သတင်းစာထဲက နာမည်

သတင်းစာထဲက နာမည်
Photo: Shutterstock
Photo: Shutterstock
Published 6 July 2019
မင်းချောမြင့်

ကျပ်ပြည့်တဲ့သူတော့ ဟုတ်ဟန်မတူဘူး။ စကားပြောရင် အ,ထစ် အ,ထစ်နဲ့။ အတန်းထဲမှာ အမြဲ အလှောင်ခံရတယ်။ စာမေးပွဲလည်း တဗုန်းဗုန်းကျ။ အတန်းပိုင်ဆရာမ က အိမ်ကို စာပို့လို့ သူ့အဖေက အမြဲ ရိုက်တယ်။ သူ့ မိထွေးကလည်း တပူပူ တဆူဆူနဲ့ သူ့အဖေကို အတို့ အထောင်လုပ်။ သူအိမ်မှာ မနေချင်ဘူး။ ထွက်ပေါက် ရှာချင်တယ်။ နည်းလမ်းအမျိုးမျိုးတွေရှာကြံပြီး စဉ်းစားတယ်။ အဖြေမရဘူး။ အတန်းထဲက ကောင်တွေကလည်း သူ့ကို ငအူလို့ပဲ ထင်ကြတော့ သူ့ကို အဖက်လုပ်ပြီး စကား မပြောဘူး။ သူ စိတ်ပိုင်း ဖြတ်လိုက်တယ်။ သူ့အဖေသေနတ်ကို ခိုးတယ်။ သူ့အဖေ ဖိနပ်ကို စီးတယ်။ မိထွေးရဲ့ ပိုက်ဆံအိတ်ထဲက ငွေတချို့ကို ယူတယ်။ ကြံရာ မရ၊ ဘုရားတောင် ရှိခိုးလိုက်သေးတယ် ထင်တယ်။ မော်တော်ကားကို ကိုယ်တိုင် မောင်းပြီး ထွက်လာလိုက်တယ်။ ခြံဝမှာ တွေ့ ရတဲ့ ခွေးဖြူမလေးကို ကားနဲ့ နင်းပစ်လိုက်တယ်။ လီဗာတစ်ဆုံး တင်ပြီး မြို့အပြင်ကို ထွက်လာလိုက်တယ်။

သူ့ကို လူရာသွင်းပြီး စကားပြောပေးတဲ့ သူကြီးက မြို့ပြင် သုသာန်ထဲက တဲစုတ်က လေးတစ်လုံးမှာ နေတယ်။ စိတ်မူမှန်သူ မဟုတ်တော့  နေချင်ရာ နေ၊ စားချင်ရာ စား ပေါ့။ အချိန်တန်ရင်တော့ တဲစုတ်ကလေးဆီ ပြန်တော့လာတယ်။ ဘယ်လို အပေါင်းအသင်းဖြစ်သွားခဲ့ရတယ်ဆိုတာကတော့ မမှတ်မိတော့ဘူး။ ဒီလူကြီးကို သူ သိပ်ခင်တယ်။ အဲဒီလူကြီးကလည်း သူ့ကို ခင်မင်တဲ့ ပုံပဲ။ ဒီ လူကြီး စကားပြောရင် သိပ်ရယ်ရတာ။ အ တွေ့အကြုံ စုံတဲ့ လူဆိုတော့ စီကာပတ်ကုံး ကို  ပြောတတ်တာ။ ဟုတ်တာရော  မဟုတ်တာရောပေါ့။ သူ့ပြောသမျှသာ ပြန်ရေးပြ နိုင်မယ်ဆိုရင် ရောင်းတမ်းဝင်တဲ့ စာအုပ်တစ်အုပ်တော့ ဖြစ်မှာပဲ။ တစ်အုပ်မကပါ ဘူး။ အများကြီးကို ရောင်းရမှာ။ အူအူအအ ဆိုတော့ ဒါမျိုးတွေလည်း မတွေးမိပါဘူး။ သူ့ပစ္စုပ္ပန်က ခေတ္တ ထွက်ပြေးလိုစိတ်နဲ့ ရောက်ရောက်လာခဲ့ တာ။ ဒီလူကြီးကလည်း စုံထောက်ဦးစံရှားတွေ အတော်ဖတ်ထားခဲ့ တယ်နဲ့တူတယ်။ ဒေါ်နယ်ထရမ့်တောင် သူနဲ့ ခင်သတဲ့လေ။ ရှီကျင့်ဖျင်ကိုတောင် ရှီကျင်ဖင်တဲ့လေ။ လုပ်ပေါက်က။

ရွာတစ်ရွာကို ဓားပြ ဝင်တိုက်တော့ သူ ပါသတဲ့။ တစ်ရွာလုံးကလည်း မွဲလိုက်တာ ရေတောင် သောက်စရာမရှိဘူး။ ဒါနဲ့ ဓားပြ ခေါင်းဆောင်က တွက်ချေမကိုက်လှသေးဘူး ဆိုပြီး ရွာဦးကျောင်းကို သွားမယ်။ ဓားပြတိုက် မယ်ပေါ့။ ဘုန်းကြီးသော ဘာသော ရွေးမနေနိုင်ဘူး။ ဓားပြဆိုတာ ပြေးဖို့။ အဲဟုတ်ပါဘူး လေ။ ဓားပြဆိုတာ တိုက်ဖို့။ ကျောင်းပေါ် ရောက်တော့ ခုခံလောက်မယ့် ကပ္ပိယကြီးကို တော့ ကြိုးတုပ်ထားလိုက်တယ်။ ဆရာတော် ကလည်း စာဖတ်နေဟန်တူတယ်။ တော ကျောင်းဆိုတော့ ကညင်ဆီမီးတိုင်လေးနဲ့။ အရွယ်ရလာပြီဆိုတော့ မမြင်မစမ်းနဲ့။ ဓားပြ တွေကိုလည်း လူလုံးကွဲဟန် မတူဘူး။ နားလည်း လေးဟန်တူတယ်။ ဓားပြတိုက်နေမှန်းလည်း သိဟန်မတူဘူး။ ဒါကြောင့် ဓားပြ ခေါင်းဆောင်က ကျယ်ကျယ်အော်ပြောနေရတာ တစ်ရွာလုံးတောင် ကြားရတယ်နဲ့ တူတယ်။ ဆရာတော်လည်း နည်းနည်းတော့ ကြားရတယ်နဲ့ တူတယ်။ သူ့မှာ ရဟန်းဖြစ်လို့ ရွှေငွေ မစုဆောင်းရဘူး၊ မရှိ ရှိတာ လိုချင်ရင်တော့ ဓာတ်စက်ကြီးတစ်လုံး ပေးလိုက်မယ်။ ဓာတ်ပြားတွေက များများစားစားရှိတာ မဟုတ်ဘူး ။ တရားခွေတွေချည်းပဲတဲ့။ ဒါနဲ့ ဒီလူကြီးပါတဲ့ ဓားပြအဖွဲ့ကလည်း မရရတာ ဘုန်းကြီးကျောင်းက ဓာတ်စက်ကြီးကို ဓားပြတိုက်လာခဲ့ကြတယ်တဲ့။

ဓားပြခေါင်းဆောင်ကလည်း ဓားပြသာ တိုက်နေတာ ဓာတ်ပြားကတော့ အကြိုက် သား။ တွံတေးသိန်းတန်တို့၊ မာမာအေးတို့ဆို အသေကြိုက်တာ။ အလုပ်နားတဲ့နေ့ဆို၊ အဲ ဓားပြမတိုက်ရတဲ့နေ့တွေဆို ဓာတ်ပြား ဖွင့် တော့တာပဲ။ ဓားပြတိုက်ရတဲ့ အလုပ်ဆိုတာ က နေ့တိုင်းနေ့တိုင်း ပွဲက နိုင်တာမှမဟုတ်တာ။ သူတို့အဖွဲ့ကလည်း ကျားကျားလျား လျား ဓားပြအဖွဲ့လို့ မခေါ်နိုင်ဘူး။ လူ လေး၊ ငါး၊ ခြောက်ယောက်နဲ့ မီးကျိုးမောင်းပျက် သေနတ်နှစ်လက်နဲ့။ ကျည်ကလည်း သိပ်တော့ တောင့်တာမဟုတ်တော့ အဲဒါနဲ့ပဲ ခြောက်လှန့်ရတယ်။ ပြေးတဲ့အခါ ပြေးပေါ့။ ပြေးရတာ များပါတယ်။

ဓာတ်ပြားကလည်း အသေဖွင့်ချင်။ ရှိတာကလည်း တရားအခွေတွေပဲ ရှိတာ။ မရှိရှိတာ ဖွင့်ရတာပေါ့လေ။ အစတော့ နားဝင် မဖြောင့်ဘူး။ ပိတ်လိုက်။ ပြီးတော့ ပြန်ဖွင့်ပြန်ရော။ ဝသီက ဓာတ်ပြားကို ဖွင့်ချင်နေတာ။ ဖွင့်တယ်။ တစ်စတစ်စ နားယဉ်လာတယ်။ တရားနာလို့လားတော့ မသိဘူး။ အလုပ်အကိုင်တွေက အဆင်ပြေလာတယ်။ အလုပ်အကိုင်ဆိုတာက ဓားပြတိုက်တာကို ပြောတာ။ ဝင်လာမစဲ တသဲသဲပေါ့လေ။ တရားကလည်း နားရည်ဝလာပြီ။ အင်္ဂလိပ်အစိုးရကလည်း စစ်တပ်နဲ့  ပိုက်စိပ်တိုက်ပြီး သူတို့ကို တောနင်း ရှာနေတယ်လို့ သတင်းက ရပြီးနေပြီ။ ဓားပြ ခေါင်းဆောင်လုပ်သူက ဆုံးဖြတ်ချက်ချရတယ်။ လူစုခွဲကြဖို့ ပြောပြီး ဝေစုတွေ ပေးလိုက်တယ်။ ကိုယ့်နယ်ကို ပြန်နေကြပေါ့လေ။ သူလည်း ဓာတ်စက်ကြီး ဓားပြတိုက်ခဲ့တဲ့ ရွာကို သွားပြီး ရဟန်း ဝတ်တော့မယ်တဲ့လေ။ ဓာတ်စက်ကြီးကိုတော့ နှမြောလျက်နဲ့ သူ့တပည့်တစ်ယောက်ကို ပေးလိုက်တယ်။ မဟုတ်ရင် အစပေါ်သွားပြီး ၀ိုင်းအဘေခံရမှာလေ။

အဲ၊ အမွေခွဲလို့ပြီးပြီ။ ဟုတ်ပါဘူး။ လက်နက်ကိုင် ဓားပြတိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ဖို့လုပ်နေရတာ။ မပြီးပြတ်တဲ့ကိစ္စကတော့ လက်နက်ဝေခြမ်းရေးပါပဲ။ သေနတ် က နှစ်လက်တည်းရှိတာ။ တစ်လက်က ကျည် အများကြီးထွက်တဲ့ စက်လတ်ကြီး။ တစ်လက် က တစ်ခါပစ် တစ်ခါပဲ ထွက်တဲ့ ရိုင်ဖယ်။ ကျည်ဆန်အများကြီး ထွက်တဲ့ အလက်ကို ဓားပြတိုက်နေတုန်းက သူပဲ ကိုင်တယ်။ သူက ဗိုလ်လုပ်ရတာလေ။ သူများထက် အာဏာ ရှိရမှာပေါ့။ တစ်လက်ကတော့ ကိုယ့်ကို ပြန် မလှန်လောက်တဲ့လူကို ပေးကိုင်ထားရတယ်။ ကိုယ့်သေနတ်ကိုတော့ မပေးရဲပေါင်။ ပေးလိုက်ရင် ကိုယ့်ရာထူးက လျှောပြီလေ။ အာဏာပါ၀ါဆိုတာက သေနတ်ကျည်ဆန် အများကြီးထွက်တဲ့ဟာကို ကိုင်နိုင်မှ ဗိုလ်လုပ် လို့ရတယ်ဆိုတာ သူတို့အဖွဲ့ရဲ့ ပြဋ္ဌာန်းချက် ပဲ။ အဲဒီတော့ သူလည်း ဓားပြတိုက်သွားရင် သေနတ်ကြီးကို ထမ်းရတာပဲ။ သူများ မပေးရဲဘူးလေ။ သူ့ကောင်တွေအကြောင်း သူသိတယ်။ အလစ်ပေးရဲတာ မဟုတ်ဘူး။ ခု သူလက်နက်စွန့်တော့မယ်ဆိုမှ သေနတ် အမွေလုတဲ့ကိစ္စက ပေါ်လာပြီ။ သူက တရားရိပ်မှာ ပဲနေတော့မယ်။ သူ့လက်နက်ကို ဘယ်သူ့ ပေးရမလဲပေါ့။ ခက်ပြီ။ ခက်လည်း မခက်ပါဘူး။ သူခိုင်းရင် အမြဲ စိတ်ချရတဲ့ ခပ်အူအူ အအကောင်ကို ပေးလိုက်တယ်။ ဒီကောင် က အဖွဲ့ထဲမှာ အချာဆုံး။ သူကြောက်နေရတဲ့ သူတွေချည်းလေ။ သေနတ်ကြီး ရပြီဆိုတော့ ဒီကောင် အချိုးပြောင်းပြီ။ ဟိတ်နဲ့ ဟန်နဲ့။ ဟိန်းလိုက် ဟောက်လိုက်ပေါ့။ ဗိုလ်လုပ်ဖို့ သိပ်လေ့လာရတဲ့ ဟန်မတူဘူး။ အဲဒါတွေ ပြီးတော့ သူလည်း အဖွဲ့ကနေ ထွက်လာလိုက်တယ်။ ဒီကောင်တွေ ဘယ်လို ဆက်ဖြစ်ကြလဲ ဆိုတာလည်း သတင်းမကြားရတော့ဘူး။

ဇာတ်လမ်း စခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဟီးရိုးကြီးက သူ ပြောချင်ရာ ပြော ပြီး မောသွားဟန်တူတယ်။ စကားကို ရပ်လိုက်တယ်။ ပြီးတော့ ရေသောက်လိုက်တယ်။ ဒီ ကောင်လေးက သူ့ကို ခိုက်နေတယ်ဆိုတာ သူ သိတယ်။ လူ့သဘာဝရဲ့ အားနည်းချက် လားပဲ။ ကိုယ့်ကို  ခိုက်နေပြီဆိုတဲ့ ကောင်တွေ ရှေ့ဆိုရင် စကားက သိပ်ကို ပြောလို့ ကောင်းတာ။ စကားလုံးတွေက ဘယ်လို ထွက်လာ တယ်မသိဘူး။ ကြားဖူးတာရော မကြားဖူးတာ ရော ရောကြိတ်တော့တာပါပဲ။ စကားပြော ရတာ တံတွေးတောင် သီးတယ်။ သူ့လူတွေ ကလည်း အဟုတ်ကြီးကို ထင်နေကြတော့ တာ။ သဘာဝပဲနဲ့ တူတယ်။ ဒီကောင်လေးက နာမည်ကြီးချင်တယ်။ ထင်ပေါ်ချင်တယ်။ လူတွေ အနှိမ်မခံချင်ဘူး။ မေတ္တာတရား မျှမျှတတ မရခဲ့တော့ ဒေါသက အရမ်းကြီးတယ်။ စာဖတ်တယ်ဆိုပေမဲ့လည်း ဉာဏ်က မမီတော့ ဟိုရောက် ဒီရောက်ပဲ။ ဆင့်ကဲ တွေး တောနိုင်စွမ်းမရှိဘူး။ ငအူကိုး။ ဆင်ခြင်တုံ တရားမဲ့တယ်။ လောကအပေါ် အာဃာတ တရားတွေ များလွန်းနေတယ်။ သူ့ကို ဝိုင်း နှိမ်ကြတဲ့ စတိတ်ကျောင်းက သူ့ကောင်တွေ ကို ပြောတယ်။ တစ်နေ့ သတင်းစာထဲမှာ သူ့နာမည် ပါလာရမယ်တဲ့။ ဟိုကောင်တွေ က ဟားဖြစ်အောင်  ဟားလိုက်ကြသေးတယ်။

ကားလီဗာကို အရှိန်မြှင့်တယ်။ တွေ့ရာ ပန်းအိုးတွေကို တိုက်ချပစ်လိုက်တယ်။ ကားမောင်းရင်း သေနတ်ကြီးက ကားတံခါးကနေ ရွယ်လို့။ ခုထိတော့ ဘယ်သူ့ကိုမှ ပစ်သေးတာ မဟုတ်ဘူး။ စတိုင်လုပ်နေတာ။ စတိုင်လုပ် နေတဲ့ပုံက အက်ရှင်ကားတွေထဲက လူကြမ်း မင်းသားစတိုင်။ ကားကို အရှိန်ပိုမြှင့်တယ်။ ရဲကားတွေ လိုက်လာတဲ့ ပုံစံ။ ကျော်တက်လာတဲ့ ကောင်မလေးတွေ မောင်းတဲ့ ကား ကိုတော့ ငေးလိုက်သေးတယ်။ သေနတ်ထုတ်ပြလိုက်တော့ ကလေးမလေးတွေ လန့်သွားရော။ ကျွမ်းထိုးမှောက်ခုံတွေကို ဖြစ်လို့ပေါ့။ ခုထိတော့ ရဲကားတွေလိုက်မလာ ကြသေးဘူး။ တွန်းနေရတာလို့ပဲ တွေးဖြစ်အောင် တွေးလိုက်သေးတယ်။

ကားက ဆီကုန်ကာနီးဆိုတော့ ဆီဆိုင်ရှေ့ရပ်လိုက်တယ်။ ရွာမှာ ကောက်စိုက်စား ရုံနဲ့ အဆက်မပြေတော့လို့ ဓာတ်ဆီဆိုင်မှာ ဘောင်းဘီဖင်ကျပ်ဝတ်ပြီး ဆီပန့်ကိုင်နေတဲ့ သူတို့ရွာသူကို တွေ့လိုက်သေးတယ်။ နှုတ် ဆက်မနေတော့ဘူး။ ဆီဖိုးတောင်းတော့ သေနတ်ထုတ်ချိန်လိုက်တယ်။ မျက်လုံးတွေ ပြူးသွားကြတယ်။ ကားနဲ့ ထွက်လာတော့ လူအုပ် က သူ့ကားကို ၀ိုင်းတားကြတာနဲ့ လန့်သွားအောင် ဓာတ်ဆီတိုင်ကီကြီးကို သေနတ်နဲ့ ပစ်ပြလိုက်ရသေးတယ်။

မြို့လယ်ကောင် ရောက်လာတယ်။ လူတွေ ရွစိရွစိနဲ့ ကိုယ်လိုရာ သွားနေကြတယ်။ မျက်လုံးတစ်စုံ သူတို့ကို ချောင်းမြောင်းနေမယ်လို့တော့ ဘယ်ထင်ပါ့မလဲ။ ကိုယ့်လမ်းကိုပဲ လျှောက်နေကြတယ်။ အေးဆေးပဲ။ သတင်းစာထဲ သူ့နာမည် ပါလာဖို့ ကြိုးစားနေတဲ့ ငအူတစ်ကောင်ရဲ့ အကြံကို ဘယ်ရိပ်မိပါ့မလဲ။ လူဆိုးလုပ်မယ့်သူဆိုတာ လူကောင်းလို  ဟန်ဆောင်လာတာ။ ချို မပါဘူး။ ဒီကောင်က လူတွေ စုနေရာကို ကြည့်တယ်။ ခိုးလာတဲ့ သူ့အဖေသေနတ်နဲ့ ထုတ်ချိန်လိုက်တယ်။ လူတစ်ဆယ့်လေးငါးခြောက်ယောက် လောက်ကို တစ်ဆက်တည်း ပစ်ချလိုက် တယ်။ အတုံးအရုံးပဲ။ အဲဒီကျမှ ရဲတွေ ရဟတ် ယာဉ်တွေ ဆီကုန်အောင် ပတ်ပျံပြပြီး အဲ ကောင်လေးကို ၀ိုင်းထားကြတယ်။ ချက်ချင်း မဖမ်းရဲဘူး။ မီဒီယာတွေကလည်း လိုက်ဖ် တွေ ဘာတွေ လွှင့်ပေါ့။ ချက်ချင်းဆိုသလို တစ်မဟုတ်ချင်း သတင်းက ကမ္ဘာကို ပျံ့ သွားတယ်။ ကောင်လေးကို ဖမ်းမိလိုက်တယ်။ နောက်တစ်နေ့ ဒီကောင်လေးရဲ့ နာမည်ဟာ သတင်းစာမှာ စာလုံးအမည်းကြီးတွေနဲ့ ပါ လာခဲ့တော့တယ်။

သုသာန်မှာနေတဲ့ ဓားပြဗိုလ်ကြီး လုပ် ဖူးတဲ့ ဟိုကောင်လေးရဲ့ဆရာကြီး သတင်းစာ ဟောင်းတစ်ရွက်ကို ဖတ်နေတယ်။ အစက တော့ ငနဲသားကောင်လေးမှန်း သူ မသိဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွား တယ်။ သူ့ရဲ့ ပြစ်မှုအတွက် သေဒဏ်ကတော့ အနည်းဆုံး ကျခံရတော့မှာပဲ။ နာမည်ကြီး ချင်တာနဲ့ သတင်းစာမှာ သူ့နာမည် ပါလာ ချင်တာနဲ့ ဒီလို လုပ်ရသလားလို့ စိတ်မှာ စုတ် တသပ်သပ် ဖြစ်ရတယ်။ ထိုက်သင့်တဲ့ ပြစ် ဒဏ်လည်း စီရင်ပြီးသွားပြီ။ ငအူကောင်လေး လည်း ကောင်းကင်ဘုံကို စောစောစီးစီး ရောက်ရရှာတယ်။

ဆရာကြီးလုပ်သူ လူကြီးတစ်ယောက် က အုတ်ဂူလေးကို ခပ်ဆွေးဆွေးလေး ကြည့် နေတယ်။ ခပ်အူအူကောင်လေးတစ်ယောက် ကို သတိရမိလို့ ထင်တယ်။ မျက်ရည်တွေ ဘာတွေ ကျလို့ပေါ့။ အူတူတူလေးဆိုတော့ သနားပြီး သံယောဇဉ် ဖြစ်မိသွားတာလားပဲ။ ကောင်လေးကို သူ တားနိုင်ခဲ့ရမှာ။ ဖျောင်းဖျ နိုင်ခဲ့ရမှာ။ လူငယ်တစ်ယောက်ရဲ့ နှလုံးသား မှာ စူးဝင်နေတဲ့ အဆိပ်ဆူးကို သူ နုတ်နိုင်ခဲ့ ရမှာ။ ထားလိုက်တော့။

ကောင်လေးရေ၊ တချို့အရာတွေက ဇာတ်ဝင်ခန်းတွေအဖြစ်ပဲ ကြည့်လို့ကောင်း တယ်။ ခုနောက်ပိုင်း အရသာခံပြီး မကြည့် ချင်တော့ဘူးကွယ်။မျက်ရည်တွေက သတင်း စာအဟောင်းပေါ်က စာလုံးအမည်းကြီးတွေ ပေါ်မှာ ပေါက်ခနဲကျလို့ပေါ့။

Most Read

Most Recent