ရေကြီးရေလျှံမှုအတွက် ပြင်ဆင်ရန်လိုခြင်း

ရေကြီးရေလျှံမှုအတွက် ပြင်ဆင်ရန်လိုခြင်း
Published 7 August 2019

ကမ္ဘာနှင့်အဝှမ်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုဒဏ်ကို သိသိသာသာခံစားနေကြရပြီဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ဆိုးရွားစွာ ထိခိုက်ခံစားရနိုင်ခြေရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံနေရသည်။ အယ်လ်နီညို ရာသီဥတုနှင့်အတူ အပူချိန်တစ်စတစ်စ လွန်ကဲလာခြင်း၊ ရုတ်တရက်လေပြင်းများတိုက်၍ မိုးသီးကြွေခြင်း၊ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းကြီးများ အန္တရာယ်ကျရောက်နိုင်ခြင်း၊ ရေရှားပါးမှုစသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံဒေသအချို့တွင် ခပ်စိပ်စိပ်ဖြင့် ပြင်းပြင်းထန်ထန် ခံစားလာရသည်ကို တွေ့ရသည်။

လတ်တလောတွင်ပင် ဒေသအချို့၌ ရေကြီးရေလျံမှုဒဏ်ခံနေကြရပြီဖြစ်သည်။ ယခုလအတွင်း ရေကြီးရေလျှံမှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုတွင် လူဦးရေ ၇၈၀၀၀ ရေဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ် ဇူလိုင်  ၂၃ ရက်အထိ ရရှိထားသော အချက်အလက်များအရ မုတ်သုံရာသီ ရေကြီး၊ ရေလျှံမှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုတွင် စုစုပေါင်းလူဦးရေ ၇၈၀၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ခန့်မှန်းရကြောင်းနှင့် မြောက်ပိုင်းမှ ရေများသည် တောင်ဘက်သို့ စီးဆင်းလာခြင်းကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးများမှာ ရေဘေးဒဏ်ကို ခံစားရလျက်ရှိပြီး လူဦးရေ ၄၃၀၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းပါရှိခဲ့သည်။ ရန်ကုန်တိုင်းတွင်လည်း ယခုရက်ပိုင်းအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုများ ကြုံတွေ့နေကြရသည်။ ထို့ပြင် အောက်ပိုင်းဒေသများတွင်လည်း ရေကြီးရေလျံမှုဖြစ်ပေါ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြရသည်။

ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်နေခြင်း၏ သက်ရောက်မှုဆိုးကျိုးများကို မြန်မာနိုင်ငံအနေဖြင့် အခြားဒေသတွင်း နိုင်ငံများထက်ပင် ပိုမိုကြုံတွေ့ရင်ဆိုင်နေရလိမ့်မည်ဟု ပညာရှင်များက သတိပေးထားပြီးလည်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးခံရခြင်း၊ ရေကြီးရေလျှံမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်ခြင်း၊ နာဂစ်ကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေရှိခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ကြောင့် နိုင်ငံ၏ ကောက်ပဲသီးနှံများ အထွက်နှုန်း ကမောက်ကမဖြစ်ကာ ယင်းဒဏ်ကို ပြည်သူများ ခံစားရနိုင်ခြေမြင့်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများလည်း လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ နောင်နှစ်ပေါင်း ၁၀၀ ခန့်အတွင်း ကြုံတွေ့ရနိုင်ခြေရှိသော ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးကို ဆယ်စုနှစ်တစ်ခု၊ နှစ်ခုစာအတွင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့လာရပါက ခံနိုင်ရည်ရှိရန် ယခုအချိန်မှစ၍ ပြင်ဆင်သင့်ပြီဟုလည်း ထောက်ပြနေကြပေသည်။

ယိုယွင်းပျက်စီးနေပြီဖြစ်သည့် သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ပြုပြင်ထိန်းသိမ်းနိုင်ရန် အားထုတ်ကြိုးပမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို နိုင်ငံတကာနည်းတူ လျှော့ချနိုင်ရန် ပူးပေါင်းကြိုးပမ်းခြင်း၊ သစ်တောများထိန်းသိမ်းစောင့်ရှောက်၍ သစ်ပင်များ စိုက်ပျိုးခြင်း မပြုလုပ်လျှင် ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပေသည်။ ယခုနှစ်နွေရာသီတွင် ယခင်နှစ်များကထက်ပင် ပူပြင်းခြောက်သွေ့မှုကို သိသိသာသာခံစားရသည်ဟု ပြောဆိုမှုများရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဖောက်ပြန်မှုကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကို စံချိန်တင်သောနွေရာသီ အပူချိန်များကို ကြည့်လျှင် တွက်ဆနိုင်ပေသည်။ ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် ဘေးအန္တရာယ် အခံရဆုံးနိုင်ငံများစာရင်းတွင် တစ်စတစ်စ မြင့်သထက်မြင့်လာသည်ကို တွေ့ရပေလိမ့်မည်။ ဆယ်စုနှစ်ပေါင်းများစွာ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့သည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တဖြည်းဖြည်းမြင့်တက်လာခြေရှိခြင်းနှင့် မြစ်ချောင်းများ တိမ်ကောလာနိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်နေပေသည်။ ဆုံးရှုံးသွားသော သစ်တောမြေများကို ပြန်လည်ကုစား၍ သစ်ပင်များနှင့် စိမ်းလန်းသော အခြေအနေတစ်ရပ်ကို အလွယ်တကူဖန်တီး၍ မရနိုင်သကဲ့သို့ပင် ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု နည်းပညာရပ်ပိုင်းတွင်လည်း အားနည်းနေပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုထက်ပိုမို၍ ဆိုးရွားသောရာသီဥတု၏ဒဏ်ကို မခံစားရမီ ပြုပြင်ပြောင်းလဲသင့်သည်များနှင့် ပြင်ဆင်သင့်သည်များကို အလျင်အမြန်လုပ်ဆောင်ရန် နိုင်ငံအနေဖြင့် လိုအပ်လျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု၊ ဆိုးရွားသောရာသီဥတု၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခံစားခဲ့ရသော ဘေးအန္တရာယ်များ၏ သင်ခန်းစာနမူနာကိုယူ၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းအသီးသီးအနေဖြင့် ကြိုတင်ကာကွယ်မှုများကို အလေးထားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent