လုပ်ခလစာအပေါ် ခေါင်းဖြတ်ခြေဖြတ် လုပ်နေကြသူများ

လုပ်ခလစာအပေါ် ခေါင်းဖြတ်ခြေဖြတ် လုပ်နေကြသူများ
 အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြားအကြောင်းအရာမျိုးစုံဖြင့် သွားလာနေသူပြည်သူများအား မြို့ပတ်ရထားတစ်စင်းပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြားအကြောင်းအရာမျိုးစုံဖြင့် သွားလာနေသူပြည်သူများအား မြို့ပတ်ရထားတစ်စင်းပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 16 June 2019
ရှိုင်းလင်းအောင်

တက္ကသိုလ်တစ်ခုခုက ဘွဲ့တစ်ခုခုရပြီဆိုရင် ထမင်းစားလက်မှတ်ရပြီလို့ပြောကြတဲ့ အရပ်သုံးစကားတစ်ခွန်း ကြားဖူးကြမှာပါ။ ဒါ့အပြင် အလုပ်တစ်ခုရဖို့ မလွယ်ဘူးဆိုတဲ့ ပြောသံတွေလည်း ပတ်ဝန်းကျင်မှာ ကြားဖူးကြပါလိမ့်မယ်။

လူတစ်ယောက် ကိုုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် ကိုယ်နဲ့သင့်တော်မယ့် အလုပ်အကိုင်ကောင်းတစ်ခု ရဖို့ဆိုတာ ထင်သလောက် ရိုးရှင်းမလွယ်ကူပါဘူး။

၂၀၁၈ ခုနှစ် ပထမသုံးလပတ်လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားရှိသူဦးရေ ၃၆ သန်းကျော်ရှိပါတယ်။ အလုပ်လက်ရှိလူဦးရေက ၂၂ သန်းကျော်သာရှိပြီး အလုပ်လက်မဲ့ဦးရေကတော့ နိုင်ငံလူဦးရေသန်း ၅၀ ကျော်ရဲ့ တစ်ရာခိုင်နှုန်း (ငါးသိန်းကျော်) ရှိတယ်လို့ လုပ်သားအင်အားစစ်တမ်းက ဆိုပါတယ်။

ဒီအလုပ်လက်မဲ့ဦးရေက ၂၀၁၈ ပထမ သုံးလပတ်အတွင်းကောက်ယူခဲ့တဲ့ စစ်တမ်းပါ။ လက်ရှိ ၂၀၁၉ ခုနှစ်မှာ အလုပ်လက်မဲ့ဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လည်းဖြစ်၊ အထူးစီးပွားဇုန်နဲ့ စက်မှုဇုန် ၂၉ ခုအထိရှိတဲ့ ရန်ကုန်မြို့ကတော့ တခြားမြို့တွေထက်စာရင် အလုပ်အကိုင်အခွင့်အလမ်း ပေါများပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာနေတဲ့ လူတိုင်း အလုပ်ရှိနေတာ မဟုတ်ပါဘူး။ ပညာအရည်အချင်းအောင်လက်မှတ်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေ တစ်ပွေ့တစ်ပိုက်ရှိထားပေမယ့် အလုပ်အကိုင် အတည်တကျမရှိသေးတဲ့ အလုပ်လက်မဲ့တွေ ရန်ကုန်မြို့မှာ အများကြီး ရှိနေပါတယ်။

ဘွဲ့ရခါစ လူငယ်တွေ၊ အဝေးသင်ပညာရေး တစ်ဖက်နဲ့ အလုပ်တစ်ခုခု လိုချင်နေတဲ့ လူငယ်တွေ၊ အတန်းပညာ တစ်ဝက်တစ်ပျက်နဲ့ လူငယ်တွေအပြင် လူငယ်လူရွယ် တော်တော်များများရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပဲ ဖြစ်ပါတယ်။

အတန်းပညာအောင်လက်မှတ်တွေ၊ ကွန်ပျူတာ၊ ဘာသာစကားကျွမ်းကျင်မှု စတဲ့ အသိအမှတ်ပြု လက်မှတ်တွေ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတို့ကို မိတ္တူသုံးလေးစုံကူးထားပြီး ဖိုင်တွဲနဲ့ အလုပ်လာလျှောက်တဲ့ လူငယ်လူရွယ် အများအပြားကို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရုံးတွေရဲ့ အနီးအနားဝန်းကျင်မှာ မြင်တွေ့နိုင်ပါတယ်။

အလုပ်လက်မဲ့သူတွေက ကိုယ်ရဲ့နီးစပ်ရာအလုပ်တွေ၊ အသိမိတ်ဆွေတွေရှိရာ လုပ်ငန်းတွေမှာ အလုပ်လျှောက်ကြတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် အလုပ်ရှာနေသူလူငယ်တွေအတွက် အဓိက အားထားစရာကတော့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေပဲ ဖြစ်ပါတယ်။

၂၀၁၀ မေလကနေ ၂၀၁၉ ဇွန်လအထိ ကိုးနှစ်တာကာလအတွင်း ပြည်တွင်းမှာ အလုပ်အကိုင်ရှာဖွေပေးနေတဲ့ အေဂျင်စီပေါင်း ၈၈ ခုရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ အလုပ်လုပ်ချင်သူ လူငယ်လူရွယ်တွေအတွက် အလုပ်ရှာဖွေပေးနေတဲ့ နေရာမှာအဓိက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဝန်ထမ်းလိုအပ်နေတဲ့ ကုမ္ပဏီတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်ရှာနေသူတွေကို ချိတ်ဆက်ပေးရတာပဲဖြစ်ပါတယ်။ အေဂျင်စီတွေ ချိတ်ဆက်ပေးလိုက်လို့ လုပ်ငန်းရှင်နဲ့ အလုပ်ရှာနေတဲ့ အလုပ်သမားကြားမှာ အဆင်ပြေသွားပါက ဝန်ဆောင်ခယူတာမျိုးတွေရှိပါတယ်။

ဝန်ဆောင်ခယူတဲ့နေရာမှာ အေဂျင်စီတစ်ခုချင်းစီအလိုက် ကွဲပြားသွားတာမျိုးရှိ တယ်။ တချို့အေဂျင်စီတွေက အလုပ်ရှင်ဆီကရော၊ အလုပ်သမားဆီကပါ ဝန်ဆောင်ခ ယူတာမျိုးရှိပြီး တချို့အေဂျင်စီတွေကတော့ အလုပ်ရှင်ဆီကပဲယူပြီး အလုပ်သမားတွေဆီက မယူကြဘူး။

နာမည်ကြီး ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှာတော့ သူတို့အေဂျင်စီကတစ်ဆင့် အလုပ်လျှောက်လိုသူများအနေနဲ့ ပညာအရည်အချင်း အောင်လက်မှတ်တွေနဲ့ လိုအပ်တဲ့စာရွက်စာတမ်း အပြည့်အစုံ ယူဆောင်လာပြီး ဖောင်ဖိုး ၅၀၀၀ ကျပ်ကို ကနဦး ပေးသွင်းရတယ်လို့ အလုပ်လျှောက်ဖူးသူတွေက ပြောကြားပါတယ်။ အဲဒီအေဂျင်စီက ရှာဖွေပေးလို့ အလုပ်ရသွားပြီးဆိုရင် ပထမဆုံးအလုပ်စဆင်းတဲ့ရက်မှာ လစာရဲ့ ၂၀  ရာခိုင်နှုန်းပေးသွင်းရပြီး အလုပ်ဆင်းလို့ တစ်ပတ်ကျော်ကြာတဲ့အခါ နောက်ထပ် ရာခိုင်နှုန်း ၃၀ ပေးသွင်းရတဲ့အတွက် စုစုပေါင်းလစာရဲ့ ရာခိုင်နှုန်း ၅၀ ကို ဝန်ဆောင်ခအဖြစ် ပေးသွင်းခဲ့ရတယ်လို့ အဲဒီအေဂျင်စီကတစ်ဆင့် အလုပ်လျှောက်ဖူးသူတွေက ပြောပါတယ်။

4r4a2713.jpg

အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် အခြားခရီးသည်များ YBS ယာဉ်ပေါ်မှ ဆင်းလာသည်ကို တွေ့ရစဉ်

“၂၀၁၈ တုန်းက အဲဒီအေဂျင်စီကနေ အလုပ်စလျှောက်တော့ ဖောင်ဖိုး ၅၀၀၀ အရင်ပေးရတယ်။ နောက်ပြီးတော့ အလုပ်ရပြီဆိုရင် အလုပ်စဆင်းတဲ့ရက်မှာ လစာရဲ့ ရာခိုင်နှုန်း ၂၀ အရင်ပေးရတယ်။ အလုပ်ဆင်းပြီးလို့ တစ်ပတ်လောက်ကြာရင် ရာခိုင်နှုန်း ၃၀ ထပ်ပေးရတယ်။ သူတို့ဆီက အလုပ်လျှောက်လို့ ပေးရတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်ရမယ့်လစာရဲ့ တစ်ဝက်တိတိကို ပေးလိုက်ရတာဆိုတော့ နှမြောတာပေါ့။ ပြီးတော့ ပေးရတဲ့ ပိုက်ဆံကလည်း များတာပေါ့။ တစ်လလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး သူတို့ကို တစ်ဝက်ပေးလိုက်ရတော့ အသုံးစရိတ် လျှော့သွားတာပေါ့” လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ မသဥ္ဇာ(အမည်လွှဲ)က ပြောပါတယ်။

ဒီလိုအေဂျင်စီကတစ်ဆင့် အလုပ်လျှောက်ထားပါက ဝန်ဆောင်ခ ကောက်ခံတဲ့အပေါ် ဘယ်လိုသတ်မှတ်ကောက်ခံသလဲလို့ သွားရောက်စုံစမ်းရာမှာ ဝန်ဆောင်ခအဖြစ် အလုပ်သမားရဲ့ လစာတစ်ဝက် ကောက်ယူတယ်လို့ အဲဒီနာမည်ကြီး အေဂျင်စီက ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။

“ကျွန်မတို့အေဂျင်စီကနေ စလျှောက်လျှောက်ခြင်းမှာ ၅၀၀၀ အရင်ပေးရမယ်။ အလုပ်ရပြီဆိုရင် ပထမဆုံးစဆင်းတဲ့နေ့မှာ ကိုယ်ရမယ့်လစာရဲ့ ရာခိုင်နှုန်း ၂၀ ပေးရမယ်။ ဥပမာ လစာက တစ်သိန်းခွဲရတယ်ဆိုရင် ၂၀ ရာခိုင်နှုန်း သုံးသောင်းအရင်ပေးရမယ်။ နှစ်သိန်းရတယ်ဆိုရင် လေးသောင်းပေးရမယ်။ အလုပ်ဆင်းပြီးလို့ ၁၀ ရက်၊ ၁၅ ရက်လောက်ဆိုရင် ရာခိုင်နှုန်း ၃၀ ထပ်ပေးရမယ်။ ရာခိုင်နှုန်း ၃၀ ကို လောလောဆယ်ပေးစရာမရှိဘူးဆိုရင် လုပ်ငန်းရှင်က ခဏစိုက်ပေးမယ်။ ဒါပေမဲ့ လကုန်ရင်တော့ ကိုယ့်ရဲ့လစာထဲက ဖြတ်ခံရမှာပေါ့။ လစာရဲ့တစ်ဝက်ကိုယူထားတဲ့အတွက် ရက် ၇၀ အတွင်း အာမခံတယ်။ ရက် ၇၀ အတွင်း ဒီကသွင်းပေးတဲ့ အလုပ်မှာ အဆင်မပြေဘူးဆိုရင် ပြန်လာခဲ့။ အခြား အလုပ်တွေ ထပ်ရှာပေးမယ်။ အဲဒီအခါကျရင် ထပ်ပေးဖို့ မလိုတော့ဘူး” လို့ သူကပြောပါတယ်။

ဆိုလိုတာက အဲဒီအေဂျင်စီကနေ အလုပ်လျှောက်လို့ရခဲ့ပါက ပထမဆုံးရတဲ့ လစာရဲ့ တစ်ဝက် ရာခိုင်နှုန်း ၅၀ ကို အလုပ်သမားက ဝန်ဆောင်ခအဖြစ် ပေးရမယ့်သဘောပါ။

ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီတွေအနေနဲ့ ဝန်ဆောင်ခနဲ့ ပတ်သက်ပြီး  အလုပ်သမားတွေဆီက ဝန်ဆောင်စရိတ် အခကြေးငွေ ရယူခြင်းမပြုလုပ်ဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ၂၀၁၉  ဇွန် ၄ ရက်က အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အေဂျင်စီတွေအနေနဲ့ အလုပ်ရှင်ဆီကသာ အလုပ်သမားရမယ့် လစာတစ်လစာထက် မပိုတဲ့ဝန်ဆောင်ခ ကောက်ခံနိုင်ကြောင်းနဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူမှာဖြစ်တယ်လို့ အသိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်တဲ့အသိပေးချက်အပေါ် ပြည်တွင်းနာမည်ကြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုရဲ့ မန်နေးဂျင်းဒါရိုက်တာက “ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာအပေါ် ကျွန်တော်တို့ ကန့်ကွက်ဖို့မရှိပါဘူး။ ကောင်းပါတယ်။ ကျွန်တော်တို့က နဂိုကတည်းက အလုပ်ရှာတဲ့သူအပေါ် တစ်ပြားမှမယူဘူးလေ။ လူတွေက နားလည်မှုလွဲနေတာ။ ကျွန်တော်တို့က စေတနာကြေး၊ မေတ္တာကြေးဆိုပြီး လက်မှတ်ထိုးပြီးယူတာ။ စေတနာမရှိရင် မပေးနဲ့သဘောပါ။ ငါးထောင်ယူတယ်ဆိုတာကလည်း အင်တာဗျူးမလာမှာစိုးလို့ ခဏယူထားတာ။ ပြန်ပေးတယ်။ ဘဏ်တစ်ခုဆိုရင်ဗျာ သင်တန်းပေးရင် လေးသိန်းတောင်းတယ်။ သူ့ဆီမှာ သုံးနှစ်မလုပ်ရင် အဲဒီလေးသိန်းမပေးတော့ဘူး။ လုပ်ငန်းတစ်ခု ခိုင်မာဖို့အတွက် တစ်စုံတစ်ခုကို ယူထားလို့ရတဲ့ ဥပဒေရှိတယ်။ နောက်ဆုံး ငါးထောင်ကိုတောင် မယူနဲ့ဆိုရင် ကျွန်တော်တို့လည်း မယူတော့ပါဘူး” လို့ ပြောပါတယ်။

အေဂျင်စီတွေအနေနဲ့အလုပ်သမားတွေဆီက ဝန်ဆောင်ခကောက်ခံခြင်း မပြုရဘူးလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးစာထုတ်ပြန်တဲ့ ဇွန် ၄ ရက် နောက်ပိုင်းမှာလည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကုမ္ပဏီအချို့က အလုပ်သမားတွေဆီက ဝန်ဆောင်ခ ဆက်လက်ကောက်ခံနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

နယ်ကနေ ပြောင်းရွှေ့လာပြီး ရန်ကုန်မှာ အလုပ်လုပ်နေသူ မမီးလေး(အမည်လွှဲ) ကတော့ ဇွန် ၁၀ ရက်မှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကုမ္ပဏီတစ်ခုက ချိတ်ဆက်ပေးတဲ့ အလုပ်ရခဲ့လို့ ဝန်ဆောင်ခအဖြစ် လစာရဲ့ တစ်ဝက်တိတိကို ပေးခဲ့ရတယ်လို့ ပြောပါတယ်။

“နယ်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ ရန်ကုန်တက်ပြီး အလုပ်လုပ်ခဲ့ရတာ။ အဲဒါ ကိုယ်ရတဲ့လစာရဲ့ တစ်ဝက်တိတိကို ခွဲပေးရတာ နှမြောတယ်” လို့ ဝန်ဆောင်ခစရိတ်ပေးသွင်းခဲ့ရသူ မမီးလေးက ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ သူတို့အေဂျင်စီတွေကတစ်ဆင့် အလုပ်လျှောက်တဲ့ အလုပ်သမားတွေဆီက ဝန်ဆောင်ခက ကောက်ခံတာဟာ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အသိပေးစာကို ချိုးဖောက်ရာရောက်တဲ့အတွက် ဝေဖန်မှုတွေ ရှိလာပါတယ်။

ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုကို အလုပ်အကိုင်ရှာဖွေရာမှာ ဝန်ဆောင်ခနှုန်းထား သတ်မှတ်ထားမှုအပေါ် စုံစမ်းမေးမြန်းခဲ့ရာမှာတော့ ဝန်ဆောင်ခပေးစရာ မလိုဘူးလို့ ပြောပေမယ့်လည်း အလုပ်သမားရဲ့ ပထမဆုံးလစာကနေ အရစ်ကျခွဲဝေပေးရမယ်လို့ ပြောပါတယ်။

“ညီမတို့အေဂျင်စီက ဝန်ဆောင်ခလို့တော့ ယူတာမဟုတ်ဘူး။ ဒါပေမဲ့ အစမ်းခန့်ကာလ သုံးလရဲ့ ပထမဆုံးလစာမရတဲ့ ပုံစံပေါ့။ ဥပမာ ပထမဆုံးရတဲ့ လစာက လေးသိန်းခွဲရတယ်ဆိုရင် အစ်ကို့ကို လေးသိန်းပဲ ပေးမယ်။ ညီမတို့က ငါးသောင်းဖြတ်တယ်။ အဲဒီလိုဖြတ်တာက တစ်လစာပြည့်တဲ့အထိ လစာထဲက ဖြည်းဖြည်းချင်း ဖြတ်သွားမှာ။ ပြောရမယ်ဆိုရင် ဖြည်းဖြည်းချင်း တစ်လစာ ပြန်ယူတဲ့ပုံစံမျိုးပေါ့” လို့ အဲဒီကုမ္ပဏီက ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။

အလုပ်သမားတွေအပေါ် အေဂျင်စီတွေက ဝန်ဆောင်ခကောက်ခံခဲ့ရင် သက်သေအထောက်အထားများနှင့်တကွ တိုင်ကြားနိုင်ပြီး အရေးယူသွားမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ပြောပါတယ်။

“တိုင်တဲ့သူရှိရင် ကျွန်တော်တို့က စစ်ဆေးအရေးယူမယ်။ တိုင်တဲ့သူမရှိရင်တော့ ကျွန်တော့တို့ ဘယ်လိုသိမလဲ။ ဒါကြောင့် ဝန်ဆောင်ခယူတဲ့ အေဂျင်စီကို တိုင်ကြပါ။ Complaint Mechanism ရှိတယ်။ သက်ဆိုင်ရာမြို့နယ် ရုံးတွေမှာလည်း တိုင်လို့ရတယ်။ တိုင်သာတိုင်ကြပါ။ တိုင်တဲ့သူရှိရင်တော့ စစ်ဆေးအရေးယူပေးမယ်” လို့ ဦးအောင်ဌေးဝင်းက ပြောပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဝန်ဆောင်ခကောက်ခံတဲ့အေဂျင်စီတွေကို နစ်နာတဲ့အလုပ်သမားတွေ လာရောက်တိုင်ကြားမယ်ဆိုရင် အရေးယူပေးမယ်လို့ ပြောပေမဲ့ တကယ်ဖြစ်သင့်တာက ဝန်ဆောင်ခ ကောက်မကောက် အေဂျင်စီရုံးတွေကို ရှောင်တခင်အသွင်ယူပြီး ဝင်ရောက်စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြမှုတွေကလည်း ရှိနေပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအားလုံး အလုပ်သမားတွေဆီက ဝန်ဆောင်ခ ကောက်တာမျိုးတော့ မဟုတ်ပါဘူး။ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အသိပေးစာအတိုင်း လုပ်ဆောင်နေတဲ့ အေဂျင်စီတွေလည်း ရှိနေပါတယ်။

“ကျွန်မတို့ အေဂျင်စီက အလုပ်လျှောက်လို့ အလုပ်ရခဲ့မယ်ဆိုရင် ဝန်ဆောင်ခ ပေးစရာမလိုဘူး။ အလုပ်သမားတွေဘက်က ပိုက်ဆံမယူပါဘူး။ အလုပ်ရှင်ဆီကပဲ ယူတာပါ။ အလုပ်သမားဆီကလည်း ပိုက်ဆံကောက်လို့မရပါဘူး။ ကောက်ခဲ့ရင်လည်း ဥပဒေအရ အရေးယူခံရနိုင်တယ်လေ။ ဒါကြောင့် ကျွန်မတို့အေဂျင်စီက အလုပ်လျှောက်မယ်ဆိုရင် ဝန်ဆောင်ခ လုံးဝပေးစရာမလိုပါဘူး” လို့ လှိုင်မြို့နယ်ဖွင့်လှစ်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက အလုပ်လက်မဲ့ လူငယ်လူရွယ်တွေအတွက် အဓိကအားထားရာတစ်ခု ဖြစ်နေပါတယ်။ ဒီလိုအလုပ်လက်မဲ့တွေကို အလုပ်ရှာပေးမယ်ဆိုရင် လုပ်ငန်းရှင်ဆီက အလုပ်သမားရမယ့် တစ်လစာအထိ ဝန်ဆောင်ခ ကောက်ခံခွင့်ကို ခွင့်ပြုထားပြီးသားပါ။ ဒါပေမဲ့ အေဂျင်စီအချို့တော့ လုပ်ငန်းရှင်ဆီကရော အလုပ်သမားဆီကပါ ဝန်ဆောင်ခ ကောက်ခံနေတာကို စုံစမ်းသိရှိခဲ့ရပါတယ်။ 

ဒီလိုအေဂျင်စီတွေ ဝန်ဆောင်ခ ကောက်နေတဲ့အပေါ် အလုပ်သမားဝန်ကြီးဌာနက တိုင်မယ့်သူရှိမှ အရေးယူမယ်ဆိုရင် တိုင်သူမရှိပါက အရေးမယူတော့ဘူးလားဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အလုပ်အကိုင်မရှိ ဝင်ငွေမရှိလို့ ပိုက်ဆံရဖို့အတွက် အလုပ်စလုပ်တဲ့လူဆီက လစာရဲ့ တစ်ဝက်တိတိ ဒါမှမဟုတ် တစ်လစာကို အရစ်ကျနဲ့ ဝန်ဆောင်ခအဖြစ် ကောက်ယူတာဟာ ခေါင်းပုံဖြတ်ခံတာနဲ့တူတယ်တယ်လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ဝန်ဆောင်ခပေးခဲ့ဖူးတဲ့ မမေသဇင်ထွန်း(အမည်လွှဲ)က ဆိုပါတယ်။

“တကယ်ဆို အလုပ်သမားတွေဆီက ပိုက်ဆံမယူသင့်ဘူး။ သူတို့အေဂျင်စီက ရှာပေးလို့ အလုပ်ရတာကြောင့် နည်းနည်းပါးပါး ပေးရတာဆို တော်သေးတယ်။ ပထမဆုံးရတဲ့လစာကို တစ်ဝက်ခွဲပေးရတာတော့ ခေါင်းပုံဖြတ်ခံရသလို ခံစားရတယ်” လို့ မမေသဇင်ထွန်းက မှတ်ချက်ပြုပါတယ်။                                                                           

 

Most Read

Most Recent