ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များ

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များ
Published 13 August 2019

မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိရသည့် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သော ဘေးအန္တရာယ်များတွင် မိုးခေါင်မှုဖြစ်စဉ်ပျံ့နှံ့မှု မြင့်တက်လာခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း /လေပြင်းတိုက်ခတ်ခြင်းတို့ ပြင်းထန်မှုနှင့် အကြိမ်အရေအတွက်များ တိုးပွားလာခြင်း၊ မိုးရွာသွန်းမှုပုံသဏ္ဌာန် မတည်ငြိမ်မှုနှင့် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များ ရေကြီးရေလျှံမှုများနှင့် ပင်လယ်ရေလှိုင်းကြီးမှုများ ဖြစ်ပေါ်မှု မြင့်တက်လာခြင်း၊ အပူချိန်လွန်ကဲမှုဖြစ်စဉ် များပြားလာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့  ပါဝင်ကြောင်း Myanmar Climate Change Alliance အဖွဲ့က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။ အတိတ်တွင်ဖြစ်ခဲ့သော၊ လက်ရှိတွေ့ကြုံနေရသော၊ အနာဂတ်တွင် ကြုံတွေ့နိုင်သော ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်တို့ဆိုင်ရာ ထုတ်လုပ်မှုများအပေါ် အကျိုးဆက်များစွာ ဖြစ်ပေါ်လာစေနိုင်သည်။          

ဥပမာအားဖြင့် အပူပိုင်းဇုန်ဒေသတွင် အပူချိန် မြင့်တက်လာခြင်းသည် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍ၌ ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်သည်။ ယင်းက နေရာရွှေ့ပြောင်းရခြင်းနှင့် ဝင်ငွေရမည့်လုပ်ငန်းအသစ်များ ရှာဖွေရခြင်းတို့ ဖြစ်စေပြီး မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်းနှင့် ပိုးမွှားများ ပိုမိုကျရောက်ခြင်း စသည့်အကျိုးဆက်များဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများသည် စိုက်ပျိုးရေးကဏ္ဍအား များစွာတည်မှီနေရသည်။ စိုက်ပျိုးထုတ်လုပ်မှုများအပေါ် သက်ရောက်မှုကို နည်းလမ်းသုံးခုဖြင့် ခွဲခြားသတ်မှတ်နိုင်ပေရာ (၁) လက်ရှိ စိုက်ပျိုးရေးနည်းပညာများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများအပေါ် အကျိုးသက်ရောက်မှု၊ (၂) ပြင်းထန်သော ဘေးအန္တရာယ်များက စိုက်ပျိုးရေးအား မမျှော်လင့်ဘဲ ဖျက်ဆီးနိုင်ခြင်း သို့မဟုတ် သီးနှံထုတ်လုပ်နိုင်မှုမရှိခြင်းနှင့် (၃) ရေရှည်တွင် မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်ခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အပူချိန်တိုးလာခြင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သည်။ မြစ်ဝကျွန်းပေါ်နှင့် ဆက်စပ်ဒေသနှင့် ကမ်းရိုးတန်းဒေသ စပါးစိုက်ဧရိယာများသည် ဆားငန်ရေဝင်ရောက်ခြင်း၊ ကမ်းရိုးတန်း တိုက်စားခံရခြင်းနှင့် ရေနစ်မြုပ်ခြင်းတို့ ဖြစ်ပွားနိုင်သည်။ အပူချိန် လွန်ကဲစွာ မြင့်တက်လာခြင်းသည် အပူပိုင်းဇုန်ဒေသတွင် ပြဿနာများ ဖြစ်ပေါ်စေလျက်ရှိရာ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်တွင် ပြင်းထန်သော အပူချိန်မြင့်တက်မှု ဖြစ်ပွားခဲ့ပြီး အဓိက သီးနှံပင်များအပေါ် အကျိုးသက်ရောက်ခဲ့သည်။ (ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး အစီအစဉ်၊ ၂၀၀၉)။ ၂၀၁၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ ပြင်းထန်စွာ မိုးခေါင်မှုကြောင့် ကျေးရွာများ၌ ရေအရင်းအမြစ်များ ခန်းခြောက်ခဲ့ရပြီး ပဲလုံး၊ ကြံ၊ ခရမ်းချဉ်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆန်တန်ချိန် ၁.၇ သန်းခန့် ဆုံးရှုံးခဲ့ရသည်။၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ဇော်ဂျီမြစ်ရေကြီးခြင်းကြောင့် သီးနှံများ အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် စံချိန်တင် ရေကြီးမှုကြောင့် စိုက်ပျိုးမြေ ၈၀၉ç၂၈၄ ဟက်တာခန့် ရေလွှမ်းခဲ့ပြီး ရာခိုင်နှုန်း ၅၀ ကျော်ခန့် ပျက်စီးခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ သဲနှုန်းပို့ချမှု အကြီးအကျယ်ဖြစ်ပွားခဲ့သဖြင့် စပါးပျိုးခင်းများ ပျက်စီးခြင်းနှင့် သီးနှံအထွက်လျော့ကျခြင်းတို့ကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆၄ သန်း တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

မည်သို့ပင်ဆိုစေ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များက သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်ခြေရှိမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁၄ ရက် နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘေ်ာ)

Most Read

Most Recent