ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂါလီ ဒုက္ခသည်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အလားအလာကောင်းများ ရရှိခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် ချဲ့ထွင်သွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော် စစ်ဆင်ရေး တစ်ရပ်ကြောင့် ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း သုံးဒါဇင်နီးပါး၌ နေထိုင်နေကြသည့် ရောက်နှင့်ပြီးသား အခြားဒုက္ခသည် ၂၀၀,၀၀၀ နှင့် ပူးပေါင်းသွားခဲ့ကြသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် လွန်ခဲ့သည့် နှစ်နှစ်က ပြန်လည် လက်ခံရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အမှန်တကယ်၌ မိမိ သဘောဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လာသည့် ဘင်္ဂါလီမွတ်စလင် တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။
မြန်မာနိုင်ငံ၏ အမြဲတမ်း နိုင်ငံခြားရေးအတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက်က ကော့ဘဇားခရိုင်သို့ ရောက်ရှိလာသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဘင်္ဂါလီမွတ်စလင်များ ပြန်လာရေးအတွက် ပြင်ဆင်ထားမှုများကို ရှင်းပြရန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“သဘောတရားရေးအရ ကျွန်တော်တို့ နောက်ထပ် ဆွေးနွေးဖို့ သဘောတူထားတဲ့ နယ်ပယ် သုံးရပ် ရှိပါတယ်”ဟု ဦးမြင့်သူက သတင်းထောက်များအား ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများမှ အခြားကိုယ်စားလှယ်များလည်း ပါဝင်သော ဦးမြင့်သူတို့ အဖွဲ့သည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်သော ကူတူပလောင်သို့ ရောက်ရှိခဲ့ကြပြီး နောက် ဦးမြင့်သူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးမြင့်သူ ပြောကြားခဲ့သည့် နယ်ပယ် သုံးရပ်မှာ နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန် ဆွေးနွေးမှုကို ချဲ့ထွင်ပြုလုပ်ခြင်း၊ ဆွေးနွေးမှုများ၌ အရှေ့တောင်အာရှ နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ခြင်းနှင့် ဟိန္ဒူနှင့် ခရစ်ယာန်၊ ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဌာနများနှင့် ဆွေးနွေးခြင်းတို့ ဖြစ်ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမက် အဘူကာလမ်က ဆွေးနွေးမှုများသည် အပြုသဘော ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒုက္ခသည်တွေက ဆွေးနွေးဖို့အတွက် ဆက်ပြီး နှိပ်ထားရင် သူတို့ (မြန်မာ) က နားထောင်ပါမယ်။ အခု ဒါက တကယ်ကို အတိအကျ ဖြစ်နေပါပြီ”ဟု ကာလမ်က ပြောကြားခဲ့သည်။
ဘင်္ဂါလီ မွတ်စလင်အသိုင်းအဝိုင်း ခေါင်းဆောင် မိုဟစ်အာလာက သူသည် မြန်မာကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့ ရခိုင်ပြည် နယ်သို့ ပြန်လာရန် ကြိုတင်ရှိထားရမည့် အခြေအနေရပ်များအဖြစ် နိုင်ငံသားဖြစ်ခွင့်၊ ဘေးကင်းမှုနှင့် လုံခြုံမှုတို့ကို အလိုရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
၎င်းတို့အနေဖြင့် သူတို့၏ ရွာများသို့သာပြန်ရန် လိုလားပြီး အစိုးရက ဆောက်လုပ်ထားသည့် စခန်းများသို့ မပြန်လိုကြောင်းလည်း အာလာက ပြောကြားခဲ့သည်ဟု ဆိုသည်။
“သူတို့က ကျွန်တော်တို့ ပြောတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးပါတယ်။ နှစ်လကြာပြီးမှ အဖြေတစ်ရပ်နဲ့အတူ ပြန်လာပြီး ဆက်လက် ဆွေးနွေးဖို့ ကျွန်တော်တို့က သူတို့ကို တောင်းဆိုခဲ့ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဘင်္ဂါလီ ခရစ်ယာန်ခေါင်းဆောင် အဘူတာဟာက ၎င်းတို့၏ အသိုင်းအဝိုင်းကလည်း ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်၌ မိမိတို့၏ ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်ရန် ဘင်္ဂါလီများအား နားချရန်အတွက် ကြိုးပမ်းရန် မြန်မာအာဏာပိုင်များ တစ်နှစ်မပြည့်မီ အချိန်အတွင်း ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်သည်။ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကမ်းလှမ်းချက်ကို ဒုက္ခသည်စခန်းမှ ခေါင်းဆောင်များက အောက်တိုဘာလတွင် ပယ်ချခဲ့ခြင်း ဖြစ်သည်။
ယင်းဒုက္ခသည် စခန်းများကြောင့် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ကြန့်ကြာနေမှုများအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို အပြစ်တင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်များအား အတင်းအကျပ် ထွက်ခွာစေမည် မဟုတ်ဟု ပြောကြားထားပြီး မြန်မာနိုင်ငံသည် ဒုက္ခသည်များကို ပြန်လည် လက်ခံရန်နှင့် ၎င်းတို့ အား နိုင်ငံသားအခွင့်အရေးများ ပေးရန် နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံနေရသည်။
ဒုက္ခသည် အကျပ်အတည်းကို ကိုင်တွယ်ရာ၌ တိုးတက်မှု နှေးကွေးလွန်းသည်ဟု ကုလသမဂ္ဂကလည်း ဝေဖန်ခဲ့သည်။