သစ်ဟာ ကဗျာဆရာတွေတဲ့လား။ ဝမ်းနည်း မိပါရဲ့ မြို့ကြီးရယ်။ မဟုတ်တာလုပ်သူတွေရဲ့ ရန်သူဟာ ကဗျာဆရာတွေတဲ့လား ဝမ်းနည်း မိပါရဲ့ မြို့ကြီးရယ်။ တစ်စုံတစ်ရာကို ကြေကွဲ လို့ လွမ်းဆွတ်မိတဲ့အခါ တစ်စုံတစ်ရာ တပ်မက်လို့ ရူးသွပ်မိတဲ့အခါ တစ်စုံတစ်ရာကို ခံပြင်းလို့ ဒေါသထွက်မိတဲ့အခါ ငါ ကဗျာဆရာ ဖြစ်သွားတယ်။ အဲဒါ ရန်သူတဲ့လား ဆိုစမ်းပါ ဦး မြို့အိုကြီးရေ”တဲ့။

Most Read

Most Recent