ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပူးပေါင်းရေးကော်မတီ၏ ဆောင်ရွက်နေမှုများသည် ပြည်ထောင်စုလွှတ်တော် အတွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို အသစ်ပြန်လည် ရေးဆွဲသကဲ့သို့ ဆောင်ရွက်နေခြင်းမှာ ဥပဒေနှင့် လုံးဝဆန့်ကျင်နေခြင်း ဖြစ်သဖြင့် ကန့်ကွက်တင်ပြနေရခြင်းဖြစ်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းက ဆွေးနွေးခဲ့သည်။
ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းရေး ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းက အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်း တင်ပြရမှာ ဖြစ်ပါတယ်။ ထိုသို့တင်ရာတွင် ဥပဒေကြမ်းနှင့်အတူ အခြားအဆိုများပါဝင်ခြင်း မရှိစေရေးကိုလည်း ကန့်သတ်ထားကြောင်း တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်၌ ဥပဒေကြမ်း ရေးဆွဲနိုင်သည်ဟု ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ မပါရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၂) ပုဒ်မ-၄၃၃ ပါ ပြဋ္ဌာန်းချက်အရ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားရာ ဥပဒေ တစ်ရပ်ရပ်ဆိုသည့် သဘောအရ ဥပဒေစာအုပ် တစ်အုပ်လုံး မဟုတ်ကြောင်း သိသာထင်ရှားပါတယ်။ သို့ပါသော်လည်း ယခုဆောင်ရွက်နေမှုများသည် ပြည်ထောင်စုလွှတ်တော် အတွင်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုလုံးကို အသစ်ပြန်လည် ရေးဆွဲသကဲ့သို့ဆောင်ရွက်နေခြင်းမှာ ဥပဒေနှင့် လုံးဝဆန့်ကျင်နေခြင်း ဖြစ်သဖြင့် ကန့်ကွက်တင်ပြနေရခြင်း ဖြစ်ပါတယ်” ဟု အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဦးအောင်ကြည်သိန်းက ထည့်သွင်း ပြောကြားခဲ့သည်။
ဥပဒေတစ်ရပ်ရပ်ကို ပြင်ဆင်ရန် ဆိုသည်မှာ အတ္တအကျိုး၊ ပုဂ္ဂိုလ်ရေးအရ သံယောဇဉ်ကင်းရှင်းပြီး ရေရှည်ခိုင်မာသည့် ပြင်ဆင်ချက်ဖြစ်ရန် လိုအပ်ကြောင်း၊ လက်တလော မိမိတို့အာဏာရှိချိန်တွင် ရေးဆွဲပြင်ဆင်ခဲ့သည့် ဥပဒေများသည် နောင်အနာဂတ်အတွက်ပါ တိုင်းပြည်၏ ရေရှည်အကျိုးမျှော်ကိုးပြီး ပညာရှင်များစွာနှင့် ပြည်သူများ၏ သဘောဆန္ဒကိုလည်း အလေးထားကာ သတိ၊ သမာဓိ၊ ပညာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
“မူလဥပဒေပါ စကားရပ်တွင် ပြဋ္ဌာန်း ချက်တွေနဲ့ ရှေ့နောက်ညီညွတ်မှု ရှိ မရှိ၊ ရေးထုံးရေးနည်းအရ မှန် မမှန်၊ မူလ အခြေခံ ဥပဒေတွေနဲ့ ဆီလျော်မှု ရှိ မရှိ ဆိုတာတွေကို အသေးစိတ်လေ့လာဆန်း စစ်သင့်ပါ တယ်။ ပြင်ဆင်ရာမှာ ဆန္ဒစွဲကင်းဖို့ လိုပါ တယ်။ ဘက်လိုက်မှုကင်းဖို့လည်း လိုပါ တယ်။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့် သုံးမည်ဆိုပါက ဒီမိုကရေစီအခွင့် အရေးကို အသုံးချရာတွင် အခြေခံအကျဆုံး လိုအပ် ချက်မှာ တရားဥပဒေစောင့်ထိန်း လိုက်နာ ခြင်းဖြစ်ပြီး ဒီမိုကရေစီကို ဖော်ဆောင်ရာ တွင် မြန်မာ့လူ့အဖွဲ့အစည်း၏ အစဉ်အလာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ စိတ်နေသဘောထားများနှင့် လိုက်ဖက်အောင် အထိန်းအကွပ်ရှိရှိ ကျင့်သုံးရန် ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်သိန်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ပြည်သူများ၏ အခွင့်အရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းစဉ်များသည်လည်း တရား မျှတမှုရှိရမည်ဖြစ်ကြောင်း၊ ဥပဒေပြု လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း ပြည်သူများ၏ သဘောဆန္ဒများကို အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သလို မိမိတိုင်းပြည်၏ အနာဂတ် အကျိုးစီးပွားကိုလည်း လစ်လျူရှု၍ မရကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဦးအောင်ကြည်သိန်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
ဦးအောင်ကြည်သိန်းက “လက်ရှိသက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် အနေဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး အတွက် ဥပဒေ ပြဋ္ဌာန်းနေကြသူများဖြစ်၍ အများပြည်သူ အကျိုးရှိစေခြင်းငှာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ ရှုမြင်အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။ လက်ရှိရောက်နေသော အချိန်ကာလ တိုတိုလေးကိုသာ မကြည့်ဘဲ နောင်သားစဉ်မြေးဆက် တရားမျှတခြင်းနှင့် ညီမျှခြင်းတို့အတွက် အရှည်မျှော်ကိုး၍ ရှိပြီးဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်သင့်ပါတယ်။ ပူးပေါင်းကော်မတီ၏ လုပ်ဆောင်ချက်၊ ဦးတည်ချက်များသည် အဂတိကင်းရှင်းသော၊ ဘက်လိုက်မှု ကင်းရှင်းသော၊ ပြည်ထောင်စု မြန်မာနိုင်ငံသားတို့၏ အကျိုးစီးပွားကို မျှော်ကိုးသော လုပ်ဆောင်ချက်များသာ ဖြစ်ပါစေကြောင်း ဆန္ဒပြုတင်ပြ အပ်ပါတယ်” ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။