မြန်မာနိုင်ငံသားတို့၏ ပုဂံဒေသ

မြန်မာနိုင်ငံသားတို့၏ ပုဂံဒေသ
Published 6 July 2019

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးစာရင်း၌ ပုဂံဒေသအား ထည့်သွင်းသတ်မှတ်ကြောင်း ဇူလိုင် ၆ ရက်တွင် ယူနက်စကိုက ဆုံးဖြတ်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွင် ပြုလုပ်နေသည့် ၄၃ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပုဂံဒေသမှာ ၁၉၉၄ ခုနှစ်တွင် ယူနက်စကို စာရင်းသို့ တင်သွင်းခဲ့ရာ ၁၉၉၆ ခုနှစ် အစည်းအဝေး၌ သတ်မှတ်ခြင်း မခံခဲ့ရသော်လည်း ယခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌  သတ်မှတ်ခံခဲ့ရပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ ထေရဝါဒဗုဒ္ဓဘာသာကို စတင်ယုံကြည် ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ပုဂံဒေသသည် ၉ ရာစုနှင့် ၁၃ ရာစုအတွင်း ပုဂံဘုရင့်နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး  စေတီ၊ ပုထိုးနှင့် ရုပ်တုတော်ပေါင်း ၁၀,၀၀၀ ကျော် တည်ရှိရာ ဒေသဖြစ်သည်။ အဆိုပါ အဆောက်အအုံအသီးသီး၏ ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံများသည် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ လူမှုဘဝနှင့် ပတ်သက်၍ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ သို့သော် နှစ်များစွာ ကြာလာသည်နှင့်အမျှ ပုဂံဒေသသည် သဘာဝဘေးများနှင့် အခြားပြင်ပ ပယောဂများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ ယခုအခါ စေတီပုထိုးနှင့် ကျောင်းတော်ပေါင်း ၂၂၀၀ ခန့်သည် လွင်ပြင်၌ တည်ရှိပြီး ယင်းတို့အားလုံးသည် ပုဂံအား မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အံ့ဖွယ်ဒေသ ဖြစ်လာစေခဲ့သည်။  နှစ်စဉ် ပုဂံသည် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ နေရာများနှင့် အဆောက်အအုံများကို လာရောက်ကြည့်ရှုရန် ကမ္ဘာတစ်လွှားမှ ကမ္ဘာလှည့် ခရီးသည်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီစသည့် စေတီ၊ ပုထိုးနှင့် အဆောက်အအုံများကို တစ်ကမ္ဘာလုံးက ၀ိုင်းဝန်း စောင့်ရှောက်နိုင်စေရေး၊ ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရေးတို့အတွက် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှု တစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ် တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာ ထင်ရှားရသော အဆင့်အတန်း သို့မဟုတ် ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ် ဖြစ်ပျက်ခဲ့မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့ အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပုဂံအား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဒေသအဖြစ် ယူနက်စကိုသို့ တင်သွင်းခဲ့သည်။ ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် တင်သွင်းရာတွင် ယခု ၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရပြီ ဖြစ်သည်။ ၁၉၉၄ ခုနှစ်က ယူနက်စကိုက လိုအပ်သော သတ်မှတ်ချက်များနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံရခြင်းဖြစ်သည်။ ၂၃ နှစ်နီးပါး ကြာခဲ့ပြီးနောက် ပုဂံအား  သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ပြင်ဆင်မှုများ အပြီးသတ်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ယူနက်စကိုမှ ကိုယ်စားလှယ်များက ပုဂံဒေသအား ကြည့်ရှု စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။

မည်သို့ပင်ဆိုစေ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု အတွက်လည်းကောင်း၊ သမိုင်းဆိုင်ရာ အထောက်အထားများအတွက် လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လည်းကောင်း အလွန်အရေးပါသော ပုဂံဒေသအား ကမ္ဘာတည်သရွေ့ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ မြန်မာနိုင်ငံသားတို့၏ တာဝန်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇူလိုင် ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)