ဝန်ကြီးဌာနများရှိ Other Account များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိတ်သိမ်းပြီး SEE Account တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

ဝန်ကြီးဌာနများရှိ Other Account များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိတ်သိမ်းပြီး SEE Account တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 30 July 2019
စိုးမင်းထိုက်

ဝန်ကြီးဌာနများရှိ Other Account များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိတ်သိမ်းပြီး SEE Account တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအား လာရောက် ဖြေကြားသည့် ဒုတိယဝန်ကြီးအား သတင်းထောက်များက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Other Account အားလုံး ပိတ်သိမ်းပြီးတော့မှ SEE Account တစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ဆိုပြီး ညွှန်ကြားထားပါတယ်။ ဒီ Other Account တွေက ဒီ ၂၀၁၉-၂၀၂၀ ဆို မရှိတော့ဘူး။ SEE Account ဆိုတာ State Own Enterprise၊ State Economic Enterprise SEE တွေမှာ ပြီးခဲ့တဲ့နှစ်အထိကတော့ SEE Account ၊ Other Account ကလည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအရ ခွဲပြီးတော့ လုပ်ထားတာပေါ့။ ဘတ်ဂျက်ထဲမှာ အကုန်ပါတယ်။ ဒါပေမဲ့ Other Account တွေက စာရင်းရှုပ်တယ်၊ ရှုပ်ထွေးတယ်ဆိုပြီး သူတို့ကို ပိတ်သိမ်းပြီး SEE Account တစ်ခုတည်းနဲ့ ဖွင့်ဖို့၊ အဲဒါ ဟိုးတုန်းကလည်း SEE Account တစ်ခုတည်းနဲ့ လုပ်လာခဲ့တာပဲ။ ဒါပေမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တုန်းက SEE တွေကို စီးပွားရေးဆန်ဆန် ဆောင်ရွက်ဖို့၊ ပိုပြီးတော့ ဘတ်ဂျက် လုပ်ငန်းစဉ်တွေကို လိုက်နာတဲ့နေရာမှာ ပိုပြီးတော့ လျင်မြန်လွယ်ကူအောင်ဆိုပြီးတော့ ကိုယ့်ငွေနဲ့ကိုယ် ရပ်တည်နိုင်အောင်ဆိုပြီးတော့ Other Account ဆိုပြီး ခွင့်ပြုခဲ့တာ။ ဒါပေမဲ့ အခုတော့ Other Account က စာရင်းရှုပ်တယ် ဆိုတဲ့အတွက်ကြောင့် ပြန်ပြီးပိတ်သိမ်းပြီးတော့ SEE Account နဲ့ မူလအတိုင်း ပြန်ဖြစ်သွားတဲ့ သဘောပါပဲ။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပိတ်သိမ်းမယ်။ ကိုးဘီလျံ ရှိတယ်လို့ ပြောနေတာတွေက အဲဒါတွေက အခြေအမြစ် မရှိပါဘူး။ SEE Account အကောင့်ထဲကို ပြန်ရောက်သွားပြီး စာရင်းပဲ ပြန်ရှင်းရမှာ။ အဲပိုက်ဆံတွေက သူ့ဟာသူ စာရင်းအရသာ ဖြစ်ပေါ်နေတာ။ ငွေသုံးစွဲတဲ့ နေရာမှာ သုံးစွဲပြီးသားတွေ အကုန်လုံး ဒီဘတ်ဂျက်ထဲမှာ ထည့်သွင်းပြီးတော့ သုံးစွဲပြီးသားတွေပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက Other Account များနှင့်ပတ်သက်ပြီး ဖျက်သိမ်းမှု များ ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၁-၂၀၁၂ ခုနှစ်မှစကာ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း အခြားစာရင်းရှင် Union Fund Account -Other Account (UFA-OA) နှင့် Union Fund Account- SEE Account (UFA-SEE) များကို ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းများ၏ ယင်းအကောင့်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစကာ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း Union Fund Account-SEE Account(UFA-SEE) တစ်ခုတည်းဖြင့်သာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ်တွင် ရပ်တည်နိုင်ရေးမူနှင့်အညီ ဆောင်ရွက်ရာတွင် UFA-SEE Account နှင့် UFA-OA Account များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာမှ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်နှင့် UFA-SEE Account တစ်ခုတည်းနှင့် ဆောင်ရွက်ရမည်ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပုဒ်မ-၂၀ ကို ပယ်ဖျက်ပြီး ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

 

Most Read

Most Recent