မှေးမှိန်နေဆဲ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထိပ်သီးဆွေးနွေးပွဲကုထုံး

မှေးမှိန်နေဆဲ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထိပ်သီးဆွေးနွေးပွဲကုထုံး
Photo : AFP
Photo : AFP
Published 6 July 2019
ဒေါက်တာရန်မျိုးသိမ်း

ဇွန် ၃၀ ရက်က စစ်မဲ့ဇုန်တွင် မြောက်ကိုရီးယားဘက်မှ တောင်ကိုရီးယားဘက်သို့ အတူလမ်းလျှောက်လာသည့် ထရမ့်နှင့် ကင်တို့အား တွေ့ရစဉ်

ပြည်တွင်းငြိမ်းချမ်းရေးပြဿနာသည် ကူးစက်ရောဂါတစ်ခုအလား လူ့အဖွဲ့အစည်းကို တိုက်စားလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်စုံတွင် ခုခံအားကျဆင်းလျက်ရှိပြီး မြန်မာနိုင်ငံသည် အာ ဆီယံတွင် အမွဲဆုံးနိုင်ငံတန်းဝင်လျက်ရှိသည်။ ပြုပြင်ပြောင်းလဲရေး စနစ်မကျ၊ အားမကောင်းသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ခရီးမတွင် မှေးမှိန်နေသရွေ့ မွဲသထက်မွဲနေ၊ ဖွံ့ဖြိုးမှုနောက်ကျနေပြီး လူရာဝင်ဖို့၊ လူတော တိုးဖို့ ခက်နေဦးမည်ဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲကုထုံးကို ဗျူဟာမြောက်သုံးလာနိုင်မည် ဆိုလျှင် အနာနှင့်ဆေးတွေ့ပြီး ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာမည်လား စိတ်လှုပ်ရှား ဖွယ်ရာပင်ဖြစ်သည်။ 

ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ)ခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ ပိုင်ကေစီအန်အေ သတင်းဌာနက ဇွန်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။  မြောက်ကိုရီးယားနိုင်ငံ၏ ပါတီ၊ အစိုးရနှင့် တပ်မတော်ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတ၏ ပေးစာပါအကြောင်း အရာများမှာ သာလွန်ကောင်းမွန်သဖြင့် အားရကျေနပ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၀ါရှင်တန်နှင့် ပြုံယမ်းအကြား နျူကလီးယား အရေးပိတ်မိနေဆဲ ဇွန်လဆန်းပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင်သည် အမေရိ ကန်သမ္မတထံ ပုဂ္ဂိုလ်ရေးစာတစ်စောင် ပေးပို့ခဲ့ပြီး သမ္မတထရမ့်ကို မွေးနေ့ဆုတောင်းမှုပြုခဲ့သည်။ ပုဂ္ဂိုလ်ရေးပေးစာနှစ်စောင်ကို အကြောင်းပြုလျက် ၀ါရှင်တန်နှင့် ပြုံယမ်းအကြား အေးစက်နေသော သံခင်းတမန်ခင်းသည် ပြန်လှုပ်ရှားလာခဲ့သည်။

ထိပ်သီးနိုင်ငံရေးသည် ခက်ခဲနက်နဲ သော ပြဿနာများ၊ ရှုပ်ထွေးပွေလီသော အကျပ်အတည်းများကို ချဉ်းကပ်အဖြေရှာရာတွင် မည်ရွေ့မည်မျှ သော့ချက်ကျ အရေးပါသည်ကို ထရမ့်နှင့် ကင်ဂျုံအန်းအကြား လတ် တလော သံခင်းတမန်ခင်းက သက်သေပြု လျက်ရှိသည်။ ထိပ်သီးခေါင်းဆောင်များအကြား ယုံကြည်မှုနှင့်နားလည်မှုကို ကျယ်ကျယ် ပြန့်ပြန့် တည်ဆောက်လာနိုင်မည်ဆိုလျှင် နိုင်ငံတကာဝန်းကျင်တွင်သာမက ပြည်တွင်း ရပ်ဝန်းတွင်လည်း ပဋိပက္ခများ၊ တင်းမာမှုများ၊ ထိပ်တိုက်တွေ့မှုများကို လျှော့ချနိုင်ရေးအ တွက် တွန်းအားဖြစ်လာမည်မှာ ဧကန်မုချပင် ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုများတွင် အ ထက်မှအောက် ဖြန့်ကြက်ပုံစံ၊ အောက်မှအ ထက် ဖြန့်ကြက်ပုံစံနှင့် အရောပုံစံဟု ယေဘုယျ သဏ္ဌာန်သုံးမျိုးရှိသည်ဟု နားလည်မိသည်။ ရှုပ်ထွေးခက်ခဲသော နာတာရှည် ပြဿ နာများ၊ အရိုးစွဲအကျပ်အတည်းများကို ချဉ်း ကပ်အဖြေရှာမည်ဆိုလျှင် အထက်မှအောက် ဖြန့်ကြက်ပုံစံသည်  အလုပ်ဖြစ်နိုင်ခြေအရှိဆုံး ဟု ၀ါရှင်တန်-ပြုံယမ်း သံခင်းတမန်ခင်းက အလင်းပြခဲ့သည်ဟု သုံးသပ်နိုင်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ရှေ့မတိုး နောက်မဆုတ် တန့်နေသည် မှာ ကြာနေပြီဖြစ်သည်။ တစ်ဆို့နေဆဲ အခင်း အကျင်းမှ ဖောက်ထွက်နိုင်ရေးတွင် ယုံကြည် မှုတည်ဆောက်ရေး၊ အဆုံးအဖြတ်ပြုနိုင်မည့် ထိပ်သီးခေါင်းဆောင်များအကြား ယုံကြည်မှု တည်ဆောက်ရေးသည် သော့ချက်ကျမည်ဖြစ် သည်။ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းအကြား သံခင်းတမန်ခင်းကိုကြည့်မည်ဆိုလျှင် ပုဂ္ဂိုလ် ရေးပေးစာများမှသည် အလုပ်သဘော တွေ့ ဆုံဆွေးနွေးပွဲအထိ ခရီးပေါက်စေခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ အလွတ်သဘောမှသည် အလုပ်သဘောဆီ ဦးတည်သည့်လမ်း ကြောင်းလည်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးအ ခင်းအကျင်းတွင် အလွတ်သဘော ခြေလှမ်း နည်းလွန်းသည့်အလျောက် အလုပ်သဘော ရုပ်လုံးပေါ်မှု လျော့ပါးလွန်းသည်မှာ မဖြစ် မနေ ပြန်လည်သုံးသပ်ရမည့် အနေအထား ပင်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မန်း ကျုံးငြိမ်းချမ်းရေးကျေးရွာ၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တစ်နာရီနီးပါး တွေ့ဆုံဆွေးနွေးခဲ့ပြီး တတိယမြောက် ၀ါရှင်တန်-ပြုံယမ်း ထိပ်သီးအစည်းအဝေးကို ရုပ်လုံးပေါ်စေခဲ့သည်။ ထရမ့်နှင့် ကင်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ပိုမိုအား ကောင်းစေခဲ့ပြီး နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လမ်းစပေါ်ခဲ့သည်။ ထရမ့် သည် ပြုံယမ်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတနှင့် မြောက်ကို ရီးယားနိုင်ငံကို ခြေချဝင်ရောက်ခဲ့သည့် ပထမ ဆုံးအမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ တင်းမာမှုများ မြင့်မားနေလင့်ကစား ထိပ်သီးဆွေးနွေးပွဲများသည် ယုံကြည်မှုတည်ဆောက်ရေးတွင် သော့ချက်ကုထုံးဖြစ်နေဆဲ ဟု သုံးသပ်ရမည်ဖြစ်သည်။

သမ္မတထရမ့်၏ စွန့်ဦးနိုင်ငံရေးခြေလှမ်းသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးလုပ်ငန်းစဉ်ကြီးအတွက် မည်ရွေ့ မည်မျှ အထောက်အကူပြုမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထရမ့်နှင့် ကင်ဂျုံအန်းတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု တို့ကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်နိုင်ခဲ့ ပုံရသည်။ ပြဿနာများ၊ ပဋိပက္ခများ၊ အကျပ် အတည်းများ၊ တင်းမာမှုများကို ချဉ်းကပ်အ ဖြေရှာရာတွင် ထိပ်သီးခေါင်းဆောင်များအ ကြား အပြန်အလှန် ရင်းနှီးမှုနှင့် ယုံကြည်မှု သည်  ဗျူဟာမြောက် အရေးပါလျက်ရှိသည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင်လည်း ထိပ်သီးခေါင်းဆောင်များအကြား ရင်းနှီးမှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ရန် မဖြစ်မနေ လိုအပ်နေဆဲဖြစ်သည်။ သို့ဖြစ်၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထိပ်သီး ဆွေးနွေးပွဲသည် အထိရောက်ဆုံးကုထုံးဟု ကောက်ချက်ပြုရခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား အလွတ်သဘောသာမက အလုပ်သဘော တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်နိုင်မည်ဆိုလျှင် ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက် ရေးသည် အနှေးနှင့်အမြန် ခရီးပေါက်နိုင်ဖွယ် ရှိသည်။ လတ်တလော တစ်ဆို့နေဆဲ၊ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေဆဲ ငြိမ်းချမ်းရေး အခင်းအကျင်းမှ ဖောက်ထွက်နိုင်မည့် အလားအလာနှင့် မျှော်လင့်ချက်များကို အသက် ဝင်လာနိုင်စေမည်ဖြစ်သည်။ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဦးစီးချုပ်အကြား ရင်းနှီးမှု၊ ယုံကြည်နားလည်မှု တည်ဆောက်ပြီး ကနဦး သဘောတူညီချက်များရရှိရေး ချဉ်းကပ်ဖော်ဆောင်သင့်သည်။

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဦးစီးချုပ်တို့အကြား အလွတ်သဘောနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုတည်ဆောက်ကာ သဘောတူညီချက်များရယူပြီးပါကစားပွဲဝိုင်း ဆွေးနွေးပွဲတွင် တိုင်းရင်းသားခေါင်းဆောင် များကို ဖိတ်ခေါ်၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး၊ အမြင်ဖလှယ်၊ သဘောတူညီမှုများ ရယူနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကို ကိုယ်စားပြုနိုင်မည့် တိုင်းရင်းသားခေါင်းဆောင်သုံးဦး သို့မဟုတ် လေးဦးကို ပါတီနှင့် လက်နက်ကိုင်အဖွဲ့အ စည်းခေါင်းဆောင်များက ဆန္ဒပြုရွေးချယ်၍ ပါဝင်စေခြင်းဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲ၏ နယ်နိမိတ်ကို ချဲ့ထွင်သင့်သည်။ ကနဦးသဘောတူညီချက်များအပေါ်အခြေပြုလျက် ခိုင်မာပြည့်စုံသည့် နိုင်ငံရေးသဘောတူညီချက်များ ရရှိအတည်ပြုနိုင်ရေး အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းရမည်မှာ ရှောင်ဖယ်မရ သည့် ရှေ့ခရီးပင်ဖြစ်သည်။

အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေးရင်း ယုံကြည်မှုတည်ဆောက်၍ သဘော တူညီမှုများရရှိလာရေးသည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အခရာကျ မည်ဖြစ်သည်။ အချိန်သတ်မှတ်ချက်နှင့် ယှဉ်တွဲသည့် လမ်းပြမြေပုံတစ်ရပ် ရေးဆွဲအတည် ပြုနိုင်ရေးကိုလည်း တိုင်းရင်းသားခေါင်းဆောင်များပါ လွှမ်းခြုံသည့် အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည်ဖြစ်သည်။ လတ်တလော အခင်းအကျင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံအစည်းအဝေး) ထပ်မံကျင်းပနိုင်ရေး ထက် ထိပ်သီးခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ယုံကြည်မှုတည်ဆောက် နိုင်ရေး၊ သဘောတူညီချက်များရရှိနိုင်ရေး တို့ကို ဦးစားပေး ဖော်ဆောင်သင့်ကြောင်း ကောက်ချက်ပြုလိုသည်။

အချုပ်ဆိုရသော် နွားခြေရာခွက်ထဲကဖားသူငယ်မဖြစ်ဖို့ ဆင်ခြင်ကြရမည်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ စုန်ဆန်ခရီးနှင်နေသည့် ကမ္ဘာ့နိုင်ငံများကို မျက်ခြေမပြတ်ဖို့လည်း အရေးကြီးသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအပြောင်းအလဲများကို ပြိုင်တူတွန်းကြရမည်ဖြစ်သည်။ မူဝါဒ၊ စနစ်၊ ဗျူဟာ၊ နည်းနာတို့ လွှမ်းခြုံ၍ ထိရောက်အလုပ်ဖြစ်မည့် ထိပ်သီးဆွေးနွေးပွဲများ ရုပ်လုံး ဖော်လာနိုင်မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုဝန်းကျင်ပြုပြင်ပြောင်းလဲရေး စသည့် အပြောင်းအလဲခြေလှမ်းစစ်ခြေလှမ်းမှန်များကို မြင်တွေ့လာရနိုင်ဖွယ်ရှိသည့်အလျောက် ထိပ်သီးဆွေးနွေးပွဲကုထုံးအား အပြောသက်သက်မဟုတ် အလုပ်နှင့်သက်သေပြ အဆောတလျင် ဖော်ဆောင်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent