နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ကြက်ရေသောက်ဘတ်ဂျက်နှင့် ဘီလူးဆိုင်း

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ကြက်ရေသောက်ဘတ်ဂျက်နှင့် ဘီလူးဆိုင်း
ဘတ်ဂျက်သုံးစွဲမှုတွင်ပါဝင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရ ငွေသုံးငွေစာရင်း ရှင်းလင်းထုတ်ပြန်ထားမှုကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ်
ဘတ်ဂျက်သုံးစွဲမှုတွင်ပါဝင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရ ငွေသုံးငွေစာရင်း ရှင်းလင်းထုတ်ပြန်ထားမှုကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ်
Published 4 August 2019
သန်းစိုး (ဘောဂဗေဒ)

ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြတဲ့ ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အနှစ်ချုပ်စာရင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ငွေကြေးနဲ့ပတ်သက်ပြီးဖြစ်လာနိုင်ခြေရှိတဲ့ အဂတိတရားတွေ၊ ရငွေ၊ သုံးငွေများနှင့်ပတ်သက်ပြီး အလေ့အလွင့်နဲ့ ယိုဖိတ်မှုမရှိအောင် ထိန်းသိမ်းမယ့် နည်းလမ်းတွေနဲ့ ကနဦးလုပ်ဆောင်လာတဲ့ အချက်တွေဟာ အကျင့်မပျောက်သေးတဲ့သူတွေအတွက် ဘီလူးဆိုင်းတီးလာပြီဖြစ်လို့ အထူးကြိုဆိုရမှာ ဖြစ်ပါတယ်။

ဘီလူးဆိုင်း

ပထမဆုံးသိသာတဲ့ အချက်ကတော့ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ငွေကြေးစီမံခန့်ခွဲမှု အားလုံးကို ပြည်ထောင်စုဘဏ္ဍာငွေရန်ပုံငွေစာရင်း (UFA - SEE Account) တစ်ခုတည်းဖြင့် ဆောင်ရွက်မယ်ဆိုတဲ့အချက်ဟာ အင်မတန် ထူးခြားချက် ဖြစ်လာပါတယ်။  နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ ငွေစာရင်းနှစ်မျိုး နှင့် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာငွေ ရန်ပုံငွေစာရင်း (UFA - SEE Account)) နှင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း (UFA - OA other account) တို့ ဖြစ်ပါတယ်။

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ပြုလုပ်မယ်ဆိုပြီး အစိုးရဲ့မူဝါဒ ၁၂ ချက်ထဲမှာ ပါဝင်ထည့်သွင်းထားပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး ခုရေတွင်းတူး၊ ခုရေကြည်သောက်လို့ရတဲ့ မူဝါဒမျိုးဆိုတာ မရှိပါဘူး။ တရုတ်နိုင်ငံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပြုပြင်ပြောင်းလဲမှု အတွေ့အကြုံအရဆိုရင် အနည်းဆုံး နှစ် ၂၀ နီးပါး အချိန်ယူခဲ့ပါတယ်။ ဗီယက်နမ်လည်း ထိုနည်းလည်း ကောင်းပါပဲ။ ဒါပေမဲ့ တူညီတဲ့ အချက်ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရဲ့ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး၊ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျတဲ့ နှောင့်နှေးမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ အချက်ကြောင့် ပြုပြင်ပြောင်းလဲခဲ့ကြတာတော့ အမှန်ပဲဖြစ်ပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အသုံးစရိတ်တွေဟာ ကြက်ရေသောက်သလိုပဲ ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့အထိ အသုံးစရိတ်အဟော သိကံဖြစ်မှုဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကျ ဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။  အလျဉ်းသင့်လို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး အချက်ငါးချက် မဖြစ်မနေ ဆောင်ရွက်သင့်ပါတယ်။

နိုင်ငံပိုင်စီးပွားရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဆန္ဒ (Political Will)  မဖြစ်မနေ ရှိနေရပါ့မယ်။ ဒီနိုင်ငံရေး စိတ်ဆန္ဒရှိမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်တဲ့ မူဝါဒ (SOE Policy)၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး တစ်ခုတည်းသောဥပဒေ (SOE Law and Regulation) ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ (SOE Body)၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ် (SOE Strategies Plan) တို့ ဖြစ်ပါတယ်။ အခုထိတော့ ဒီလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မတွေ့ရသေးပေမဲ့ ခပ်ရေးရေး မြင်ရပြီဆိုတာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်အနှစ်ချုပ်စာအုပ်မှာ ဖော်ပြထားချက်က သက်သေပြနေပြီဖြစ်ပါတယ်။

 

UFA – SEE Account တစ်ခုတည်းဖြစ်ရေး တို့အရေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြတဲ့ ဘတ်ဂျက်ဆိုင်ရာ အနှစ်ချုပ်စာအုပ်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အချက်ငါးချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။ အမှတ်စဉ် (၁) မှာ ငွေစာရင်း နှစ်ခုနှင့်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် အားလုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စတင်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း UFA – SEE Account တစ်ခုတည်းနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ရငွေအားလုံး၊ သုံးငွေအားလုံး ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်း ခွင့်ပြုလျာထားငွေဘောင်အတွင်းကပဲ ကျခံသုံးစွဲရတော့မှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ အားလုံးရဲ့ သာမန်စာရင်းဖြစ်တဲ့ ကုန်သွယ်မှု (အရှုံး၊ အမြတ်) စာရင်းကနေ ရရှိတဲ့ အမြတ်ငွေဟာ နှစ်စဉ်ပြဋ္ဌာန်းတဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ပေး ဆောင်ပြီးလို့ကျန်တဲ့ အမြတ်ငွေအားလုံးကို နိုင်ငံတော် ထည့်ဝင်ငွေအဖြစ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ စတုတ္ထအချက်က အဲဒီလိုထည့် ဝင်ငွေအားလုံးဟာ သုံးလပတ်တစ်ကြိမ်နဲ့ တစ်နှစ်လုံးဆိုရင် လေးကြိမ်မဖြစ်မနေ ပေးသွင်းရမယ့် အချိန်အတိ အကျကိုလည်း ဖော်ပြထားပါတယ်။ နောက်ဆုံးအချက်ကတော့ အထူးခြားဆုံးဖြစ်ပါတယ်။

နောက်ဆုံးအချက်ကို ဖော်ပြထားတာကတော့ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း  UFA – OA  လက်ကျန်တွင်ပါဝင်သော ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့်ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်း  ( မှတ်တမ်းတင်ရန်နှင့် ဆောင်ရွက်မှုအတွက်သာ) Non – Budget များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးအတည်ပြုချက် ရရှိပြီးပါက UFA – SEE Account သို့ စာရင်းပြောင်းနည်းဖြင့် ပြောင်းရွှေ့၍ လျာထားဆောင်ရွက်ရန်ဖြစ်ပါသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးအတည်ပြုချက်ရရှိပြီးသည့် ကျန်ရှိသော  UFA –OA လက်ကျန်အားလုံးကို  ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ၍ နိုင်ငံတော်စာရင်း (ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း) သို့ စာရင်းပြောင်းရွှေ့ညှိနှိုင်းရမည်ဖြစ်ပြီး  UFA – SEE Account များ ဖွင့်လှစ်ထားခြင်းကိုလည်း စာရင်းရှင်းလင်းပိတ်သိမ်းရေး ဆောင်ရွက်ရမည် ဖြစ်ပါတယ်။ ဒီအချက်တွေဟာ လက်ရှိအခြေအနေမှာ သက်ဆိုင်ရာငွေကြေးဌာနတွေအနေနဲ့ လက်တွေ့ဆောင်ရွက်ဖို့ ခက်ခဲလွန်းလို့ ဒီလိုဥပဒေထုတ်ပြန်ပြီး ဆောင်ရွက်ရတာဖြစ်မယ်လို့ တပ်အပ်ပြောလို့ရပါတယ်။

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလိုလုပ်ငန်းစဉ်ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ကို တစ်ကြောင်းတည်း အရှင်းဆုံး ပြောရမယ်ဆိုရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာငွေအားလုံးကို ထိန်းချုပ်လိုက်ခြင်းပဲဖြစ်တယ်လို့ ဖြေရမှာဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး နိုင်ငံတော်က ကျခံပေးရတဲ့ အသုံးစရိတ်တွေဟာ ကြောက်ခမန်းလိလိပါ။ အသုံးစရိတ်တွေများပေမယ့် အခုချိန်အထိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အမြတ်ရရှိမှု၊ တိုင်းပြည်စီးပွားရေးတိုးတက်မှု ဘယ်လောက်အထိအထောက်အကူ ဖြစ်တယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေက ကုန်သွယ်မှုကွာဟချက်ကို ဘယ်လောက်ကျဉ်းမြောင်းအောင် အဲဒီထွက် ကုန်တွေနဲ့ ပံ့ပိုးပေးနိုင်တယ်ဆိုတဲ့ အချက်တွေကို သက်သေပြနိုင်ဖို့ အခုထိခဲ ယဉ်းနေသေးတယ်ဆိုတာ အားလုံးအသိဖြစ်မှာပါ။

 

ကြက်ရေသောက် အသုံးစရိတ်

အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်လျာထားချက်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အသုံးစရိတ်ဟာ ကျပ်  ၁၂  ဒသမ  ၆ ထရီလျံ၊ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ)  ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း  ၁၁ ခုရဲ့ အသုံးစရိတ်ဟာ ကျပ် ၁၅၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၆ သန်း)ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနအားလုံးရဲ့ အသုံးစရိတ်ဟာ ကျပ် ၂၈ ဒသမ ၈ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂ ဘီလျံ) ဖြစ်ပါတယ်။ အချိုးကျကြည့်လိုက်ရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအားလုံးဟာ ဘတ်ဂျက်တစ်ခုလုံးရဲ့  ၃၉ ဒသမ ၃၀ ရာခိုင်နှုန်းဝန်းကျင် ဖြစ်နေတဲ့အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ တစ်နှစ်တာအသုံးစရိတ်ဟာ ကြောက်ခမန်းလိလိ သတိထားရမယ့် အခြေအနေမှာ ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုရန်ပုံငွေအတွင်း ရယူသုံးစွဲတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ နှစ်စဉ်အရအသုံးစရိတ်ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ထုတ်ပြန်တဲ့ အစိုးရအရအသုံးနဲ့ပတ်သက်ပြီး ငွေကြေးဆိုင်ရာအစီရင်ခံစာကနေ ကောက်နုတ်ဖော်ပြခြင်းဖြင့်နှစ်အလိုက် နှိုင်းယှဉ်ကြည့်လို့ရအောင် ဖော်ပြလိုက်ပါတယ်။

ဇယားမှာ ဖော်ပြထားချက်အရဆိုရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ သာမန်အသုံးစရိတ်၊ ငွေလုံးအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်တွေဟာ နှစ်အလိုက်များပြား နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီအသုံးစရိတ်သုံးခုရဲ့ စုစုပေါင်း စရိတ်ဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ  ၆၉၃၆  ဒသမ  ၆၃၂  ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ  ၅၉၄၂  ဒသမ  ၅၆၅  ဖြစ်လာပါတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ  ၆၂၅၅  ဒသမ ၄၉၉ တက်လာပါတယ်။  ၂၀၁၈ ခြောက်လ ဘတ်ဂျက်နှစ်မှာတော့ (နှစ်ဝက်) ကျပ်ဘီလျံ ၃၀၃၅ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၇၆၇၃ ဒသမ ၁၇၇ အထိ တိုးလာတာကို တွေ့ရမှာပါ။ အနှစ်ချုပ်လိုက်ရရင် တစ်နှစ်ထက်တစ်နှစ် အသုံးစရိတ် တိုးတိုးလာတာ တွေ့ရမှာဖြစ်ပြီးပျှမ်းမျှ ကျပ် ဘီလျံ  ၅၀၀၀ ကျော်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် လေးဘီလျံနီးနီး ရှိပါတယ်။ ဒီပမာဏတွေဟာ နှစ်စဉ်နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းနှင့်ပြည်နယ် ဘတ်ဂျက်တွေထက် ခြောက်ဆနီးပါး များပြားဖြစ်လို့ ဘတ်ဂျက်ကို စိစစ်တဲ့အခါမှာ ရေလိုက်မလွဲဖို့လည်း လိုအပ်ပါလိမ့်မယ်။

ပြည်ထောင်စုအဖွဲ့အစည်းများရဲ့ အသုံးစရိတ်နှင့်နှိုင်းယှဉ်မယ်ဆိုရင် လေးပုံသုံးပုံအဆင့်မှာ ရှိပါတယ်။ ဒီအသုံးစရိတ်တွေကို ကြည့်ခြင်းဖြင့် နိုင်ငံတော်အနေနဲ့ နှစ်အလိုက် အသုံးစရိတ်ဝန်ထုပ်ဝန်ပိုး ဘယ်လောက်ကြီးမားတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ပြည်ထောင်စုဘဏ္ဍာငွေရန်ပုံငွေ ပြင်ပက သုံးစွဲတဲ့အသုံးစရိတ်တွေ ထည့်မတွက်ထားသေးပါဘူး။ တွေ့ရှိချက်ကိုပဲ တင်ပြတာဖြစ်ပြီး သုံးသပ်ချက်ကတော့ မိမိကိုယ်တိုင် သာဆန်းစစ်ဖို့ အိမ်စာပေးထားပါတယ်။

 

မေးခွန်း၊ အဖြေ

ဒါကြောင့် အခုလို UFA – SEE Account  တစ်ခုတည်းနဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့ ငွေကြေးဆိုင်ရာ ဘာကြောင့်ထိန်းချုပ်လိုက်ရ သလဲဆိုတဲ့ အကြောင်းပြချက်အများကြီးအပေါ် အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမယ့် နည်းလမ်းကို ရှာတွေ့သွားတာဖြစ်နိုင်ပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ Other Account  ရဲ့ငွေစာရင်းပမာဏ ဘယ်လောက်ရှိ တယ်ဆိုတာကို အထူးသဖြင့် လူအများစုက အချိန်တော်တော်ကြာအထိ မသိကြပါဘူး။ သက်ဆိုင်ရာငွေစာရင်းဌာနတွေကနေ စစ်ဆေးတဲ့အခါမှာလည်း အခက်အခဲဖြစ်စေတယ်လို့ ကြားသိခဲ့ပါတယ်။ အဲဒီစာရင်းကနေ ဘယ်လိုသုံးနေတယ်။ ဘယ်လိုစီမံခန့်ခွဲ နေတယ်ဆိုတာ ဒါကပထမအချက် ဖြစ်ပါလိမ့်မယ်။ ဒုတိယက ဒီလိုငွေစာရင်းတွေကို ပြည်ထောင်စုငွေစာရင်းတစ်ခုတည်းက ထိန်းလိုက်ခြင်းဖြင့် အစိုးရဘဏ္ဍာရေး အခြေအနေကောင်းမွန်လာပါလိမ့်မယ်။ တတိယအချက်ကတော့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အထောက်အကူပြုလာနိုင်ပါတယ်။ စတုတ္ထအချက်ကတော့ ငွေကြေးဆိုင်ရာ အလွဲသုံးစားလုပ်မှုကိုလည်း ထိန်းနိုင်ပါ လိမ့်မယ်။ နောက်ဆုံးအချက်ကတော့ အဲဒီလို ငွေစာရင်းတွေကို ထိန်းချုပ်လိုက်ခြင်းဖြင့် အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်တွေ စနစ်ကျလာမယ်။ ပွင့်လင်းမြင်သာမှုဖြစ်လာမယ်။ အများရဲ့ယုံကြည်မှု ရရှိလာမယ်။ ယိုဖိတ်မှုတွေကို ထိန်းသိမ်းလာနိုင်မယ်စတဲ့ အချက်တွေ အများကြီးတွေ့လာရနိုင်ပါတယ်။

ဒီလိုအသုံးစရိတ်တွေနဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများရဲ့ငွေစာရင်းအကောင့်များကို ပြည်ထောင်စုဘဏ္ဍာငွေ၊ ပြည်ထောင်စုရ သုံးစာရင်းထဲကို သွတ်သွင်းလိုက်ခြင်းဟာ အင်မတန်ကောင်းမွန်တဲ့လုပ်ငန်းစဉ် ဖြစ်လာနိုင်သလို၊ အစိုးရ Non Budget တွေကိုလည်း စနစ်တကျစိစစ်ထားဖို့လိုသလို၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ငါးရပ်ကိုလည်း အလျင်အမြန် အကောင်အထည်ဖော်ဖို့ လိုနေပြီဆိုတာကိုလည်း တိုက်တွန်းလိုက်ရပါတယ်။