စီးပွားရေး စီမံအုပ်ချုပ်မှုပညာ

စီးပွားရေး စီမံအုပ်ချုပ်မှုပညာ
Published 8 August 2019

စီးပွားရေး စီမံအုပ်ချုပ်မှုဟူသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံခန့်ခွဲခြင်း ဖြစ်သည်။ ယင်းပညာရပ်တွင် စီးပွားရေးလုပ်ငန်းလည်ပတ်မှုအပြင် ၎င်းနှင့် သက်ဆိုင်သော နယ်ပယ်များ ဖြစ်သည့် စာရင်းကိုင်၊ ဘဏ္ဍာရေး နှင့် စျေးကွက်ထိုးဖောက်ခြင်းတို့ အပါအဝင် ကဏ္ဍစုံကို ခြုံငုံကြည့်ရှုရေးနှင့် အုပ်ချုပ်ရေးတို့ ပါဝင်သည်။ စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံအုပ်ချုပ်ရာတွင် စီးပွားရေးလုပ်ငန်းလည်ပတ်ရေးနှင့် ဆုံးဖြတ်ချက် ချမှတ် ရေးတို့နှင့် ပတ်သက်သော အလုပ်ပြီးမြောက်စေမှုနှင့် စီမံခန့်ခွဲမှုတို့ ပါဝင်သည့်အပြင် လူနှင့် အခြားသော စွမ်းအားစုများကို စနစ်တကျ စုရုံးခြင်းဖြင့် တူညီသော ပန်းတိုင်နှင့် ရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ညွှန်ကြားခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် စီမံအုပ်ချုပ်မှုတွင် ကျယ်ပြန့်သော စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာများ ဖြစ်သော ဘဏ္ဍာရေး၊ လူ့စွမ်းအားရင်းမြစ်နှင့် သတင်းအချက်အလက်စနစ် စီမံခန့်ခွဲမှုတို့လည်း ပါဝင်သည်။

အချို့သော လေ့လာသုံးသပ်သူများက စီမံခန့်ခွဲမှုအား စီမံအုပ်ချုပ်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ်သာ ရှုမြင်ကြပြီး အဖွဲ့အစည်းတစ်ခု၏ နည်းပညာနှင့် လုပ်ငန်းလည်ပတ်ရေးကဏ္ဍနှင့်သာ သက်ဆိုင်သည်ဟု ရှုမြင်ကြသောကြောင့် အုပ်ချုပ်ရေးနှင့် မဟာဗျူဟာမြောက် စီမံခြင်းတို့ မပါဝင်ဟု သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် စီမံအုပ်ချုပ်မှုဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ရုံးအလုပ်များကို ဗျူရိုကရေစီဆန်ဆန် လုပ်ငန်းလည်ပတ်ရန် ဆောင်ရွက်ခြင်းသာဖြစ်ပြီး ရုံးတွင်းကိစ္စရပ်များကိုသာ ဦးတည်လျက် ဖြစ်ပေါ်လာသည့် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခြင်းမျှသာဖြစ်ပြီး ကြိုတင်စီမံတုံ့ပြန်ခြင်း မပါဝင်သည့်သဘောဖြစ်သည်။ စီးပွားရေး စီမံအုပ်ချုပ်မှု အထွေထွေသဘောတရားများကို ရေးသားခဲ့သည့် ပြင်သစ်ပညာရှင် အွန်နရီဖေရို (၁၈၄၁ - ၁၉၂၅) က စီမံအုပ်ချုပ်သူ၏ လုပ်ငန်းဆောင်တာများကို စီမံအုပ်ချုပ်ခြင်း၏ အစိတ်အပိုင်း ငါးခုဟူ၍ ခွဲခြားဖော်ပြခဲ့သည်။

စီးပွားရေး စီမံအုပ်ချုပ်သူများသည် စီးပွားရေးလုပ်ငန်းနှင့် ၎င်း၏ လုပ်ငန်းလည်ပတ်မှုတို့ကို စောင့်ကြပ်ကြည့်ရှုကြသည်။ ၎င်းတို့၏ အလုပ်မှာ စီးပွားရေးလုပ်ငန်းအနေ ဖြင့် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မီစေရန်၊ ၎င်းတို့အား အသေအချာ ညှိနှိုင်းပေါင်းစည်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်တို့ အတွက်ဖြစ်သည်။ ယင်းနေရာ၌ ရှိသူ၏ လုပ်ငန်းဆောင်တာများမှာ ကျယ်ပြန့်၍ အမျိုးမျိုးကွဲပြားပြီး လူမှန်နေရာမှန် ရွေးချယ်တတ်ရန်နှင့် ၎င်းတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းအောင်မြင်မှုအတွက်  အစီအစဉ်များ ရေးဆွဲရန်နှင့်  နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို စောင့်ကြပ်ကြည့်ရှုရန် စသည်တို့လည်း ပါဝင်သည်။ အကယ်၍ အဖွဲ့အစည်းတစ်ရပ်လုံး အနေနှင့် ပြောင်းလဲမှု လိုအပ်ပါက ယင်းနေရာကို ရယူထားသူက ဦးဆောင်ရလေ့ရှိ သည်။ အချို့သော အခြေအနေများတွင်  စီးပွားရေး လုပ်ငန်းကို ထူထောင်သူ သို့မဟုတ် ပိုင်ဆိုင်သူက စီမံအုပ်ချုပ်သူနေရာမှ နေလေ့ရှိသော်လည်း အဖွဲ့အစည်းတိုင်း ယင်းကဲ့သို့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကုမ္ပဏီမှ အခြားသူတစ်ဦးကို ယင်းနေရာအတွက် ခန့်ထားလေ့ရှိကြသည်။

စီးပွားရေး စီမံအုပ်ချုပ်သူအဖြစ် ရာထူး ရယူထားသူသည် ကုမ္ပဏီ၏မန်နေဂျာတစ် ဦးအနေနှင့် လုပ်ငန်း လုပ်ဆောင်သည့်အပြင် အခြားသော မန်နေဂျာများ၏ မန်နေဂျာ အဖြစ်လည်း ဆောင်ရွက်ရသည်။ သူသည် မန်နေဂျာရာထူး ရယူထားသူများအနေနှင့်  ကုမ္ပဏီ၏ ပေါ်လစီများကို လိုက်နာမှု ရှိမရှိ နှင့် ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်အတိုင်း အလေအလွင့်နည်းပါးစွာဖြင့် ရောက်ရှိအောင် လုပ်ဆောင်ကြခြင်း ရှိမရှိ စသည်တို့ကို သေချာစေရန် ကြီးကြပ်ရသည်။ ဥပမာအားဖြင့် စီးပွားရေး စီမံအုပ်ချုပ်သူများသည် လူ့စွမ်းအား အရင်းအမြစ်ဌာန၊ ထုတ်လုပ်ရေးဌာန၊ ဘဏ္ဍာရေးဌာနနှင့် အခြားသော ဌာန များ၏ မန်နေဂျာများနှင့်အတူ လုပ်ငန်းဆောင်ရွက်ရပြီး ၎င်းတို့အနေဖြင့် လုပ်ငန်းဆောင်တာများကို ကုမ္ပဏီ၏ပန်းတိုင်နှင့်  ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်စေရန် ကြီးကြပ်ပေးရသည်။ ထို့အပြင် ကုမ္ပဏီပြင်ပရှိ စီးပွားရေးလုပ်ငန်းမိတ်ဖက်များ၊ ပစ္စည်းရောင်းချသူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ကြရသည်။

မည်သို့ပင်ဆိုစေ၊ စီးပွားရေး စီမံအုပ်ချုပ်မှုဟူသည် စီးပွားရေးလုပ်ငန်းတစ်ခု၏ အ ရေးကြီးဆုံးနေရာ၌ တည်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)