အဂတိလိုက်စားမှု များပြားလွန်းသော ဂွါတီမာလာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ

အဂတိလိုက်စားမှု များပြားလွန်းသော ဂွါတီမာလာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ
Published 16 June 2019
နရီမင်း

အဂတိလိုက်စားမှုများ များပြားလွန်းလှ၍ စိတ်ပျက်နေကြသော ဂွါတီမာလာနိုင်ငံသားများသည် ဇွန် ၁၆ ရက်တွင် သမ္မတသစ်ကို ရွေးချယ်ရန် မဲပေးကြရမည်ဖြစ်သည်။ ရေပန်းစားသည့် သမ္မတလောင်းနှစ်ဦး ပိတ်ပင်ခံခဲ့ရပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို တရားစွဲဆိုရသူ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး အသက်အန္တရာယ်ကြောင့် နိုင်ငံမှ ထွက်ပြေးသွားခဲ့ရသည့် မုန်တိုင်းထန်သော မဲဆွယ်ပွဲကာလ ပြီးဆုံးပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

ဒုစရိုက်ဂိုဏ်းတို့၏ အကြမ်းဖက်မှုများ၊ ဆင်းရဲမွဲတေမှုနှင့် အမေရိကန်သို့ ရွှေ့ပြောင်းအခြေချသူများ တဖွဲဖွဲထွက်ခွာမှုတို့သည် ဗဟိုအမေရိကတိုက်၏ လူဦးရေအထူထပ်ဆုံး နိုင်ငံ၌ မဲဆွယ်ပွဲများအပေါ် အရိပ်မိုးထားခဲ့သည်။ ရာထူးမှ ထွက်ခွာတော့မည့် သမ္မတဂျင်မီမိုရေး၏နေရာကို ဆက်ခံရန် ပြိုင်ဆိုင်မည့် သမ္မတလောင်းအရေအတွက်သည် ၁၉ ဦးအထိ များပြား၍နေသည်။

ဂွါတီမာလာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသည့် ထိပ်တန်းပုဂ္ဂိုလ်နှင့် ရှေ့နေချုပ်ဟောင်း သယ်မာအယ်ဒါနာသည် ယင်းသမ္မတလောင်းများထဲ၌ ပါဝင်ခြင်းမရှိပေ။ အဆိုပါ အမျိုးသမီးသည် လူထုထောက်ခံမှု အကြီးအကျယ်ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း လွန်ခဲ့သည့်လက ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံလိုက်ရသည်။ သူသည် အစိုးရရှေ့နေအဖြစ် ဆက်တိုက်ဆောင်ရွက်ခဲ့ချိန်မှစ၍ မူမမှန်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းဖြစ််သည်။

095239-01-02.jpg

 ဇွန် ၁၆ ရက်က ဂွါတီမာလာစီးတီးဆင်ခြေဖုံးတစ်ခု၌ UNE ပါတီမှ ဆန်ဒရာတောရက်စ်(ယာ)က သူ့အား ထောက်ခံသူများကို နှုတ်ဆက်နေစဉ်

လုပ်ငန်းရှင်နှင့် သမ္မတကတော်ဟောင်း ဆန်ဒရာတောရက်စ် (၆၃ နှစ်)က ရွေးကောက်ပွဲ၌ ရေပန်းအစားဆုံးဖြစ်နေပြီး ရွေးကောက်ပွဲအကြို ထင်မြင်ချက်စစ်တမ်းများတွင် အသက် ၆၃ နှစ်အရွယ်ပင်ရှိသည့် ဒုတိယနေရာမှ အယ်လီဂျန်ဒရိုဂီယမ်မက်တေးအား အပြတ်အသတ် အသာရနေကြောင်း တွေ့ရှိရသည်။

ဗဟိုလက်ဝဲယိမ်း Unity Of Hope (UNE) ပါတီ၏ သမ္မတလောင်း တောရက်စ်သည် နောက်ဆုံးစစ်တမ်းများ၌ မဲဆန္ဒရှင်များ၏ ဦးစားပေးမှုတွင် ၂၂ ရာခိုင်နှုန်းကျော် ရရှိပြီး ကွန်ဆာဗေးတစ်ဖြစ်သော Vamos ပါတီမှ ဆရာဝန်တစ်ဦးဖြစ်သူ ဂီယမ်မက်တေးက ၁၁ ရာခိုင်နှုန်းသာ ရရှိသည်။

သို့သော် ဇွန် ၁၆ ရက် ရွေးကောက်ပွဲ၌ ၎င်းတို့နှစ်ဦးစလုံးသည် သြဂုတ် ၁၁ ရက်၌ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် အပြတ်အသတ် အနိုင်ရရှိနိုင်ဖွယ်မရှိပေ။

ဗဟိုအမေရိကတိုက်နိုင်ငံ၏ သမ္မတကတော်အဖြစ် ရှိခဲ့သည့် နှစ်များကတည်းက ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည့် တောရက်စ်သည် ရွေးကောက်ပွဲ ဒုတိယအကျော့၌ ရုန်းကန်ရဖွယ်ရှိသည်ဟု သုံးသပ်သူများက ယုံကြည်ကြသည်။ သူတို့က တောရက်စ်အား ယှဉ်ပြိုင်ရန် ဂီယမ်မက်တေးအနေဖြင့် ကွန်ဆာဗေးတစ်တို့၏ မဲများကို စုစည်းနိုင်စွမ်းရှိလိမ့်မည်ဟုလည်း ယုံကြည်နေသည်။

တတိယနေရာကို လုကြရမည့် အခြားကိုယ်စားလှယ်လောင်း သုံးဦးအနက် တိုင်းရင်းသားအမျိုးသမီးတစ်ဦးဖြစ်သော သယ်မာကာဘရီရာလည်း ပါဝင်နေသည်။ သူသည် မဲဆွယ်ပွဲကာလ ပြီးဆုံးကာနီး နောက်ဆုံးအဆင့်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

ဂွါတီမာလာနိုင်ငံ၏ မဲဆန္ဒရှင် ရှစ်သန်းသည် ကွန်ဂရက်နှင့် မြူနီစပယ်ရွေးကောက်ပွဲများအတွက်လည်း ဇွန် ၁၆ ရက်တွင် မဲပေးကြရမည်ဖြစ်သည်။ တောရက်စ်၏ UNE ပါတီကို ထောက်ခံမှုများလိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း အမတ်နေရာ ၁၆၀ ကို ပါတီပေါင်းများစွာ မျှယူရဖွယ်ရှိသောကြောင့် သတ်မှတ်အမတ်အရေအတွက် ရရှိနိုင်ဖွယ်မရှိပေ။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အာဏာရရှိခဲ့သော ကွယ်လွန်သူ သမ္မတဟောင်း အယ်ဗာရိုကိုလွန်း၏ ဇနီးဟောင်းဖြစ်သူ တောရက်စ်သည် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကတိပေးသည့်အပြင် အမေရိကန်သို့ ရွှေ့ပြောင်းအခြေချမှုများ များပြားနေခြင်းကို ရပ်တန့်စေရန် အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးမည်ဟု ဆိုသည်။ သူက ကိုယ်ဝန်ဖျက်ချခြင်းနှင့် လိင်တူလက်ထပ်ခြင်းတို့ကိုလည်း ဆန့်ကျင်မည်ဖြစ်ကြောင်း ကတိပြုထားသည်။

ဂီယမ်မက်တေးကမူ အကြမ်းဖက် ဒုစရိုက်ဂိုဏ်းများကို နှိမ်နင်းရန် အထောက်အကူပြုစေရေးအတွက် သေဒဏ်စီရင်မှုကို ပြန်လည်ကျင့်သုံးမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအခြေချမှုများ ရပ်တန့်စေရန် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှုများကို အမြစ်ဖြတ်မည်ဖြစ်ကြောင်းတို့ကို ကတိပေးထားသည်။

ကော်စတာရီကာ သမ္မတဟောင်း လူးဝစ်ဂီလာမို ဦးဆောင်သည့် အမေရိကနိုင်ငံများအဖွဲ့ OAS မှ စောင့်ကြည့်ကြီးကြပ်သူများက ရွေးကောက်ပွဲများကို အကြံပြု ကြီးကြပ်မည်ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် အားလုံးတို့၏ ခွင့်များကို ပယ်ဖျက်ထားပြီး ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀၀၀၀ တို့အား တပ်လှန့်ထားပြီး စစ်တပ်က အဓိက အဆောက်အအုံများနှင့် အကျဉ်းထောင်များကို စောင့်ရှောက်ရန် နေရာယူထားသည်။

မဲဆန္ဒနယ်မြေပေါင်း ၅၅ ခုထက်မနည်းတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။

ဂွါတီမာလာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုဖြစ်ပွားနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၈ ခုနှစ်အကုန်၌ လူပေါင်း ၁၀၀၀၀၀ လျှင် ၂၂ ဒသမ ၄ ဦးနှုန်း အသတ်ခံနေရသည်။

လူသတ်မှုများ၏ ထက်ဝက်ခန့်သည် မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုများနှင့် ပတ်သက်နေပြီး သြဇာကြီးသော ဒုစရိုက်ဂိုဏ်းများက ခြိမ်းခြောက်ငွေညှစ်မှု စစ်ဆင်ရေးများကို ဆောင်ရွက်ကြသည်။

သမ္မတများနှင့် ထိပ်သီးပုဂ္ဂိုလ်များ

ရုပ်သံလူရွှင်ဟောင်းတစ်ဦးဖြစ်သည့် မိုရေးသည် ၂၀၁၅ ခုနှစ်တွင် တောရက်စ်အား ဒုတိယအကျော့၌ အနိုင်ရရှိကာ အာဏာရခဲ့ပြီး ဂွါတီမာလာဥပဒေအရ သက်တမ်းတစ်ကျော့သာ ထမ်းဆောင်ခွင့်ရှိသောကြောင့် သမ္မတနေရာမှ ဆင်းပေးရတော့ မည်ဖြစ်သည်။

သူ၏ရှေ့မှ သမ္မတဖြစ်သူ အော့တိုပီးရက်စ်သည် အဂတိလိုက်စားမှုဖြင့် ထောင်ကျနေပြီး မိုရေးကိုယ်တိုင်လည်း တရားမဝင် မဲဆွယ်ပွဲရန်ပုံငွေ ရှာဖွေမှုအတွက် အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးမှုခံနေရသည်။

ယင်းစုံစမ်းစစ်ဆေးမှုကို အယ်ဒါနာနှင့် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြု ပေးထားသော ဂွါတီမာလာ၌ ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်မခံရသူများ ရှိနေခြင်းကို တိုက်ဖျက်ရေး နိုင်ငံတကာကော်မရှင် CICIG တို့က ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် ယခင်ကလည်း သမ္မတဟောင်းများ၊ ဝန်ကြီးများနှင့် လုပ်ငန်းရှင် ထိပ်သီးပုဂ္ဂိုလ်များကို ထောင်ထဲသို့ပို့ခဲ့သည်။

သတ်ဖြတ်ပစ်မည်ဟူသော ခြိမ်းခြောက်စာများကို ရရှိခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးသွားခဲ့သည့် အယ်ဒါနာက သူ့အား သမ္မတလောင်းစာရင်းမှ ထုတ်ပယ်ရန် သူက ထောင်ထဲထည့်ခဲ့သူများနှင့် ၎င်းတို့၏ မဟာမိတ်များ ပူးပေါင်းကြံစည်ခဲ့ကြကြောင်းနှင့် ၎င်းတို့က သူ့အား  ဖျက်မြင်းဟု မြင်ကြကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရသူ နောက်တစ်ဦးမှာ ကွယ်လွန်သူ အာဏာရှင်ဟောင်း အီဖရိန်းရီယိုမွန့်၏ သမီးဖြစ်သူ ဇူရီရီယိုဖြစ်သည်။ ရီယို၏ ဆွေမျိုးများကို သမ္မတအဖြစ် ယှဉ်ပြိုင်ပါဝင်ခြင်းမှှနေ၍  ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဇူရီရီယိုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး၌ မဲရုံများကို ပြင်ဆင်နေသည့် ယခုသီတင်းပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ တရားရုံး၏ တရားစွဲဆိုရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ် အော်စကာရှက်က သူနှင့် သူ၏ မိသားစုကို ခြိမ်းခြောက်မှုများအား ဖော်ပြလျက် သူ့ကိုလည်း နိုင်ငံမှ ထွက်သွားရန် ဖိအားပေးခဲ့ကြကြောင်း ပြောပြခဲ့သည်။

အချို့သော စစ်တမ်းများက ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်အထိ သမ္မတ တာဝန်ယူခဲ့သော ကွယ်လွန်သူ အယ်ဗာရိုအာဇူး၏ သားဖြစ်သူ ရောဘတ်တိုအာဇူးသည် တတိယနေရာရလိမ့်မည်ဟု ပြသလျက်ရှိသည်။

စကားကို တင်းတင်းမာမာပြောတတ်သော အာဇူးက သူရွေးကောက်ပွဲနိုင်ပါက ရာဇဝတ်ဂိုဏ်းသားများကို တောနင်းရှာဖွေမှု၌ လှန်မကြည့်သည့် ကျောက်တုံးတစ်တုံးပင် မရှိစေရဟု ဒုစရိုက်ဂိုဏ်းများအား သတိပေးထားသည်။ သူက ၎င်းတို့အား ရွေးချယ်စရာ တစ်ခုပေးမည်ဖြစ်ကြောင်း၊ ယင်းမှာ လက်နက်ချမည်လား သို့မဟုတ် ပွဲချင်းပြီး အသေခံမည်လားဟူ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent